ကလုံးနှင့် သူ၏ကိုယ်ပွားများ

ကလုံးနှင့် သူ၏ကိုယ်ပွားများ
Photo : Conversation
Photo : Conversation
Published 28 September 2019
မင်းချောမြင့်

သိပ္ပံပညာရှင်ကြီးဖြစ်ဖို့ တီထွင်မှုတစ်ခုကို ပြုလုပ်နေချင်ခဲ့တယ်။ ဘာတွေလိုအပ်လဲ ဆိုတာတော့ မသိ။ အသစ်အဆန်းတစ်ခု ဖန်တီးရရင် တော်ပြီ။ နည်းနာတချို့ကိုလည်း မတောက်တခေါက် လေ့လာထားပြီးပြီ။ ဖော် မြူလာတချို့ အသုံးချပြီး ဖန်တီးလိုက်ရင် လူအများ အံ့သြသွားစေရမယ့် တီထွင်မှုတစ်ခုတော့ ပြီးမြောက်သွားပြီ။ နိုင်ငံအရပ်ရပ်ကို တင်ပို့ ရောင်းချခွင့်ရပြီဆိုရင် မီလျံနာကြီး ဖြစ်ပြီ။ ကမ္ဘာအရပ်ရပ်က သိပ္ပံကွန့်ဖရင့်တွေ က ဖိတ်ကြားနေကြလို့ သူတို့စရိတ်နဲ့ ကမ္ဘာပတ်လို့ရ ပြီ။ ကမ္ဘာ့ခေါင်းဆောင်အသီးသီးက လက်ခံတွေ့ဆုံကြပြီး သူ့နည်းနာတချို့ကို လေးစားလက်ခံ လိုက်နာကြလို့ ကမ္ဘာကျော် ကဝိတစ်ဆူဖြစ်ပေပြီ။ ဝင်ငွေက ဒေါ်လာသန်း ထောင်ပေါင်းမကလို့ ငွေတွေ သိမ်းထားဖို့တောင် အခက်အခဲဖြစ်နေပြီ။ အကောင်းဆုံးတွေနဲ့ ခံစားစံစားနေရလို့ လူ့လောကကိုတောင် ငြီးငွေ့သလိုလို ဖြစ်နေပြီ။ ရံရွေတော်တွေရဲ့ ယုယမှုတွေကြောင့်လည်း အနေခက်တယ်။ ရွှေသလွန်ညောင်စောင်းထက်မှာ လူးလွန့်လို့ မပျော်။ မြင်းခြံဖက်ကြမ်းဆေးပေါ့ လိပ်လေး သောက်ချင်လာလို့ နိုးလာခဲ့တယ်။

လုပ်ငန်းကိုင်ငန်း လုပ်ဖို့အတွက် လေ့လာဖို့ စာအုပ်တချို့ကိုလည်း ဝယ်ယူခဲ့တယ်။ လုပ်ငန်းတိုးချဲ့ရင်ကုန်ကျမယ့် စရိတ်ပမာဏကိုလည်း ဘဏ်တစ်ခုနဲ့ ချိတ်ဆက်ပြီး ချေးငှားထားပြီးပြီ။ လုပ်ငန်းက လျှို့ဝှက်လုပ်ကိုင်ရ မှာဖြစ်လို့ လုပ်ကိုင်ရမယ့်နေရာကိုလည်း လျှို့ ဝှက်ထားရတယ်။ တီထွင်မှုမပြီးခင်ပေါက် ကြားသွားနိုင်လို့ အလုပ်သမားလည်း မခေါ်တော့။ ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်နိုင်ရလို့ လူအများနှင့် ဆက်ဆံရာမှာ သိုသိပ်ရတယ်။ မိတ်ဆွေတွေဆီ ကိုယ့်အိုင်ဒီယာ ပေါက်ကြားသွားနိုင်လို့ သူတို့ လာရောက် လည်ပတ်မှုကို လက်သင့်မခံတော့ဘူး။ အင်တာနက်သုံးရာကနေ ပေါက်ကြားသွားနိုင်လို့ လက်တွေ့အသုံးပြုနေတဲ့ လက်ပွတ်ဖုန်းကိုတောင် မီးရှို့လို့ ထုခွဲလိုက်တယ်။ အပြင်ကို ပေါက်ကြားနိုင်မည့် လမ်းကြောင်းတွေကို ပိတ်ထားနိုင်ပြီးလို့ တီထွင်စမ်းသပ်မှုကို စိတ် ချလက်ချလုပ်နိုင်ပေတော့မယ်။

စိတ်က ကူးနေခဲ့တာ ကြာပြီ။ အခြေအနေ မပေးသေးလို့သာ အချိန်ကာလတချို့ကို ရွှေ့ဆိုင်းလာခဲ့ရတယ်။ အရည်အချင်းတချို့ လိုအပ်ချက်တွေ ရှိနေသေးလို့လည်း လေ့လာ နေခဲ့ရသေးတယ်။ ဖြစ်နိုင်မဖြစ်နိုင် တွက်ဆ နေရလို့လည်း ခုလောက်ထိ ကြာမြင့်ခဲ့ရတာပဲ။ အများထက်ထူးဖို့ လိုအပ်လို့လည်း ဝမ်းစာ ပြည့်အောင် ဖြည့်နေရသေးတယ်။ မတော်တဆ ပေါက်ကွဲသွားနိုင်လို့လည်း ပြဿနာမတက်နိုင်အောင် လုပ်ထုံးလုပ်နည်းတချို့ကို လေ့လာထားရပြန်တယ်။ ဘက်စုံထောင့်စုံအောင် တွေးရတယ်။ လေ့ကျင့်ဖို့ လိုအပ်လို့လည်း အကြိမ်ကြိမ် လေ့ကျင့်ရတယ်။ တာရှည်ခံဖို့အတွက်လည်း ဆေးပညာနည်းနာတချို့ကို ယူရတယ်။ တိုင်းရင်းဆေးကျမ်းတွေက ကောင်းမယ့် နည်းနာတချို့ကို ယူရတယ်။ အဓိပ္ပာယ်ဖွင့်ဆိုမှု ရှင်းလင်းခိုင်မာစေဖို့အတွက် စာရေး ကောင်းတဲ့ ဆရာတချို့ရဲ့ ရေးနည်းတချို့ကို မှီးယူရတယ်။ လူအများရှေ့ လူလုံးပြဖို့ လိုအပ်နိုင်လို့လည်း ချောမောလှပအောင် ကြိတ်ကြံရတယ်။ အဖက်ဖက်က လိုအပ်တာတွေ ပြည့်စုံအောင် ဖန်တီးပြီးမှ လုပ်ငန်းစရပေမယ်။

တီထွင်မှုက သိပ္ပံဆန်ပေမဲ့ လိုရမယ်ရ ဗေဒင်လေးတော့ မေးရဦးမယ်။ အောင်မြင်ရာအောင်မြင်ကြောင်း နတ်ကနား ပေးချင် ပေးနေရဦးမှာ။ ဂျပန်က ဝယ်လာတဲ့ စက်ကို နတ်ပြရသလိုပေါ့။ ရိုးရာကိုင်မှာလည်း စိုးရသေးတယ်။ ကိုယ့်ဆန်းသစ်မှုကို နတ်ကိုင်နေ ရင် ခက်ရော့မယ်။ ဘာတွေနဲ့ကြောင့်မှ လမ်းကြောင်းတွေ သွေဖည်သွားလို့ မရနိုင်ဘူး။ ဒါကြောင့် ဆုတောင်းတန်သည် ဆုတောင်း၊ ယတြာချေစရာရှိ ချေလို့ပေါ့လေ။ အောင်မြင်စေဖို့ နည်းလမ်းပေါင်းများစွာနဲ့ အားထုတ်ပြီးတော့ လုပ်ရမှာပဲ။ အပြင်လောကမှာလည်းပဲ ကပ်သင့်တဲ့နေရာကပ်၊ ဖားသင့်တဲ့သူ ဖားကြရတာပဲ။ လုပ်ငန်းကိုင်ငန်း အဆင်ပြေဖို့ပဲလိုတာ။ ငါးလေးတွေ သက်စေ့လွှတ်ဆို လွှတ်မယ်။ ကြက်အရှင်ကိုမှ လွှတ်ပါဆိုလည်း လွှတ်ရမှာပဲ။ ဒီအရပ် မသွားနဲ့လို့ ဗေဒင်က ဟောထားရင်လည်း ဝေးဝေးက ရှောင်ရမယ်။ ဘာနာမ် ညာနာမ်က ခိုက်တတ်တယ်ဆိုရင် လည်း တီထွင်မှု အောင်မြင်ဖို့အတွက် အဲဒီ နာမ်တွေကို ဂရုစိုက်ပြီး ဖယ်ရမှာပဲ။

တီထွင်မှုက ထူးထူးထွေထွေတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ကိုယ်ပွားကလုံးတစ်ခု ပြုလုပ်ဖို့ပါပဲ။ ရုပ်ရည်ကအစ အသံနေအထားအထိ ကိုယ်နဲ့ တစ်ပုံစံတည်းဖြစ်အောင် ဖန်တီးရမယ်။ အကောင်းဆုံးဗီဇတွေကို စုပြီး အကောင်းဆုံး ဦးနှောက်ကို ကိုယ်ပွားကလုံးလေး ထဲ ထည့်ပေးရမယ်။ စာမေးပွဲတွေ ဘာတွေ ဖြေစရာရှိရင် သူ့ကို စာကျက်ခိုင်းပြီး ဖြေခိုင်းရမယ်။ ဒါမှ အမှတ်ကောင်းမှာ။ ဝိုင်းကောင်း လို့ ဖဲရိုက်တိုင်း နိုင်အောင်လည်း ဖဲခိုးနည်းတွေ သင်ထားပေးဦးမှာ။ ပေါင်းတတ်၊ သင်းတတ်၊ ဖားတတ်အောင်လည်း ဗီဇကို ထူးခြားအောင် ပြင်ပြီး ထည့်ပေးမယ်။ သူများကို အသုံးချပြီး ကွက်ကျော်ရိုက်တတ်အောင်လည်း ပါရဂူမြောက်တဲ့ ဗီဇကို ထည့်ထားမယ်။ ဂရုဏာ သက်နေတဲ့ မျက်နှာထားမျိုးနဲ့ သူတစ်ပါးအပေါ် မေတ္တာတရား ကြီးမားစွာထားကြောင်း ဓာတ်ပုံအရိုက်ခံတတ်အောင်လည်း လုပ်ရဦးမယ်။ ကတုံးပေါ် ထိပ်ကွက်တတ်တဲဉာဏ်က မပါမဖြစ်ပေါ့။ သူတစ်ပါး အားနည်းချက်ကို တစ်ဖက်လှည့်နဲ့ နင်းပြီး နေရာယူတတ်တဲ့ အကျင့်ကို မဖြစ်ဖြစ်အောင်ထည့်မယ်။ ကိုယ် ခံနေရပြီဆိုရင် သနားဖွယ် ကုန်းအော်တတ်တဲ့ ဗီဇကိုတော့ မသိလိုက် မသိဘာသာ ထည့်မယ်။ အပြစ်လုပ်မိလို့ အများက မိသွားရင် ကိုယ်ပဲ မလုပ်သလိုနဲ့  မျက်နှာပြောင်တိုက်ရဲတဲ့ ဗီဇကိုလည်း ထည့်မယ်။ ကိုယ့်ကို ကြောက် လန့်နေသူတွေ ပိုပြီး လန့်သွားအောင် ခြောက်လှန့်တတ်ရမယ်။ အာဏာပါ၀ါတွေ သုံးပြီး ကိုယ့်ဘက်ယက်တတ်တဲ့ ဗီဇစိတ်ကိုလည်း ထည့်ဖြစ်အောင် ထည့်ပါမယ်။

အလုပ်တစ်ခုမှာ သူ့ဘာသာ ဦးတည် ချက်တွေကတော့ ရှိနေကြပြီးသားပါ။ အင် နားရှားသဘောတရားအရဆို  “ရပ်နေသည့် အရာဝတ္ထုများသည် ဆက်၍ ရပ်တည်နေပါမည်”တဲ့။ ရပ်တန့်နေတာတောင်မှ ရွေ့နေရ ခြင်းတစ်မျိုးပါတဲ့။ ရည်ရွယ်ချက်ရှိတယ်ဆို တာကို ဆိုချင်တာဖြစ်ပါလိမ့်မယ်။ ကျွန်တော် တီထွင်မှုပြုချင်နေတဲ့ ပုံတူရုပ်ပွားတွေဖန်တီး နေချင်တာဟာ ကျွန်တော့်ရဲ့ ရေရှည်အကျိုး စီးပွားအတွက်ပါပဲ။ ကျွန်တော် မလုပ်ရဲမကိုင်ရဲ ဖြစ်နေတဲ့အခါမျိုးမှာ ကိုယ်ပွားတွေထဲက တစ်ယောက်ယောက်ကို ခိုင်းမယ်။ နောက်အလုပ်တစ်ခု ပေါ်လာပြီဆိုရင် နောက်ထပ် ကိုယ်ပွားတစ်ယောက်ကို ခိုင်းမယ်။ ခိုင်းချင်တာ ခိုင်းလို့ရအောင် ကိုယ်ပွားတွေ အများကြီး ပွားထားရမယ်။ စိတ်ကူးတွေယဉ်တာတောင် ကိုယ်ပွားတွေ အများကြီးရှိတဲ့ကောင်ဆိုပြီး ကြံဖန်တွေးပြီး ဘဝင်တောင် မြင့်ချင်သလိုဖြစ် လာတယ်။ ကိုယ်လိုချင်တဲ့ ဗီဇအမျိုးမျိုးကို ကောင်းသထက် ကောင်းအောင် ဖန်တီးထား တာဆိုတော့ ရည်ရွယ်ထားတာတွေနဲ့ ကွက်တိ။ တစ်ခုတော့ ပြောစရာရှိသေးတယ်။ ကိုယ့်ကိုယ်ပွားတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိသေးဘူး။ မှေးခနဲ အိပ်ပျော်သွားတယ်။

ကိုယ်နဲ့ ရုပ်တူနာမ်တူ အမြောက်အမြား ထုတ်လုပ်မိခဲ့တယ်။ တချို့ကောင်တွေ အစစ် ဖြစ်တဲ့ ကျွန်တော့်ထက်တောင်မှ အစစအရာရာ အများကြီးသာနေတယ်။ သူတို့ ရောက်သွားလေရာ နယ်ပယ်မှာ နာမည်တွေ ကျော်ကြားလာကြတယ်။ ကိုယ့်ကို ပုံစံပွားထားတော့ ကျွန်တော့်နာမည်ကိုပဲ ခံယူရမှာပဲ။ နာမည် ကြီးတော့ ကျွန်တော့်နာမည်ပေါ့။ ကြီးလာတဲ့ နာမည်နဲ့ ကျွန်တော် လုပ််စားရမှာ။ သူတို့ တခြားအမည်နာမ ပြောင်းလဲခွင့် မရှိဘူး။ ကျွန်တော် နာမည်ရလာဖို့ ဝင်ငွေဖြောင့်လာဖို့ သူတို့ကိုယ်ခွဲတွေအဖြစ် ဖန်တီးခဲ့ရတာ။ ကိုယ် ပွားတွေမှာ အုပ်စုသုံးလေးမျိုးလောက်တော့ ရှိကြတယ်။ ဖန်တီးစဉ်ကာလကတည်းက အာဟာရ ပြည့်ပြည့်စုံစုံနဲ့ ဖန်တီးမိခဲ့တဲ့ ကောင်တွေကျတော့ ဉာဏ်ရည်မြင့်တယ်။အတွေးအခေါ် ရှိကြတယ်။ မှားလား မှန်လား ဆန်း စစ်တတ်တဲ့ ဉာဉ်ကလည်းရှိကြတော့ တော်တော်တန်တန် အမိန့်မျိုးဆို သူတို့က မလိုက်နာချင်ကြဘူး။ ကျွန်တော် ခိုင်းတဲ့အတိုင်း မလုပ်ချင်ကြဘူး။ သူတို့ဘာသာ လမ်းသစ်ထွင်ပြီး သွားချင်ကြသေးတယ်။ ကျွန်တော့် အမိန့်ကို ဖီဆန်ချင်သလို လုပ်နေတယ်။ ကျွန်တော့်ကိုယ်ပွားဆိုပေမဲ့ ဒီအုပ်စုက ဉာဏ်ရည် က လူအစစ်ဖြစ်တဲ့ ကျွန်တော့်ထက်တောင်မှ သာသလိုလိုတောင် ဖြစ်နေတော့ သူတို့အုပ်စု ကို အမြဲသတိထားနေရတယ်။

နောက်ဆုံးအုပ်စုကတော့ ခပ်အေးအေး ခပ်အအ။ ကျွန်တော် ခိုင်းတဲ့အတိုင်း လုပ်တယ်။ သွေးအေးတယ်။ လက်ရဲဇက်ရဲလုပ်တယ်။ တွေးတောစဉ်းစားမှု မပါဘူး။ စွန့် စားရမှာကို ကြိုက်တယ်။ လူမိုက်ဗီဇက အ ပြည့်ပါလာတာဆိုတော့ မိုက်တဲ့ဂုဏ်ကို အလံ ထူပြီးသား။ လုရမှာလည်း မကြောက်။ တိုက်ရ မှာလည်း မကြောက်ဘူး။ ကျွန်တော် ပြောလိုက်တာနဲ့ သူတို့က လုပ်ပြီးသားပဲ။ အထွန့် မတက်ဘူး။ သူတို့ကို ခိုင်းစားရတဲ့ကောင်ကတော့ ဆရာကြီးလုပ်နေရုံပဲ။ တပည့်တပန်း တွေက လက်စောင်းထက်နေပြီဆိုရင် ဆရာ လုပ်တဲ့သူလည်း ပါ၀ါတွေ ဘာတွေ ပြလို့ရပြီ။ မကျေနပ်တဲ့ကောင်ဆို လက်ညှိုးလေး ထိုးလိုက်ရုံပဲ။ အောက်မေးတောင် လှုပ်စရာမလိုဘူး။ အဲလောက်ထိ မိုက်တဲ့ဘက်ကဆိုရင် စိတ်ချရတယ်။ တစ်ခုဆိုးတာက ဘာမှ စဉ်းစားတွေးတောတတ်တာ မပါဘူး။ ပြီးတော့ သူတို့ ကျွန်တော့်ကိုယ်ပွားအချင်းချင်းကျတော့ ခင်မင်ရင်းစွဲရှိတယ်။ တိုင်တိုင်ပင်ပင် ရှိကြတယ်။

ကျွန်တော့်ပုံတူကိုယ်ပွားတွေထဲက အလယ်အလတ်အုပ်စုကတော့ မလွယ်ကြောပဲ။ ဒီကောင်တွေက စည်းရုံးရေးကောင်းတဲ့ ဗီဇရှိတယ်။ နားဝင်အောင် ပြောနိုင်တယ်။ သူတို့ဘက် ပါလာအောင် အရမ်းလုပ်တတ်တယ်။ မြှောက်ပေးတတ်တယ်။ လော်ဘီလုပ်တတ်တယ်။ အဆင်းကို ဘီးတပ်ပေးချင်တယ်။ နောက်ကျော ဓားနဲ့ ထိုးဖို့ရာ ဝန်မလေးဘူး။ဉာဏ်နီဉာဏ်နက် များတယ်။ သူတို့ အဆင်ပြေဖို့ဆို ဘနဖူး သိုက်တူးမယ့် အဲလိုကောင်တွေ သွားစုနေတာ။ ကျွန်တော် ခိုင်းတာတော့ လုပ်မယ်ထင်တာပဲ။ ပင်ကိုမူရင်း ကျွန်တော့်လောက် မတွေးခေါ်တတ်လို့သာ ကျွန်တော့်ကို ဆရာတင်ထားရတဲ့ပုံ။ အလယ်အလတ် အုပ်စုကတော့ လန့်နေရတဲ့ အဖွဲ့ပါပဲ။

ခုတစ်လော သူတို့ ဘာတွေကြိတ်ကြံ နေကြလဲ မသိဘူး။ သူတို့အုပ်စုအချင်းချင်း တိုးတိုးတိုင်ပင်နေကြတာမြင်တယ်လို့ ကျွန်တော့်သတင်းပေးတွေက သတင်းပေးကြတယ်။ ကိုယ့်ပုံတူကိုယ်ပွားတွေ မွေးထားရပေမဲ့ သူတို့စိတ်ထဲ ဝင်အုပ်ချုပ်လို့မရတော့ ကိုယ်ယုံ ရမယ့် ပုံတူကိုယ်ပွားတချို့ကို သတင်းပေးအဖြစ် မွေးထားရတယ်။ ဒါမှ သတင်းဦး သတင်းထူးကရမှာ။ သူတို့ ဘာလုပ်နေလဲ သိမှ ကိုယ်က အုပ်ချုပ်လို့ ရမယ်။ ကိုယ့်စကား နားမထောင်တဲ့သူဆို အပြစ်ပေးသင့်တာပေးပေါ့။ ခုလည်း သတင်းတစ်ခုက အခိုင်အမာရထား ပြီးပြီ။ အလယ်အလတ်ကောင်တွေက စတင်လိုက်တာပဲ။ ပထမအုပ်စုက ကျွန်တော် စေခိုင်းတာတွေကို မကြိုက်ချင်ဘူး။ ဒါကို အလယ်အလတ်အုပ်စုက သိတယ်။ သူတို့က မလုပ်ရဲတဲ့ကောင်တွေဆိုတော့ ပထမအုပ်စုကို မြှောက်ပေးတယ်။ ဘိတ်ချေးကကောင်တွေကိုလည်း သူတို့နဲ့ ပါဖို့ အတင်းဝင်ရော၊ စည်းရုံးထားတော့ အင်အားက တော်တော်တောင့် နေပြီ။ အချိန်အခါကိုပဲ စောင့်နေကြရတဲ့ပုံ။ပိုင်တာနဲ့ ချတော့မယ်ထင်တယ်။ သူတို့  ကြိတ်ကြံနေတာက သူတို့ကို အမိန့်ပေးစေခိုင်းနေတဲ့ သူတို့ရဲ့ ပင်ရင်းကြီး ကျွန်တော့်ကို လက်စဖျောက်ဖို့ဆိုပဲ။

သူတို့အကြံအစည်တွေ အကောင်အထည်မပေါ်ခင် ကျွန်တော့်စီမံကိန်းကို ဖျက်မှဖြစ်မယ်။ မဟုတ်ရင် သူတို့က ကျွန်တော့်ကို လက်စဖျောက်လိုက်ပြီး ကျွန်တော့်ရုပ်နဲ့ နာမည် ယူသုံးပြီးတော့ လုပ်စားနေကြတော့မယ်။ လူကိုပါ အစဖျောက်ရုံတင်မကဘူး ကျွန်တော့် နာမည်ကိုပါ ဒင်းတို့က လုပ်ချင်သလို လုပ်ကြတော့မှာ ကျွန်တော် သိနေတယ်။ ကျွန်တော် ဘာလုပ်ရရင် ကောင်းမလဲ။ တွေးရင်း ရေတောင် ငတ်လာတယ်။ နောက်ဆုံး မလုပ်မ ဖြစ်တဲ့ အလုပ်တစ်ခု လုပ်လိုက်တယ်။ သူတို့ရဲ့ ပုံတူပင်ရင်း ကျွန်တော်ဟာ သူတို့အုပ်စုတွေ ထဲမှာ အတူတူနေနေတဲ့အကြောင်း၊ ဘယ်အုပ်စုမှာလဲတော့ မသိတဲ့အကြောင်း၊ တစ်ယောက်ချင်းစီကို တိတ်တဆိတ် လုပ်ကြံမယ့် အကြောင်း သတင်းလွှင့်လိုက်တယ်။ မကြာပါဘူး။ သူတို့အချင်းချင်းချကြလို့ ကျွန်တော့် ပုံတူကိုယ်ပွားတွေအများကြီး မသာပေါ်ကုန်ကြပြီ။ နောက်ဆုံးကျန်တဲ့ တစ်ယောက်က ကျွန်တော့်ဆီ ဓားကြီး ကိုင်ပြီး ပြေးလာတယ်။ကျွန်တော်ကလည်း ဘာရမလဲ။ အိပ်မက်ပါလို့ လန့်နိုးပစ်လိုက်တယ်။

 

Most Read

Most Recent