၀ါးပုတီးရုံလေး စိုက်လိုက်မည်

၀ါးပုတီးရုံလေး စိုက်လိုက်မည်
Published 27 September 2019
ကျော်ထင်

 

 

 

အဲဒီကာလ ငယ်ငယ်တုန်းကတော့ ၀ါးပင်တွေကို ဒီလောက် အကြိုက်ကြီးမဟုတ်။ အခုလောက်လည်း မလိုအပ်။ အခုတော့ ၀ါးပင်တွေကို ကျွန်တော် တော်တော် သဘောကျနေတယ်။ ၀ါးပင်တွေကို တော်တော်လိုအပ်နေတယ်။ ရွှေဝါးဆိုတဲ့ အဝါရောင်ဝင်းနေတဲ့ ၀ါးတွေကို လှလွန်းတယ်လို့ . . .

 

 

(၁)

ကျွန်တော်က ၀ါးပင်လေးတွေကို သဘောကျတယ်။ အထူးသဖြင့် ၀ါးရွက်ချွန်ချွန်လေးတွေကို ချစ်တယ်။ ၀ါးရွက်တွေကို လေတိုးလို့ဝါးရွက်လှုပ်ဟန်နဲ့ ၀ါးရွက်လှုပ်သံတွေကို သဘောကျတယ်။ ၀ါးပင်လေးတွေရဲ့ အဆစ်အမြစ်တွေက နှစ်လိုစရာကောင်းလွန်းတယ်။ အထူးသဖြင့် ၀ါးပုတီးတွေရဲ့ အဆစ်အဖွဲ့ကို ပိုကြိုက်တယ်။ ဗုံလေးတွေကို ဆင့်ထပ်ထားသလိုဖြစ်နေတဲ့ ပင်စည်တည်ဆောက်ထားပုံက ချစ်စရာကောင်းနေတယ်။ အဲဒီချစ်စရာကောင်းပုံကပဲ နောက်ထပ်အမည်သညာ ခေါ်ညွှန်းစရာတစ်မျိုး တိုးလာစေလေသလားမသိ။

ပတ်မထမ်းဝါးတဲ့။ ပတ်မတွေကို ဆင့်ကာဆင့်ကာ ထမ်းထားတဲ့ပုံသဏ္ဌာန်ရှိတဲ့ ၀ါးပင်တွေ။ ကျွန်တော့်အနေနဲ့ကတော့ ပတ်မဆိုတာထက် စည်တိုကိုပိုကြိုက်တယ်။ ပတ်မနဲ့မတူဘဲ စည်တိုနဲ့ ပိုတူတယ်လို့ ခံစားရတယ်။ အဲဒါကြောင့် စည်တိုထမ်းဝါးလို့သာခေါ်လိုက်ချင်တယ်။ တချို့ကတော့ ၀ါးပုတီးတွေကို ၀ါးမင်းလို့ ခေါ်ပြန်တယ်။ အဲဒီအခေါ်က ၀ါးဘုရင်လို့ဆိုလိုလေသလား။ သစ်မင်းက ဘယ်သစ်ထဲဖြစ်ဖြစ် ရိုက်ထည့်နိုင်လောက်အောင် မာကျောသလို ၀ါးမင်းကရော ၀ါးတိုင်းထက် အမာပိုနေသလား။

ဘယ်လိုပဲဖြစ်ဖြစ် ၀ါးပုတီးရုံလေးတစ်ရုံလောက်ကိုတော့ အိမ်ရှေ့မှာ ရုံဖွဲ့လို့စိုက်ထားလိုက်ချင်မိတယ်။ အလှခံစားဖို့အပြင် ဘဝနေကျချိန်တွေရဲ့ ပါရမီဖြည့်ဖက်အထိ ရည်ရွယ်ပြီး ၀ါးတရားနဲ့ နေထိုင်ဖို့ စိုက်ထားလိုက်ချင်တယ်။

(၂)

ငယ်ငယ်တုန်းကတော့ ၀ါးပင်တွေနဲ့ နေခဲ့ဖူးတယ်။ ကျွန်တော်နေခဲ့တဲ့ အိမ်မည်းညိုကြီးရှေ့၊ တောင်ဘက်ထောင့်မှာ ၀ါးရုံတစ်ရုံရှိတယ်။ ၀ါးတစ်ရုံမှာ ၀ါးနှစ်မျိုးက တွဲဖက်ရှင်သန်နေတယ်။ ၀ါးဒလက်တွေနဲ့ ၀ါးသပွတ်တွေ။ ကျွန်တော်တို့ကတော့ ၀ါးဒလက်ကို ၀ါးဆစ်ပိတ်လို့သာ ခေါ်ခဲ့ကြတယ်။ ၀ါးဆစ်ပိတ်တွေက သမိုင်းနဲ့ချီပြီး ကျော်ကြားခဲ့တဲ့ ၀ါးမျိုးဝါးနွယ်တွေမဟုတ်လား။ အလောင်းဘုရားရဲ့ တင်ကျည်းတပ်ဖွဲ့တွေအတွက် အကောင်းဆုံးလက်နက်အဖြစ် ဒီဝါးဆစ်ပိတ်တွေကို အသုံးပြုခဲ့ကြတယ်။

ဒီဝါးဆစ်ပိတ် လက်နက်တွေနဲ့ပဲ တတိယရွှေထီးကို ကျွန်တော်တို့ဆောင်းခဲ့ကြတယ်လို့ လူကြီးတွေက ရေနူးပြကြတယ်။ ၀ါးဒလက်တုတ်တွေရဲ့ မာကျောမှုကို ရန်သူ့ဓားသွားတွေ တိုးနိုင်ခဲ့မယ်မထင်ဘူး။ အဲဒီလက်နက်တန်ခိုးနဲ့ပဲ ကုန်းဘောင်ခေတ်ရဲ့ နေထွက်ဘုရင်မျိုးဆက်ကို ထုဆစ်နိုင်ခဲ့ကြတာဖြစ်မယ်။ အဲဒီတတိယရွှေထီးရဲ့ ပါရမီဖြည့်ဖက် ၀ါးဒလက်မျိုးစိတ်နွယ်ဝင်လေးက ကျွန်တော်တို့အိမ်၏အရှေ့၊ တောင်ဘက်ထောင့် ဇမ္ဗူမှာ တလူလူတလွင့်လွင့်။ ၀ါးသပွတ်တွေကလည်း သူတို့နဲ့အတူ ရောယှက်ပြီး တထူထူတရင့်ရင့်။ ရေတွင်းလေးရဲ့ နံဘေးနားမှာ နီးနီးလေးတွေဆိုတော့ ရေချိုအတွက်လည်းအသင့်။

ဘိုးဘိုးကတော့ ၀ါးဆစ်ပိတ်တွေနဲ့ ဂေါ်ပြားအရိုးတပ်ခဲ့တယ်။ ပေါက်ပြားအရိုးထိုးခဲ့တယ်။ တူအရိုး တပ်ဖို့ ၀ါးဆစ်ပိတ်ကို ဖြတ်တော့တောင် ကျွန်တော် ပါခဲ့ဖူးသေးတယ်။ ကန်စွန်းခင်းလေးကို ကာတော့လည်း ၀ါးဆစ်ပိတ်။ ပဲစောင်းလျားသီးပင်ကို အထက်တက်ဖို့လည်း ၀ါးဆစ်ပိတ်။ ယုတ်စွအဆုံး ပင်မှည့်သီးနွယ်တွေ သရက်ပင်တွေမှာ ယီးလေးမခိုနိုင်ခင်တုန်းကလည်း ၀ါးဆစ်ပိတ်နဲ့ ထောင်တင်ပေးခဲ့ရဖူးတယ်။

ကျွန်တော်တို့တွေ ကစားစရာ သေနတ်လုပ်တော့ ၀ါးသပွတ်တွေက ပြောင်းလုံးရှည်ဖြစ်ကြရတယ်။ ကျွန်တော်တို့ကို အဖေရိုက်တော့ ၀ါးသပွတ်တွေက အနော်ရထာရဲ့ ကြိမ်စကြာဖြစ်ပြရတယ်။ အိမ်အနောက် ခွေးတိုးပေါက်မှာ ဆိုရင်တော့ ၀ါးသပွတ်တွေက ဆန်ခါကွက်အဖြစ်နဲ့ အကာအရံ။

(၃)

အဲဒီကာလ ငယ်ငယ်တုန်းကတော့ ၀ါးပင်တွေကို ဒီလောက် အကြိုက်ကြီးမဟုတ်။ အခုလောက်လည်း မလိုအပ်။ အခုတော့ဝါးပင်တွေကို ကျွန်တော် တော်တော်သဘောကျ နေတယ်။ ၀ါးပင်တွေကို တော်တော် လိုအပ်နေတယ်။ ရွှေဝါးဆိုတဲ့ အဝါရောင်ဝင်းနေတဲ့ ၀ါးတွေကို လှလွန်းတယ်လို့ ထင်တယ်။ သူတို့ဆွဲအားမှာ ကျွန်တော်က အမျောသမားဖြစ်သွားတတ်တယ်။ ဒါကြောင့်လည်း လမ်းထောင့်ချိုးအိမ်က ရွှေဝါးတွေကို နေ့တိုင်းငေးဖြစ်ခဲ့တယ်။ တစ်ပတ်ကို နှစ်ရက်၊ ညနေတိုင်းမှာ ရောက်သွားလေ့ရှိတဲ့ စီကောက်ဘုန်းကြီးကျောင်းထဲက ၀ါးရုံကြီးတွေကိုလည်း သဘောကျတယ်။

စာသင်ခန်းဘေးကပ်လျက်မှာ ၀ါးရုံနှစ်ရုံ။ ၀ါးပိုးဝါးရုံနဲ့ ၀ါးပုတီးရုံ။ ၀ါးပုတီးရုံက စာသင်ခန်းနဲ့ ပိုနီးပြီး ၀ါးပိုးဝါးရုံကြီးက စာသင်ခန်းအတွက် အအေးဓာတ်နဲ့ အရိပ်အကျကို ပိုပြီးဖန်တီးပေးထားတယ်။ နွေမှာတောင် နေမတိုးနိုင်တဲ့ အရိပ်တွေကို ထိုးပေးထားတယ်။ အဲဒီအာဝါသတွေက နွေလယ်နေ့တွေအတွက် အတုအယောင်မပါတဲ့ အအေးဓာတ်။ စိတ်ကူးယဉ်ချင်စရာကောင်းတဲ့ ဘူမိနက်သန်။ ၀ါးရုံပင်ခြေက မြေတွေကလည်း ပြန့်ပြန့်ရန့်ရန့်။

ဒါပေမဲ့ ကျောင်းဝိုင်းထဲက မြေတွေက  အမည်းမို့ထင်တယ်၊ ခြင်ပေါက်လွယ်တယ်။ ညနေခင်း နေဝင်ချိန်ဆို ခြင်ကျားကြီးတွေ ထွက်လာသံကို တဝီဝီကြားရတယ်။ အသံမစဲဘဲ ကိုက်ဖို့ မာန်မဲလာတဲ့ ခြင်သံတွေက တညံညံရှိလှတယ်။ ခြင်သံနဲ့ ခြင်ရန်ကို ကာကွယ်နေရရင် ၀ါးရုံရိပ်မှာ အာရုံကျတာတွေ မှေးမှုန်သွားပေရော့မယ်။ ကျွန်တော့်ခြံမှာ ၀ါးပင်စိုက်ရင်တော့ ၀ါးရုံပင်ခြေရင်းမှာ မြေဝါတလင်းပြင် လုပ်ထားမယ်။ ခြင်မျိုးစုံလင်တွေ မပေါက်ဖွားနိုင်ဖို့ လင်းလင်းပြန့်ပြန့်၊ ရှင်းရှင်းသန့်သန့် ပြင်ဆင်ပေးထားရမယ်။

အဲဒီအတွက်ကတော့ အိမ်ဝိုင်းကျယ် ကျယ်ဖြစ်မှရမယ်။ လက်ရှိနေနေတဲ့ အိမ်ကအမွေဆိုင်ဝိုင်း။ မပိုင်မဆိုင်တဲ့ ဝိုင်းလို့သာ မှတ်ယူထားတယ်။ ပိုင်ရင်ဆိုင်ရင်လည်း ကျွန်တော် ဖြစ်ချင်တဲ့ ၀ါးရုံတောတစ်တော ဖန်တီးလို့ မရနိုင်။ ဝိုင်းကကျဉ်းလွန်းတယ်။ ကျွန်တော်လိုချင်တာက အရိပ်အာဝါသကို ပေးနိုင်တဲ့ ၀ါးတစ်ရုံ။ ၀ါးတစ်ရုံအောက်မှာ မြေပြန့်ပြန့်။ အဲဒီမြေပြန့်ပြန့်မှာတော့ တင်စရာဝါးစားပွဲနဲ့အတူ ၀ါးပက်လက်ကုလားထိုင်လေးတွေကို ခင်းကျင်းထားချင်ထားမယ်။ ထန်းပလက်သားဆိုလည်း အဆင်ပြေတယ်။

စားပွဲပေါ်မှာတော့ ရာသီစာလေးတွေနဲ့ ဖတ်စရာ စာအုပ်တွေက သင့်သလိုရှိချင် ရှိနေမယ်။ ခြံဝိုင်းရဲ့ ပတ်ဝန်းကျင်က သင့်တင့်တဲ့အသံကလွဲလို့ တိတ်ဆိတ်မှုနဲ့ ရှိနေပေးကြရမယ်။ ကျွန်တော့်ဝါးရိပ်လေးကလည်း ဘာအပူမှမယူဘဲ ဆိတ်ငြိမ်မှုနဲ့ တုံ့ပြန်မယ်။ လုပ်စားကိုင်စားတာတွေကို ရပ်လို့၊ ရှာဖွေထားခဲ့သမျှထဲကသာ မျှတစွာ ယူငင်စားသောက်တော့မယ်။ ပြောစကား ဆိုစကားတွေ တိတ်လို့ ၀ါးရိပ်မှာ ချွေးသိပ်နေတော့မယ်။

ဘဝနေကျချိန်တွေအတွက် တရားတဲ့ အိုမင်းခြင်းကိုသာ အဖော်ပြုထားချင်တယ်။ အဲဒီအတွက် ၀ါးရိပ်ကလေး လိုတယ်။ ၀ါးတစ်ရုံလောက် စိုက်ချင်တယ်။ လက်ရှိနေနေတဲ့အိမ်က ၀ါးတစ်ရုံစာလောက်အတွက် နေရာရှိပေမဲ့လည်း ၀ါးရိပ်ဘာဝနာအတွက်တော့ အလုပ်မဖြစ်။ ဒါဆို...။

(၄)

ခပ်လှမ်းလှမ်းက ရွာလေးမှာ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ဝယ်ထားတဲ့ခြံလေးတစ် ခြံတော့ရှိတယ်။ ၅၀ _ ၈၀ ပေ ဆိုတော့ ခြံအကျယ်အဝန်းက သိပ်မကျဉ်းလှ။ မရှိတာထက် ရှိတာလေးနဲ့ ကျေနပ်မယ်ဆိုရင် လက်ရှိနေတဲ့အိမ်ထက်တော့ ကျေနပ်နေလို့ ရသေးတယ်။ အဲဒီဝိုင်းလေးကိုပဲ ဘဝနေကျကာလတွေအတွက် ပြင်ဆင်ထားရမလား။ အခုကတည်းက ၀ါးပုတီးပင်တွေ စိုက်ပျိုးထားလိုက််ရင် ကျွန်တော်နေတဲ့အခါကျ ၀ါးပုတီးရုံလေးက အရိပ်တောင် ရနေတော့မယ်။

ရွှေဝါးတွေကို ခြံစည်းရိုးတစ်လျှောက်မှာ အတန်းလိုက် စိုက်ထားလိုက်မယ်။ ၀ါးပုတီးရုံလေးကိုတော့ လက်ရှိ သနပ်ခါးပင်လေးဘေးမှာ စိုက်လိုက်မယ်။ အောက်ခြေက မြေကို ပြန့်ပြန့်နဲ့ သန့်သန့်ဖြစ်အောင် ဖန်တီးလိုက်ရင် ၀ါးရုံအောက်မှာ ၀ါးရိပ်ဘာဝနာ ပွားနိုင်တော့မယ်။

၀ါးဆိုတာက သစ်တောပြုန်းတီးမှုကို အမြန်ဆုံး ကုစားပေးနိုင်တယ်။ ရရှိထားတဲ့ အဟာရတွေကို ဖြည်းဖြည်းချင်း စားသုံးတတ်တယ်။ မြေဆီလွှာအစစ်တွေကိုလည်း ထုတ်လုပ်ပေးတတ်တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ သြကာသအခြေအနေတွေကို တည်ငြိမ်စေတယ်။ လေတွေကို သန့်ရှင်းစင်ကြယ်စေတယ်။ ရေဓာတ်တွေကို ပျံ့နှံ့စေတယ်။ အနီးပတ်ဝန်းကျင်ကို စိမ်းစိုစေတယ်။ ရေငန်တွေကို ရေချိုတွေ ဖြစ်စေတယ်။ ဒီအချက်အလက်တွေဟာ ၀ါးရဲ့ သဘောတရား။ ၀ါးရဲ့သဘာဝဓမ္မ။

အဲဒီသဘာဝတရားဓာတ်ကို ဘာဝနာပွားယူဖို့ ၀ါးရိပ်မှာ ကျွန်တော်ခိုချင်တယ်။ ၀ါးရိပ်မှာ ခိုဖို့၊ ၀ါးတရားကိုကျင့်ဖို ့ ၀ါးရုံတစ်ရုံကို ကျွန်တော်အလိုရှိတယ်။ ၀ါးရုံလေးစိုက်လို့ ၀ါးရုံလေး ရှင်သန်လာရင်တော့ ဒါကို ကြည့်ရင်း သစ်တစ်ပင်ရဲ့အစ - ဥပစယ။ သစ်တစ်ပင်ရဲ့ ရှင်သန်မှုအလယ် - သန္တတိ။ သစ်တစ်ပင်ရဲ့ အိုခြင်းအကျ - ဇရတာ။ သစ်တစ်ပင်ရဲ့  ဘဝအဆုံး - အနိစ္စတာ။ ဒါတွေ အထိတောင်တွေးပြီး ထင်မြင်ယူနိုင်တယ်။ ဒီအတွက် ၀ါးရုံလေးတစ်ရုံတော့ စိုက်ထားမှဖြစ်မည်။ စိုက်ခြင်း စိုက်ရင်တော့ ၀ါးပုတီးရုံလေးပဲ စိုက်လိုက်မယ်။

 

Most Read

Most Recent