တာဝန်ယူ တာဝန်ခံတတ်သော နိုင်ငံရေး

တာဝန်ယူ တာဝန်ခံတတ်သော နိုင်ငံရေး
Published 25 September 2019

ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသားများအပေါ် တာဝန်ခံရသောကြောင့် ဆုံးဖြတ်ချက် မှန်သမျှသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။ ယင်းစနစ်တွင် နိုင်ငံသားများသည်လည်း ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်၌ ပါဝင်သည်သာ ဖြစ်သည်။ ဒီမိုကရေစီ၌ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူရသည်။ ဆုံးဖြတ်ချက် မှားယွင်းခဲ့ပါက ချက်ချင်း ပြန်လည် ပြင်ဆင်ရမည်မှာလည်း အစိုးရ၏ တာဝန်ဖြစ်သည်။ ဒီမိုကရေစီစနစ်၌ အစိုးရတစ်ရပ်အနေဖြင့် တရားဝင်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာရသည်။ မည်သူမျှ တရားဥပဒေ၏ အထက်၌မရှိဘဲ အစိုးရအဖွဲ့ဝင်များ အပါအဝင် နိုင်ငံသားအားလုံး ဥပဒေများကို လိုက်နာကြရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပပေးရန် တာဝန်ရှိသည်။ သာမန်ပြည်သူ တစ်ဦးအနေဖြင့် အစိုးရထံ ချဉ်းကပ်ကာ သူ၏ မကျေနပ်ချက်များကို တင်ပြနိုင်ပြီး အစိုးရက လိုအပ်သည့် တုံ့ပြန်မှု ပြုလုပ်ပေးရမည် ဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြစ်စေ၊ အာဏာရှင်စနစ်ဖြစ်စေ အစိုးရအဖွဲ့များ၌ အကြီးမားဆုံး ပြဿနာတစ်ရပ် ရှိသည်။ ယင်းမှာ အဂတိလိုက်စားမှု ဖြစ်သည်။ ပြည်သူများက ၎င်းတို့ကို ကိုယ်စားပြုမည့်သူများအား ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်လိုက်ကြသော်လည်း ၎င်းတို့က ရွေးချယ်လိုက်သူများသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအစား ပြည်သူ့အာဏာကို အလွဲသုံးစားပြု၍ မိမိတို့၏ ကိုယ်ကျိုးကိုသာ လုပ်ဆောင်ကြသောအခါ ဒီမိုကရေစီစနစ်များ ကျဆုံးရသည်။

ကိုယ်ကျိုးအတွက် လုပ်ဆောင်သော အစိုးရဟု အထင်မခံရစေရန် လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူ တာဝန်ခံမှု ပြရသည်။  ကောင်းသော အုပ်ချုပ်ရေးတစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦး အနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည် ဖြေကြားနိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။ မိမိယူထားရသည့် တာဝန်သည် စီမံကိန်းတစ်ရပ်အတွက် သင့်တော်သူများကို ရွေးချယ်ပေးရခြင်း ဖြစ်ပါက တာဝန်ခံမှု၌ ရွေးချယ်မှုကို သတ်မှတ်ချက်များ အသုံးပြုမှုနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ၊ သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း အချိန်မီ လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခြင်း ရှိ မရှိ အစရှိသည်တို့ ပါဝင်သည်။ ထို့ကြောင့် တာဝန်ခံမှု၌ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားဆိုင်ရာ ရှင်းလင်းသော သတ်မှတ်ချက်၊ အချိန်မူဘောင်နှင့် လုပ်ငန်း ဆောင်ရွက်ရန် ရရှိနိုင်သော ဘတ်ဂျက်တို့ ပါဝင်သည်။ ၎င်းအပြင် ယင်းလုပ်ငန်းတာဝန်များနှင့် ပတ်သက်သော လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖြစ်ရန်လည်း အရေးကြီးသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးမှာ လွယ်ကူချောမွေ့မှု မရှိနိုင်သော်လည်း ပြည်သူ တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ရပ်ကို မလွဲမသွေ ဖော်ဆောင်ရမည် ဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ခုကို တည် ဆောက်နိုင်ရန် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ အစိုးရအဖွဲ့များ၌ လွတ်လပ်သော စီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှု၊ အရည်အသွေးဆိုင်ရာ ထိရောက်မှု၊ မျှတမှု၊ တာဝန်ခံမှု စသည့်အချက်များအပေါ် မူတည်၍ ဆောင်ရွက်ရမည် ဖြစ်သည်။ အစိုးရတစ်ရပ် မဖြစ်မီနှင့် ဖြစ်လာသည့် အခြေအနေတို့သည် များစွာ ကွဲပြားမည်မှာလည်း အသေအချာပင် ဖြစ်သည်။ အာဏာထက် တာဝန်ယူရခြင်း ဟူသည် ပို၍မြင့်မြတ်သော အယူအဆဖြစ်သဖြင့် တိုင်းပြည်အုပ်ချုပ်ရေးကဏ္ဍတွင် တာဝန်ကြီးစွာ ရယူထားသူများသည် မိမိတို့ မည်မျှပြည်သူအပေါ် တာဝန်ကျေသနည်း ဆိုသည့်အချက်ကို ပြသနိုင်ရန် အရေးကြီးသည်။ အစိုးရတစ်ရပ် ဖြစ်လာပါက တာဝန်ယူတတ်သော တာဝန်ခံသော နိုင်ငံရေးအဖြစ် မိမိတို့၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို မှတ်ကျောက်တင်ခံနိုင်ရန် ကြိုးစားမှုသည် မြင့်မြတ်ပြီး မိမိတို့တာဝန်ရယူစဉ် သမိုင်းဆိုး မကျန်ရှိစေရန် အားထုတ်နိုင်ခြင်းသည်သာ မှန်ကန်၍ ဂုဏ်ယူစရာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent