ကောင်းသော အုပ်ချုပ်ရေးဟူသည် . . .

ကောင်းသော အုပ်ချုပ်ရေးဟူသည် . . .
Published 24 September 2019

နိုင်ငံတကာ ဖွံ့ဖြိုးရေးကိစ္စ၌ ကောင်းသော အုပ်ချုပ်ရေး (Good governance)  ဟူသည် အများပြည်သူဆိုင်ရာ အင်စတီကျူးရှင်းများအနေဖြင့် ပြည်သူ့ရေးရာကိစ္စများအား ဆောင်ရွက်ပုံနှင့် ပြည်သူ့အရင်းအမြစ်များကို စီမံဆောင်ရွက်ပုံတို့အား မည်ကဲ့သို့သော ဦးစားပေးနည်းလမ်းများဖြင့် ဆောင်ရွက်သည်ကို ဖော်ပြသည့် စကားရပ်ဖြစ်သည်။ ယင်း၌အုပ်ချုပ်ရေးဟူသည် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်နှင့်  ယင်းလုပ်ငန်းစဉ်အရ ဆုံးဖြတ်ချက်အား အကောင်ထည်ဖော်မှု ရှိ မရှိတို့နှင့် ပတ်သက်နေသည်။ အုပ်ချုပ်ရေးဟူသည့် စကားရပ်ကို ကုမ္ပဏီအဆင့်၊ နိုင်ငံတကာအဆင့်၊ နိုင်ငံအဆင့်၊ ဒေသ ဆိုင်ရာအဆင့် အုပ်ချုပ်ရေးတို့အတွက်လည်းကောင်း၊ လူ့အဖွဲ့အစည်း၏ အခြားသော ကဏ္ဍများအကြား အပြန်အလှန် ဆက်နွှယ်ချက်တို့အတွက်လည်းကောင်း အသုံးပြုသည်။

မည်သို့ပင်ဆိုစေကာမူ၊ ကောင်းသောအုပ်ချုပ်ရေး ကျင့်သုံးမှုက ခြစားမှုများ ဖြစ်ပေါ်လာရန် ခက်ခဲသည့် ဝန်းကျင်ကောင်းတစ်ရပ်ကို ဖန်တီးပေးသည်။ အစိုးရတစ်ရပ်အနေဖြင့် ကောင်းသောအုပ်ချုပ်ရေး ကျင့်သုံးရန် ပျက်ကွက်ပါက သက်ဆိုင်သော ပြည်သူများအနေဖြင့် တာဝန်ခံမှုကို တိုး၍တိုး၍ တောင်းဆိုလာကြမည်သာ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်လိုက်သော သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အရည်အသွေး သို့မဟုတ် ကျင့်ဝတ်အပေါ် နိုင်ငံသားများက ယုံကြည်မှု ပျောက်ဆုံးလာသည့်အခါ ဆန္ဒပြပွဲများအသွင်ဖြင့် ကန့်ကွက်မှုများနှင့် တောင်းဆိုမှုများလည်း ဖြစ်ပေါ်လာနိုင်သည်။ ထိုအခါ နိုင်ငံရေး မတည်ငြိမ်မှု မြင့်တက်လာမည်။ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားမည်။ ငွေတန်ဖိုး ကျဆင်းကာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာလိမ့်မည်။ တာဝန်ခံမှုမရှိ သော အစိုးရတစ်ရပ် အုပ်စိုးသည့် နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ပလုပ်ငန်းအများစုက လက်ရှောင်ကြပေလိမ့်မည်။ ကောင်းသော အုပ်ချုပ်ရေး၏ အဓိကအချက်များကို အောက်ပါအတိုင်း တွေ့နိုင်သည်။

ရိုးသားမှု - ခံယူချက် ကောင်းမွန်ခြင်း၊ သိက္ခာသမာဓိရှိခြင်းနှင့် အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့မှု (Conflict of Interest) ကင်းစင်ခြင်းတို့သည် အစိုးရအဖွဲ့တစ်ရပ်၏ ရိုးသားမှုနှင့် အစိုးရအဖွဲ့တစ်ရပ်အပေါ် ပြည်သူတို့၏ ယုံကြည်မှုတို့အတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။

ပွင့်လင်းမြင်သာမှု - ချမှတ်သည့် ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်သည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်သူများ ရှင်းလင်းလွယ်ကူစွာ သိရှိနိုင်အောင် ထုတ်ပြန်ပေးရမည်။

တာဝန်ယူမှု - ပြည်သူတို့၏ အသံကို နားထောင်ခြင်း၊ အရေးတယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်း သို့မဟုတ် ပွင့်လင်းမြင်သာမှုရှိစွာ အစီရင်ခံခြင်းတို့ကို ကျိုးကြောင်း ဆီလျော်သည့် အချိန်အတိုင်းအတာတစ်ရပ်အတွင်း ပြုလုပ်ရမည်။

လွတ်လပ်သော စီမံခန့်ခွဲမှု - အစိုးရအဖွဲ့အတွင်း အာဏာသီးခြားစီ ကန့်သတ် ထားရှိမှုနှင့် တာဝန်ခံမှု အဆင့်ဆင့်တို့ ရှိရမည်ဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ စီမံခန့်ခွဲမှု၌ ၎င်း၏ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အခြားသော အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့မှု ဖြစ်ပွားနိုင်ဖွယ်ရှိသူများ ပါဝင်ပတ်သက်မှု ကင်းစင်ရမည်ဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်မှုမျိုးရှိမှသာ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချနိုင်ခြင်း၊ အန္တရာယ်များကို သေချာစွာ သုံးသပ်နိုင်ခြင်းနှင့် အကောင်းဆုံး ဆောင်ရွက်ချက်များကို ပြုလုပ်နိုင်ခြင်းတို့ ရရှိမည်ဖြစ်သည်။

ဥပဒေစိုးမိုးမှု - အင်စတီကျူးရှင်းများသည် နိုင်ငံတော်၏ ဥပဒေများ၊ ကျင့်ဝတ်များ၊ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိရမည်။

အရည်အသွေးဆိုင်ရာ ထိရောက်မှု - ကောင်းသော အုပ်ချုပ်ရေး အနေဖြင့် (အများထောက်ခံမှုကြောင့် ရရှိသော) လုပ်ပိုင်ခွင့်အာဏာကို အကောင်အထည်ဖော်မှု၊ သက်ဆိုင်ရာ ပြည်သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီမှု၊ အသုံးစရိတ် ကျစ်လျစ်အောင် ပြုလုပ်နိုင်မှု၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အရေးတယူဆောင်ရွက်ခြင်းတို့ကို ထိရောက်လျင် မြန်ပြီးတွက်ခြေကိုက်အောင် ပြုလုပ်နိုင်မှုနှင့် ရနိုင်သော ရင်းမြစ်များကို အကောင်းဆုံး အသုံးပြုမှုတို့ ရှိရမည်ဖြစ်သည်။

မျှတမှု - ကောင်းသောအုပ်ချုပ်ရေး၌ မျှတမှုရှိသော စည်းမျဉ်းများ ခိုင်မာစွာ အမြစ်တွယ်လျက် သက်ဆိုင်ရာပြည်သူများအားလုံးအပေါ် အညီအမျှ ဆက်ဆံရမည် ဖြစ်သည်။

တရားမျှတမှု - တရားမျှတမှုနှင့် အုပ်ချုပ်ရေးဟူသည် အဖွဲ့အစည်းတစ်ရပ်အတွင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီး၏ ဂုဏ်သိက္ခာ၊ သမာဓိနှင့် အဖွဲ့အစည်းကိုယ်တိုင်၏အပြုအမူဆိုင်ရာအရ ဂုဏ်သိက္ခာ၊ သမာဓိတို့နှင့် ပတ်သက်နေသည်။

တာဝန်ခံမှု - ပြည်သူပိုင်ရင်းမြစ်များကို အပ်နှင်းခံထားရသော အစိုးရ သို့မဟုတ် ပုဂ္ဂလိက အင်စတီကျူးရှင်းများ၊ ကော်ပိုရေးရှင်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်အသီးသီးတို့နှင့် အရပ်ဘက် အဖွဲ့အစည်းအသီးသီးတို့အနေဖြင့် တာဝန်ခံမှုရှိရေး သေချာစေရမည် ဖြစ်ပြီး သက်ဆိုင်ရာ ပြည်သူများအား ပြန်လည်ဖြေကြားမှု ပြုလုပ်နိုင်ရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန်အတွက် ကောင်းသောအုပ်ချုပ်ရေးသည် မရှိမဖြစ် လိုအပ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent