အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့တို့၏ အောက်တိုဘာလတွင် ပြုလုပ်မည့် တွေ့ဆုံပွဲမတိုင်မီ တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) တို့အကြား ပြင်းထန်သော တိုက်ပွဲများ မဖြစ်ပွားရန်နှင့် တပ်မတော်က အပစ်ရပ်သက်တမ်း တိုးမြှင့်ပေးရန် မျှော်လင့်နေကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ က ပြောကြားသည်။
PCG အဖွဲ့သည် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့အကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြားဝင့်ညှိနှိုင်း စေ့စပ်ပေးနေသော မြစ်ကြီးနားမြို့ အခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
တပ်မတော်၏ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးမှုမရှိခြင်းသည် စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ အစည်းအဝေးရလဒ် ဟု သုံးသပ်ကြောင်း၊ စက်တင်ဘာ ၁၇ ရက် တွေ့ဆုံပွဲအပြီးတွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ အပစ် ရပ်ကြောင်း ကြေညာခဲ့ပြီး အဆိုပါကြေညာ ချက်တွင် တပ်မတော်နှင့် နှစ်ဖက်ပူးတွဲ အပစ်ရပ်ကြေညာလိုသည် ဟူသော အနေအထား မျိုးကိုလည်း တွေ့ရကြောင်း ဦးလမိုင်ဂွန်ဂျာ က ပြောကြားသည်။
“အဲဒီလိုဆိုတော့ တပ်မတော်ဘက်က လည်း ဒီလ ၂၁ ရက်နေ့က သူတို့ ရက်တိုး တာ ကုန်ဆုံးသွားတာ ဖြစ်တယ်။ ကျွန်တော် တို့ကတော့ ရက်ပြန်ထပ်တိုးလိမ့်မယ်လို့ မျှော် လင့်တာပေါ့လေ။ ဒါပေမဲ့ အခုချိန်အထိ တော့ သက်တမ်းတိုးလာတာ မရှိသေးဘူး။အဲဒီလိုတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် တို့ကတော့ မျှော်လင့်နေတာပဲ။ ၂၁ ရက် ကုန်တဲ့အခါ သက်တမ်းမတိုးပေမဲ့ ဒီအတောအတွင်းမှာများ တိုးမလားလို့ ကျွန်တော်တို့ကတော့ စောင့်ကြည့်နေတာပဲ”ဟု ဦးလမိုင် ဂွန်ဂျာက ပြောကြားသည်။
သို့သော်လည်း တပ်မတော်အနေဖြင့် အပစ်ရပ်သက်တမ်းတိုးသည်ဖြစ်စေ၊ မတိုး သည်ဖြစ်စေ အောက်ခြေတွင် ဖြစ်ပွားနေ သော တိုက်ပွဲများနှင့် စစ်ရှိန်များ လျှော့ချနိုင် မည်ဆိုပါက အောက်တိုဘာလတွင် ထပ်မံ တွေ့ဆုံရန် နှစ်ဖက်ညှိနှိုင်းထားသည့် အစိုးရ နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ဆုံပွဲမှာ ဖြစ်လာရန် အလားအလာရှိကြောင်း ၎င်းင်းက ဆိုသည်။
“ဒီအတောအတွင်းမှာ သက်တမ်းတိုးတာပဲ ဖြစ်ဖြစ်၊ မတိုးတာပဲ ဖြစ်ဖြစ် တိုက်ပွဲက နည်းနည်း ပြင်းပြင်းထန်ထန် ဆိုတဲ့အမျိုး ပေါ့လေ။ နည်းနည်း ကြီးကြီးမားမားတွေ ဖြစ်လာမယ်ဆိုရင်တော့ ဒီပြန်လည်တွေ့ဆုံနိုင်ဖို့ အတွက်၊ ဆွေးနွေးပွဲအတွက်ကတော့ ဖြစ်များဖြစ်မလား ဆိုတဲ့ စိုးရိမ်မှုတော့ ရှိတာပေါ့ လေ။ ဒီကြားမှာ ပြဿနာ မဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ ပြဿနာကြီးကြီးမားမားတွေ ဘာညာ ဖြစ်လာပြီဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲ အပေါ်မှာတော့ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတဲ့ အပေါ်မှာတော့ ကျွန်တော်တို့ နည်းနည်းစိုး ရိမ်မှုရှိတယ်”ဟု ဦးလမိုင်ဂွန်ဂျာက ပြော ကြားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် လေ့လာရေးနှင့် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများသည် စက်တင်ဘာ ၂၅ ရက် မှ အောက်တိုဘာ ၆ ရက်အထိ နော်ဝေနိုင်ငံ နှင့် ဆွစ်ဇာလန်နိုင်ငံများသို့ သွားရောက်မည် ဖြစ်သည်။
ထို့နောက် အောက်တိုဘာလလယ် တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား ပြုလုပ်မည်ဖြစ်ပြီး အဆိုပါကာလအတွင်းတွင် သီတင်းကျွတ်ပွဲတော်လည်းရှိသဖြင့် သီတင်းကျွတ်ပွဲတော် အလွန်ကာလမှသာ အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့တို့အကြား ထပ်မံတွေ့ဆုံကြမည် ဖြစ်သည်။
ထိုသို့ ထပ်မံတွေ့ဆုံဆွေးနွေးကြသည့် အခါ စက်တင်ဘာ ၁၇ ရက်တွင် နှစ်ဖက်လက် မှတ်ရေးထိုးထားသည့် အချက် ခုနစ်ချက်အား ဆွေးနွေးပြီးနောက် Bilateral လက်မှတ်ရေးထိုးရေး အလားအလာကောင်းများ ရရှိရန် မျှော်လင့်ကြောင်း ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
“အဲဒီလို တွေ့ဆုံနိုင်တဲ့အချိန်မှာပဲ ဘာပဲဖြစ်ဖြစ် သူတို့သဘောတူပြီးတော့ မှတ်တမ်းသဘော ရေးထိုးထားတဲ့ အချက် ခုနစ်ချက်အပေါ်မှာ ဆက်လက် ဆွေးနွေးလိုက်လို့ ရှိရင်တော့ Bilateral လက်မှတ်ထိုးနိုင်မယ့် အလားအလာကတော့ တော်တော်ကောင်းမွန်မယ်လို့ ကျွန်တေ်ာတို့ ယူဆတယ်” ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် တပ်မတော်၏ အပစ်ရပ်သက်တမ်း ကာလသည် စက်တင်ဘာ ၂၁ ရက်က ကုန်ဆုံးသွားပြီး လတ်တလောတွင် တပ်မတော် အနေဖြင့် အပစ်ရပ်သက်တမ်းအား တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စက်တင် ဘာ ၂၂ ရက်တွင် ထပ်မံပြောကြားခဲ့သည်။















