ပြည်သူ့ဘဏ္ဍာ အလေအလွင့်မရှိရေးနှင့် ဘတ်ဂျက်စီမံခန့်ခွဲမှု

ပြည်သူ့ဘဏ္ဍာ အလေအလွင့်မရှိရေးနှင့် ဘတ်ဂျက်စီမံခန့်ခွဲမှု
Published 23 September 2019

ဘဏ္ဍာရေးစီမံမှုအလွဲသည် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများနှင့် နိုင်ငံများ၏ ကံကြမ္မာကို ရုတ်ခြည်း ဆိုးရွားသွားစေနိုင်သည့် အကြောင်းတရားတစ်ရပ် ဖြစ်သည်။ ဘဏ္ဍာရေး စီမံခန့်ခွဲမှုသည် လုပ်ငန်းတစ်ရပ် အောင်မြင်ရန်အတွက် အမြဲတမ်း အချက်အချာဖြစ်ပြီး စီးပွားရေးတစ်ရပ် ကောင်းစွာ အလုပ်ဖြစ်ရန်အတွက် အလွန်အရေးကြီးသည်။ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တို့သည်သာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအပေါ်၌ မှီခိုနေရသည် မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံလုံးနှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးသည်လည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပေါ်၌ တည်မှီနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ ဘဏ္ဍာရေးစီမံမှု လျော့ရဲမှားယွင်းမှုသည် အများပြည်သူလူထုအပေါ် ကြီးစွာ ရိုက်ခတ်ပေလိမ့်မည်။

ဘဏ္ဍာရေးကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မှု မရှိခြင်းကြောင့် စီးပွားရေး ပြိုလဲသွားခဲ့ရသည့် သာဓကများစွာ ရှိသည်။ ဘဏ္ဍာရေးစီမံမှုအလွဲသည် လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံများအတွက် အမြဲတမ်း ကျရောက်လာနိုင်သည့် ပြဿနာတစ်ရပ် ဖြစ်သည်။ လူပုဂ္ဂိုလ်အဆင့်၌ ဘဏ္ဍာရေးစီမံမှုအလွဲကို ကာကွယ်ရန်အတွက် ငယ်ရွယ်စဉ်ကတည်းက ဘဏ္ဍာရေးဆိုင်ရာ ပညာပေးမှုပြုလုပ်ရန် အရေးကြီးသည်။ လုပ်ငန်းတစ်ရပ် အဆင့်၌မူ မှန်ကန်သော အရည်အချင်းနှင့် အတွေ့အကြုံရှိသည့်သူများကို မှန်ကန်သောနေရာ၌ ခန့်ထားရေးသည် လည်းကောင်း၊ လုပ်ငန်းအတွင်းရှိ ဘဏ္ဍာရေးအခြေအနေကို အဆက်မပြတ် ဆန်းစစ် သုံးသပ်နေရန်သော် လည်းကောင်း အရေးကြီးသည်။

ပြည်သူပိုင် အခွန်ဘဏ္ဍာငွေများဖြင့် စီမံခန့်ခွဲမှုပြုရသော တာဝန်ရှိသူများသည် အထူးပင် တာဝန်ကြီးသည်။ အစိုးရအနေဖြင့် ပြည်သူ့ချွေးနှဲစာဖြစ်သော ရရှိလာသော ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အတိမ်းအစောင်း၊ အချွတ်အချော်မရှိ တာဝန်ယူတတ်ရမည်။ ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့် မဖြစ်စေရန် အစိုးရက နိုင်ငံပိုင် လုပ်ဆောင်နေသော လုပ်ငန်းများကို စနစ်တကျ ထိန်းကျောင်းနိုင်ရန်လည်း အရေးကြီးသည်။ နှစ်စဉ် ဘတ်ဂျက်ချထားမှုကို တတ်နိုင်သမျှ စိစစ်ပြီး အမြဲတစေ အရှုံးပေါ်နေသော လုပ်ငန်းများကို ပြန်လည် သုံးသပ်သင့်သည်။ အချို့နိုင်ငံပိုင် လုပ်ငန်းများအနေဖြင့် ဘဏ္ဍာနှစ်များစွာအတွင်း အမြတ်မပြနိုင်ဘဲ အရှုံးပေါ်နေခြင်းများကို အကောင်းဆုံး စီမံခန့်ခွဲမှုရှိသည့် အစိုးရအနေဖြင့် ခွင့်မပြုသင့်ပေ။ ထို့ပြင် အုပ်ချုပ်ရေးအာဏာ ရရှိသော ပြည်ထောင်စု၊ ဒေသဆိုင်ရာ အစိုးရ အကြီးအကဲများသည် ပြည်သူ့ဘဏ္ဍာငွေမှ ခွဲတမ်းချထားပြီးသော ဘတ်ဂျက်များအပေါ် မိမိတို့၏ ကိုယ်ပိုင်ဝင်ငွေများထက်ပင် စိစစ်လုပ်ဆောင်နိုင်ရန် လိုသည်။

အစိုးရတစ်ရပ်အတွက် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများဖြင့် အဓိက ရပ်တည်ရသည်မှာ အမှန်ပင်ဖြစ်သည်။ ဒီမိုကရေစီအစိုးရ အနေဖြင့် ပြည်သူတို့အတွက် ဝန်ဆောင်မှုပေးရာတွင် ဘဏ္ဍာငွေ ကောက်ခံရရှိမှုမှတစ်ဆင့် ဘတ်ဂျက်ခွဲဝေမှု ပိုင်းခြား သတ်မှတ်လေ့ရှိသည်။ ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဘတ်ဂျက်ရန်ပုံငွေများ ခွဲဝေသုံးစွဲရာတွင် လွှတ်တော်၌ ကတိကဝတ် ပြုထားသည့် လုပ်ငန်းများကို ဦးစားပေး ထည့်သွင်းလျာထား လုပ်ဆောင်ရသည်။ အစိုးရအနေဖြင့် ဘတ်ဂျက် အနေအထားပေါ် မူတည်၍ နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့် စီမံကိန်းများကို ဦးစားပေး လုပ်ကိုင်ရသည်ဖြစ်ရာ အခွန်ကောက်ခံရရှိမှုသည် အရေးကြီးခြင်း ဖြစ်သည်။ သို့သော် ပြည်သူတို့ထံမှ မှန်မှန်ကန်ကန် အခွန်ကောက်ခံရန် အစိုးရက ကြိုးစားရသကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက်လည်း အာမခံချက်ပေး၍ တာဝန်ယူ လုပ်ဆောင်ပေးနိုင်ရန်လည်း အရေးကြီးသည်။ အများပြည်သူ ဝန်ဆောင်မှုများဟူသည် အစိုးရက စရိတ်ခံသော၊ အစိုးရက ဖြန့်ဝေပေးသော ဝန်ဆောင်မှုများ ဖြစ်သည်။ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို အစိုးရက ဝန်ဆောင်မှုပေးခြင်း၊ ဝင်ငွေ နိမ့်ပါးသူများကို ထောက်ပံ့ပေးခြင်း၊ အနိမ့်ဆုံး လူနေမှုအဆင့်အတန်းကို အာမခံပေးသည့် အများပြည်သူ ဝန်ဆောင်မှုများ ထားရှိပေးခြင်းနှင့် အခြားလူမှုဖူလုံရေး လုပ်ငန်းများ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် လျှပ်စစ်မီးစနစ်များ အစရှိသည်တို့ကို အစိုးရက ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက်ပေးခြင်း သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လှသည်။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အခွန်အကောက်မှရရှိသော ပြည်သူ့ဘဏ္ဍာဖြင့် တိုးတက် စည်ပင်အောင် ဆောင်ရွက်ကြရသည်။ သို့ဖြစ်ရာ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် မရှိစေရေးနှင့် ဘတ်ဂျက် စီမံခန့်ခွဲမှုသည် အစိုးရတစ်ရပ်အတွက် အလေးထား ဂရုပြုစရာပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

 

Most Read

Most Recent