နေရပ်ပြန်ပို့ခံနေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အခက်အခဲများ

နေရပ်ပြန်ပို့ခံနေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အခက်အခဲများ
ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများကို မြန်မာတာဝန်ရှိသူများက စိစစ်နေစဉ်
ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများကို မြန်မာတာဝန်ရှိသူများက စိစစ်နေစဉ်
Published 23 September 2019
ဇော်မိုးဦး (မြိတ်) 



ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသည့် သန်းနှင့်ချီသော မြန်မာရွှေ့ပြောင်း လုပ်သားများထဲမှ  တရားဝင် မဟုတ်သူများမှာ ဖမ်းဆီးခံရပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခံနေရမှုမှာ ယခုနှစ်အတွင်း ပိုများလာသည်။

မြန်မာ-ထိုင်း နယ်စပ်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား များစွာကို နေ့စဉ်တွေ့နိုင်သလို ပြန်လည်ပို့ဆောင်ခံနေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများလည်း နေ့စဉ်နီးပါး ရှိနေသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံရှိ မဟာချိုင်၊ မဲကွန်၊ ရနောင်းစသည့်ဒေသများရှိ ရေလုပ်ငန်းများ၊ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးနှင့် စားသောက်ကုန် လုပ်ငန်းများမှာ မြန်မာရွှေ့ပြောင်း လုပ်သားအများစု လုပ်ကိုင်နေကြသည်။ တချို့အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ ခံရသည်။ တချို့က တရားဝင် အလုပ်သမား မဟုတ်သည့်အတွက် ဖမ်းဆီးခံရပြီး ပြန်ပို့ခံနေရသည်။ မြန်မာဘက်မှ တာဝန်ရှိသူများက နေရပ်ပြန်ပို့ခံရသူများကို စိစစ်လက်ခံပြီး နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်နိုင်ရန် စီစဉ်ပေးကြသည်။ စားဝတ်နေရေးအတွက်သော် လည်းကောင်း၊ အနာဂတ် အိပ်မက်တစ်ခုအတွက်သော် လည်းကောင်း တိုင်းတစ်ပါးသို့ စွန့်စွာသွားရောက် အလုပ်လုပ် ကိုင်နေသူ တချို့၏ အိပ်မက်များ ပျက်စီးကာ အချိန်ကုန်၊ ငွေကုန်ဖြင့် ဒုက္ခများ ပွေ့ပိုက်ကာ နေရပ်ပြန် ရောက်လာကြသည်။ အဓိက အကြောင်းရင်းမှာ တရားဝင် အလုပ်သမားတစ်ဦးဖြစ်ရန် ငွေကုန်ကြေးကျများနေခြင်း၊ လနှင့်ချီ၍ အချိန်စောင့်ဆိုင်းနေရခြင်း၊ အသိပညာ နည်းပါးခြင်း၊ အဆက်အသွယ် မရှိကြခြင်းများကြောင့် တရားမဝင် သွားရောက် လုပ်ကိုင်သည့်အတွက် ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံမှုကို ကြုံတွေ့နေရသည်။

“ကျွန်တော်သိသလောက် ပတ်စ်ပို့လုပ်တာက ကျပ်ခုနစ်သောင်းလောက်ကုန်တယ်။ ထိုင်းနိုင်ငံဘက်  ရောက်ရင် အလုပ်သမား မှတ်ပုံတင် လျှောက်ရင် ထိုင်းဘတ်ငွေ ၁၉၀၀၊ ဆေးရုံဘတ် လုပ်မယ်ဆိုရင် ဘတ် ၁၉၀၀၊ အဲဒါတွေက တစ်နှစ်စာပေါ့။ အာမခံနဲ့ ဆေးစစ်၊ သွေးစစ်က ဘတ် ၅၀၀ အများဆုံးပဲ။ စုစုပေါင်း ထိုင်းဘတ်ငွေ ၇၀၀၀ ကျော်လောက်ပဲ ကုန်ကျတာပါ။ အေးဂျင့်တွေမှာလည်း သူတို့ယူထားတဲ့ နှုန်းထားနဲ့ ပြန်ပေးရတာတွေက သိပ်မကာမိဘူး။ ဒါကြောင့် အစိုးရပိုင်း အနေနဲ့ ဒါကိုသေသေချာချာ စီစဉ်ထားဖို့လိုတယ်။ ဥပမာ အလုပ်သမား တစ်ယောက်အနေနဲ့ နယ်စပ်ရောက်လာမယ်။ ပတ်စ်ပို့လုပ်မယ်။ ထုတ်လို့ရတဲ့အထိ အများဆုံး ၁၀ ရက် ၁၅ ရက်ဆိုတော်ပြီပေါ့ဗျာ။ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ လုပ်ပေးဖို့ အရေးကြီးတယ်” ဟု ကော့သောင်းမြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားရေးရာ ဒုတိယတာဝန်ခံ ဦးမိုးဝေက ပြောကြားသည်။         

မြန်မာ-ထိုင်း နယ်စပ်သို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့်ပတ်စ်ပို့ရရှိရန် အချိန်သုံးလအထိ စောင့်ဆိုင်းရသလို ထိုင်းနိုင်ငံရှိ အလုပ်ခွင် အတွင်းသို့အရောက် ဘတ်သုံးသောင်းနီးပါးအထိ ကုန်ကျမှုများရှိ နေရာအခက်အခဲများစွာ ရှိနေသည်ဟု သိရသည်။

အချိန်မစောင့်ဆိုင်းနိုင်သူများ၊ ငွေကြေးမတတ်နိုင်သူများမှာ အလုပ်ရရှိဖို့ တစ်ခုတည်းကိုသာ ဦးတည်ပြီး ဝင်ရောက်သွားသည့်အတွက် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံနေရသည်။

“ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်နိုင်ဖို့ ဘတ်သုံးသောင်းနီးပါးအထိ ရှိနေတယ်။ အလုပ်သမားက တိုက်ရိုက်ပေးထားသည့်နည်းနဲ့ အလုပ်ရှင်က စိုက်ထုတ်ပေးပြီး လခမှ တဖြည်းဖြည်း ပြန်လည်နုတ်ယူသည့်နည်း နှစ်မျိုးနဲ့ လုပ်ဆောင်ပေးနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမားက နောက်ဆုံးမှာ အကုန်အကျခံနေရတယ်။ ဒါဟာကြီးမားတဲ့ ကုန်ကျမှုတစ်ခု ဖြစ်နေတဲ့အတွက် အလုပ်သမားတွေမှာ အခက်အခဲဖြစ်နေတယ်။ နှစ်နိုင်ငံ အစိုးရမှ ဖြေရှင်းပေးရမယ်” ဟု မြန်မာအလုပ်သမား ၂၀၀ ကျော်ကို အလုပ်အကိုင်ပေးထားသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကုမ္ပဏီပိုင်ရှင် အမျိုးသမီးတစ်ဦးက မြိတ်-ရနောင်း ကုန်သွယ်မှု အစည်းအဝေးမှာ ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သားများကိစ္စကို MoU ထိုးပြီးဆောင်ရွက်နေသော်လည်း တရားမဝင် အလုပ်သမားများစွာ ဝင်ရောက်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံမှာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် အလုပ်သမားတွေအဖြစ် လုပ်ကိုင်ဖို့ ခွင့်ပြုထားပါတယ်။ သူတို့ကိုဥပဒေအရ လုပ်အားခနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးပါတယ်။ ဥပဒေနဲ့ မညီတဲ့သူတွေက အကျိုးခံစားခွင့် မရှိပါဘူး။ တရားမဝင် ဖြစ်တဲ့အတွက် လုံခြုံမှု မရှိဘူး။ ဖမ်းဆီးခံရရင် ပြည်နှင်ဒဏ် ပေးခံရမှာပါ။ လုပ်အားခကိုလည်း ထိုင်းလူမျိုးများနဲ့ တန်းတူလုပ်အားခ ပေးတဲ့အပြင် လုပ်ငန်းကျွမ်းကျင်မှု ရှိလာရင် ထိုင်းလူမျိုးထက် လခပိုကောင်းတဲ့သူတွေ အများကြီး ရှိပါတယ်။ ဆေးကုသခွင့်၊ အာမခံလူမှု ဖူလုံရေးများ စီစဉ်ပေးထားပါတယ်။ ဥပဒေကြောင်းအရ ကာကွယ်မှု အပိုင်းကို စီစဉ်ပေးထားပါတယ်။ နိုင်ငံတကာ စံနှုန်းများနဲ့အညီ ထိုင်းနိုင်ငံကလည်း လက်မှတ်ရေးထိုးထားတဲ့အတိုင်း ကာကွယ်မှု ပေးထားပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ ကင်းစခန်းများ ချထားခြင်း၊ စစ်ဆေးရေးဂိတ်များ ချထားပြီး စစ်ဆေးနေခြင်းတွေ လုပ်ဆောင်နေပါတယ်” ဟု ထိုင်းနိုင်ငံ ရနောင်းခရိုင် လက်ထောက်ခရိုင်ဝန် Mr. Chartree Chanir Achai က ပြောကြားသည်။

ထိုင်းနိုင်ငံတွင်လည်း အလုပ်သမားရှားပါးမှုရှိရာ မြန်မာရွှေ့ပြောင်း လုပ်သားများ အခက်အခဲကလည်း ထိုင်းနိုင်ငံရှိ လုပ်ငန်းများအပေါ် ရိုက်ခတ်မှုများ ရှိလာကြောင်း သိရသည်။

“နယ်စပ်ကို ရောက်လာတဲ့ အလုပ်သမားတွေက အများအားဖြင့် မြန်မာနိုင်ငံ နေရပ်အသီးသီးက တောနယ်ဘက်ကျတဲ့ ဒေသက လူတွေများတယ်။ သူတို့မှာ အသိပညာလည်း မရှိဘူး။ အဆက်အသွယ်လည်း မရှိကြဘူး။ တချို့ အေဂျင်စီနဲ့ချိတ်ပြီး သွားကြတဲ့ သူတွေရှိတယ်။ အေဂျင်စီတွေမှာကလည်း ပတ်စ်ပို့ကြန့်ကြာမှုကြောင့် အလုပ်သမားတွေကို လနဲ့ချီပြီးနေစရာ၊ စားစရာ စီစဉ်ပေးထားရပြန်တယ်။ စားစရိတ်တွေကလည်း တက်လာတော့ သူတို့မှာလည်း အခက်အခဲဖြစ်နေတယ်။ တချို့ကလည်း ဒီလိုကြန့်ကြာ နေတဲ့အတွက် ဘယ်လိုမှစောင့်ဆိုင်းလို့ မဖြစ်နိုင်တဲ့အတွက် တရားမဝင် သွားလိုက်ကြတယ်။ နောက်ဆုံး ပြန်ဖမ်းမိပြီး ပြန်ပို့ခံလိုက်ရတယ်” ဟု ဦးမိုးဝေက ပြောကြားသည်။

တရားဝင် အလုပ်သမားဖြစ်ဖို့ ပတ်စ်ပို့ အချိန်ကြန့်ကြာနေခြင်းနှင့် ကုန်ကျစရိတ် များပြားနေမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာမှုက “ဝင်လာမစဲ တသဲသဲ” ဖြစ်နေဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ ရနောင်းထာနီ မြန်မာစာသင်ကျောင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီး ဆရာဆရာမများကို ဖမ်းဆီးလိုက်သည်။ ရနောင်း ထာနီကျောင်းသည် ထိုင်းတစ်နိုင်ငံလုံး၌ အကြီးဆုံး မြန်မာစာသင်ကျောင်းဖြစ်ပြီး တခြားမြန်မာစာသင်ကျောင်းပေါင်း ၁၃ ကျောင်းကိုလည်း ယာယီပိတ်ထားလိုက်ကြသည်။ အကြောင်းပြချက်က စာသင်ကျောင်း၌ စာသင်ပေးနေသည့် ဆရာ ဆရာမများသည် ၂၀၁၇ ခုနှစ် နိုင်ငံခြားသား အလုပ်သမား အလုပ်လုပ်ကိုင်မှု စီမံခန့်ခွဲမှုဥပဒေအရ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ တရားဝင် အလုပ်သမား မှတ်ပုံတင် မရှိကြသောကြောင့် ဖမ်းဆီးပိတ်သိမ်း ထားကြောင်း ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

ရနောင်းထာနီကျောင်း အပါအဝင် ရနောင်းခရိုင်ရှိ စာသင်ကျောင်းပေါင်း ၁၃ ကျောင်းတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ သားသမီးပေါင်း ၃၀၀၀ ကျော်ပညာ သင်ကြားနေရာ ကလေးများအတွက်ပါ ပညာရေး အခက်အခဲ ဖြစ်ခဲ့ရသည်။

“ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်နိုင်ငံခြားသား အလုပ်သမား အလုပ်လုပ်ကိုင်မှု စီမံခန့်ခွဲမှု ဥပဒေအရ နိုင်ငံခြားသားများကို အလုပ်လုပ်ပိုင်ခွင့် ၂၄ မျိုး ပေးထားတယ်။ မြန်မာအလုပ်သမားတွေက ဒီအမျိုး အစားတွေထဲမှာ လုပ်ကိုင်ကြရတယ်။ ၂၄ မျိုးထဲမှာ မပါတဲ့လုပ်ငန်းခွင်တွေနဲ့ တရားမဝင် အလုပ်သမား တွေဆိုရင် ထိုင်းကဖမ်းဆီးပြီး ပြန်ပို့နေတာဖြစ်တယ်” ဟု မြန်မာ-ထိုင်း အရေးကိစ္စများကို စောင့်ကြည့်လေ့လာ နေသူများက ပြောကြားခဲ့သည်။

မြန်မာအလုပ်သမားများ အဓိက သွားရောက်အလုပ်လုပ်ကိုင်နေသည့် လုပ်ငန်းများမှာ ရေလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းခွင်များဖြစ်ပြီး မြန်မာနိုင်ငံတွင် ရေလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို လက်ရှိ အစိုးရ လက်ထက်တွင်လည်း အကောင်ထည်ဖော်ပေးနိုင်မှု အားနည်းနေဆဲ ဖြစ်သည်ကို တွေ့ရသည်။

ရနောင်းနှင့် ထိုင်းတစ်နိုင်ငံလုံးမှ အားထားနေရသည့် မြိတ်ကျွန်းစုမှ ရေထွက်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့် သွားရောက် ရောင်းချနေရဆဲဖြစ်သလို အလုပ်သမားများကိုလည်း ပို့ဆောင်ပေးနေရဆဲဖြစ်သည်။ ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကောင်ထည်ဖော်ပေးဖို့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့်အတွက် ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်တွန့်နေကြသည်။

ထို့အတွက် လက်ရှိအစိုးရ အနေဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့နေရသည့် ပတ်စ်ပို့အတွက် အချိန်ကြန့်ကြာခြင်းနှင့် ငွေကုန်ကြေးကျ များပြားနေခြင်းကို အလေးထား ဆောင်ရွက်ပေးရန် လိုမည်ဖြစ်သလို ပြည်တွင်း၌လည်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် ကုမ္ပဏီများအပေါ် ဂရုစိုက်ကူညီပေးရန် လိုမည်ဖြစ်သည်။ သို့မဟုတ်ပါက စားဝတ်နေရေး အတွက်၊ အနာဂတ်အိပ်မက်အတွက် သွားရောက် အလုပ်လုပ်ကိုင်သူများမှာ ဒုက္ခများ ပွေ့ပိုက်ပြီး “ဝင်လာ မစဲ တသဲသဲ” ဖြစ်နေဆဲ၊ ဖြစ်နေဦးမည်မှာ သေချာသည်။

Most Read

Most Recent