တရုတ်နှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုနှင့် မြန်မာ့နယ်စပ်ကုန်သွယ်ရေး ဘယ်လမ်းရွေးမလဲ

တရုတ်နှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှုနှင့် မြန်မာ့နယ်စပ်ကုန်သွယ်ရေး ဘယ်လမ်းရွေးမလဲ
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကုန်တင်ယာဉ်တစ်စီးကို မီးရှို့ပြီး လမ်းပေါ် ပိတ်နေမှုကြောင့် ယာဉ်ကြောပိတ်ဆို့နေသည်ကို သြဂုတ် ၂၉ ရက်က တွေ့ရစဉ် (Photo: Sai Har Bit)
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကုန်တင်ယာဉ်တစ်စီးကို မီးရှို့ပြီး လမ်းပေါ် ပိတ်နေမှုကြောင့် ယာဉ်ကြောပိတ်ဆို့နေသည်ကို သြဂုတ် ၂၉ ရက်က တွေ့ရစဉ် (Photo: Sai Har Bit)
Published 1 September 2019
နီလာ

မြန်မာ့နယ်စပ်ကုန်သွယ်မှုမှာ အဓိကအကျဆုံးဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပါ။  တစ်ရက်ကို ပျမ်းမျှ ဒေါ်လာခြောက်သန်းလောက် ကုန်သွယ်နေတဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းနှစ်ခုကတော့ မြောက်ပိုင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အခုအချိန်မှာ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေ တာ ၁၇ ရက်ရှိနေပါပြီ။

တစ်ရက်ကို ဒေါ်လာခြောက်သန်းလောက် ကုန်သွယ်နေတာဖြစ်လို့ နစ်နာမှုကို ပြန်ကြည့်မယ်ဆိုရင် မြောက်ပိုင်းလေးဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နစ်နာနေတာ ဒေါ်လာသန်း ၁၀၀ ကျော်နေပြီဆိုတဲ့ သဘောပါ။

ဒါဟာ ကုန်သွယ်မှုတစ်ခုတည်းကြောင့် ကုန်သွယ်မှုနဲ့ဆက် စပ်နေတဲ့ပြည်သူတွေ နစ်နာနေတာတစ်ခုတည်း တွက်ဆထားတာ ဖြစ်ပြီး တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်ပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေ၊ ပျက်စီးသွားတဲ့  လမ်းတံတားတွေ၊ ပြည်သူတွေရဲ့ချွေးနှဲစာနဲ့ ဝယ်ထားတဲ့ယာဉ်တွေကို မီးရှို့ခံလိုက်ရတဲ့ ကုန်ကျစရိတ်တွေမတွက်ရသေးပါဘူး။

ဒီလိုမျိုး နစ်နာဆုံးရှုံးမှုတွေအတွက် တိုက်ပွဲတွေရပ်ဖို့ ညှိနှိုင်းဆွေးနွေးနေကြသလို  တစ်ဖက်မှာလည်း ပြတ်တောက်နေတဲ့ ကုန်သွယ်မှုလမ်းကြောင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပြည်သူတွေ မနစ်နာရေးအတွက် ကုန်သွယ်မှုတွေ ဘယ်လိုတိုးချဲ့မလဲဆိုတာ ပြင် ဆင်ရတော့မှာပါ။

         

ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုနဲ့  ခရီးသွားလာမှုပါ ရပ်ဆိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် အဓိကကျတဲ့ မူဆယ်နယ်စပ် ကုန် သွယ်ရေးလမ်းကြောင်း ပြတ်တောက်ရုံသာမက ပြင်ဦးလွင်၊ လားရှိုးဘက်ကို ခရီးသွားလာမှုတွေပါ ရပ်ဆိုင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။

“ဒါကြောင့် မူဆယ်ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်မှာ၊ ချင်းရွှေ ဟော်မှာ မဖြစ်ခင်ကာလမှာဆိုရင် တစ်ရက်ကို ပျမ်းမျှဒေါ်လာခြောက် သန်းဖိုးလောက် ဆောင်ရွက်နိုင်ပါတယ်။ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနေ့မှာ ကုန်သွယ်မှုက ဒေါ်လာငါးသန်းပါ။ ဒါက မူ ဆယ်နဲ့ ကုန်သွယ်မှုကိုပြောတာပါ။ ၁၉ ရက်နေ့မှာဆို ကုန်သွယ်မှုပမာဏဟာဆိုရင် မဖြစ်ခင် ၁၅ ရက်က ဒေါ်လာငါးသန်းကနေပြီး ၁၉ ရက် မှာ နေ့စဉ်ဒေါ်လာ ခုနစ်သိန်း လောက်ပဲ ရှိပါတယ်။ ဆောင်ရွက်နိုင်ပါတယ်။ ပြောမယ်ဆိုရင် တန်ဖိုးအရ သွင်းကုန်၊ ထုတ်ကုန်ကြီးမားစွာ ထိခိုက်ပါတယ်။ ချင်းရွှေဟော်ကို  ကြည့်မယ်ဆိုရင်လည်း မဖြစ်ခင် တစ်ရက်ကို အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂ သန်း၊ ၁ ဒသမ ၃ သန်းနီးပါးလောက် နေ့စဉ်ဆောင်ရွက်နေရာကစပြီး ၁၅ ရက်နေ့မှာဆို ငါးသိန်းလောက်ပဲ ဆောင်ရွက်နေပါတယ်။ ၁၆ ရက်မှာဆို ဒေါ်လာ သုံးသိန်းကျော်ပဲ ဆောင်ရွက်နိုင်ပါ တယ်။ ၁၇ ရက်မှာ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု မပြုနိုင်တာ ယနေ့အထိပဲ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များတွင် အကြီးဆုံးဖြစ်ပြီး လက်ရှိ တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလုပ်ငန်းများသာမက အခြေခံအ ဆောက်အအုံတွေဖြစ်တဲ့ လမ်းတံ တားများပျက်စီးမှု၊ ပြည်သူများ ထိခိုက်နစ်နာမှုရှိနေတဲ့အပြင် ကုန်သွယ်မှုနဲ့ဆက်စပ်နေတဲ့ အလုပ်အကိုင် အားလုံးလည်း ရပ်ထားရတဲ့အတွက် အဆိုပါလုပ်ငန်းများ ထိခိုက်မှုအပြင် အဆိုပါလမ်းပိုင်းမှာ မန္တလေးနဲ့ ချိတ်ဆက်နေလို့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ခရီးသွားများပါ အသွားအလာရပ် ဆိုင်းနေပြီး စီးပွားရေး၊ လူမှုရေးအားလုံးပါ ထိခိုက်ရတယ်လို့ ဒေါက်တာသန်းမြင့်က ဆိုပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စတွေက နိုင်ငံရေးနဲ့ သက်ဆိုင်လာတယ်။ သူက ဘာကြောင့် ဒါလုပ်တာလဲ။ သူ့ရဲ့ နောက်ကွယ်မှာ ဘာရှိသလဲ။ ဒါကို သေသေချာချာ လေ့လာသုံးသပ်ပြီးတော့ ကျွန်တော်တို့ သတင်းအချက်အလက် သတင်းအရင်းအမြစ်တွေ စုဆောင်းဖို့လိုတယ်။ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေက သတင်းအချက်အလက် စုဆောင်းရမယ်။သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သတင်းအရင်းအမြစ်တွေ စုဆောင်းရမယ်။ ဒါက သာမန်တိုက်ခိုက်မှုလား။ ဒီတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲ ဘာရှိသလဲ။ ဘာကြောင့် တိုက်ခိုက်ရသလဲ။ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်ရသလဲ။ ဘာတွေ ဆက်လုပ်လာသလဲ စသသည်ဖြင့် ပေါ့။ ပြောရရင် သာမန်သတင်းအ ရင်းအမြစ်မဟုတ်ဘူး။ ခိုင်မာတဲ့ သတင်းအမြစ်တွေ စုဆောင်းရ မယ်။ခိုင်မာတဲ့သတင်းအမြစ်တွေရပြီဆိုရင် နိုင်ငံတော်အဆင့်ဆင့်မှာ ဒါတွေနဲ့ပတ်သက်ပြီး ဖြစ်စဉ်တွေ ကိုပြန်လည်သုံးသပ်ပြီး နောင်လည်း ဒီလိုဖြစ်စဉ်တွေ ဖြစ်မလာနိုင်အောင် ဘယ်လိုကြိုတင်ကာကွယ်မ လဲဆိုတာ အတွင်းစည်း အစည်းအဝေးပေါ့နော်။ ဒါက Public ကို ထုတ်ပြောစရာတော့ မလိုဘူးပေါ့နော်။ ဒါမျိုးတွေကို လုပ်သင့်တယ်။ ဒါကအရေးကြီးတဲ့အချက်ပါ”ဟု စီး ပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားခဲ့ပါတယ်။

တရုတ်နယ်စပ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေ လက်နက်ကိုင်တွေဖြစ်နေတဲ့ ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်သွားမှုတွင် မြန်မာဘက်က ကုန်သည်တွေ ထိခိုက်သလို တရုတ်ဘက်က ကုန်သည်တွေလည်း ထိခိုက်မှုရှိပေလိမ့်မယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဖော်ဆောင်ရန် ပြင်ဆင်နေတဲ့ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ စီမံကိန်းအပါအဝင် စီမံကိန်းတွေကိုလည်း ထိခိုက်နိုင်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

“တရုတ် -မြန်မာ စီးပွားရေး စင်္ကြံဆိုတာ ငြိမ်းချမ်းရေးမရဘဲ လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဖို့ဆိုတာ ဖြစ်နိုင်ခြေ တော်တော် နည်းသွားလိမ့်မယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ CMEC (China-Myanmar Economic Corridor) ကို လျင်လျင်မြန်မြန်နဲ့ အောင်အောင်မြင်မြင်အကောင် အထည်ဖော်ဖို့အတွက် ငြိမ်းချမ်း စွာဖြေရှင်းဖို့လိုတယ်။ ဒီကိစ္စတွေက နှစ်နိုင်ငံအကျိုးစီးပွားနဲ့ သက်ဆိုင် လာတယ်။ ဒါကို တရုတ်ခေါင်းဆောင်၊ မြန်မာခေါင်းဆောင်တွေ ကြားမှာ  ဒါကိုသိဖို့လိုတယ်။ ဒါတွေ ကို ဆွေးနွေးဖို့လိုပါတယ်”ဟုဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်များက မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ရုံသာမက မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျတဲ့ အခြားကုန် သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်လည်း တံတားမိုင်း ခွဲမှုတွေဖြစ်ပွားခဲ့တဲ့အတွက် မူဆယ်သာမက ချင်းရွှေဟော်နယ်စပ်ကနေ ကုန်သွယ်နိုင်မယ့် အခွင့်အရေးကိုပါ ထိပါးလာတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးကိုပဲ အားကိုးနေရတဲ့ အခြေအနေမဟုတ်ဘဲ အခြား ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေအတွက် ပြင်ဆင်ထားသင့်တယ်ဆိုတဲ့  အကြံပြုချက်တွေလည်း ရှိနေပါတယ်။

“နောက်အရေးကြီးတဲ့ အချက်က ကုန်သွယ်ရေးမှာ အဓိကအရေးကြီးတာက တရုတ်လမ်းကြောင်းရယ်၊ ထိုင်းလမ်းကြောင်းရယ် နှစ်ခုပဲရှိတာကိုး။ နှစ်ခုတည်းကို တည်မှီနေရင်တော့ မဖြစ်ဘူးပေါ့ဗျာ။ တခြားကုန်သွယ်ရေးလမ်းကြောင်းအသစ်တွေကို ဖော်ဆောင် ဖို့လိုတယ်”ဟု ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များရဲ့ အလားအလာ

မြန်မာနိုင်ငံနဲ့အဓိကကုန်သွယ်မှုပြုနေ တဲ့နိုင်ငံတွေက တရုတ်၊ထိုင်း၊အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊စင်ကာပူနဲ့မလေးရှားနိုင်ငံတို့ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာတော့ တရုတ်၊ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့   ကုန်သွယ်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုအနက် မြန်မာ-တရုတ်နယ်စပ်မှာ မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်မှာ ကျိုင်းတုံ၊တာချီလိတ်၊မြဝတီ၊ကော့သော င်း၊မြိတ်၊နဘူလယ်/ထီးခီး၊မောတောင်၊မယ်စဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ပါတယ်။ ကျန်တဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေက အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့နဲ့ ကုန်သွယ်နေတာ ပါ။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ    သြဂုတ် ၂၃ ရက်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှု ပမာဏဒေါ်လာ သန်း ၄၃ဝဝကျော်ရရှိထား ပေမယ့် မနှစ်ကကာလတူနဲ့ယှဉ်ရင် ဒေါ်လာ သန်း ၁၁၉၅ ကျော် လျော့နေပါတယ်။ လွယ်ဂျယ်မှာလည်း ကုန်သွယ်မှုက ဒေါ်လာ  ၁၃၇ သန်းကျော်ရထားပေမဲ့ မနှစ်ကထက် ဒေါ် လာ သန်း ၈၀ ကျော်လျော့နေတာတွေ့ ရပါ တယ်။ ချင်းရွှေဟော်မှာ ကုန်သွယ်မှုက ဒေါ် လာ သန်း ၄၉၀ ကျော်ရှိပြီး မနှစ်ကထက်ဒေါ် လာ ၆၈ သန်းကျော်၊ ကန်ပိုက်တီးမှာ ကုန် သွယ်မှုက ဒေါ်လာ ၂၈၄ သန်းကျော်ရရှိပြီး  မနှစ်ကထက် ဒေါ်လာ ၁၄၄ သန်းကျော် ကုန် သွယ်မှုပြုထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

မူဆယ်၊ ချင်းရွှေဟော်စတဲ့နယ်စပ်စခန်းတွေဟာ နယ်စပ်ကုန်သွယ်မှုမှာ အဓိက ကျတဲ့စခန်းတွေဆိုပေမယ့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုကတော့ ဝယ်သူစျေးကွက်သာဖြစ်နေပြီး ရောင်းသူစျေးကွက်ဆို တဲ့အခြေအနေကို အကောင်အထည်မဖော် နိုင်သေးပါဘူး။

မြန်မာဘက်က တရားဝင်တင်ပို့တာ ဆိုပေမဲ့ တရုတ်ဘက်က ဒါကိုတရားဝင်အဖြစ် သတ်မှတ်မထားတဲ့အတွက် တရုတ်ဘက်က ပေါ်လစီအရ အဖမ်းအဆီးတွေပြုလုပ်တာရှိတယ်။ အရည်အသွေးအရလို့ဆိုပြီး စျေးနှိမ်ခံရတာတွေ၊ မဖြစ်မနေရောင်းမှဖြစ် မယ့် ကြာကြာအထားမခံနိုင်တဲ့အချို့ပို့ကုန်တွေအတွက်လည်း စျေးနှိမ်ခံရပြန်ပါတယ်။ အဓိကကျတဲ့နယ်စပ်ကုန်သွယ်ရေးစခန်း တွေမှာတောင် ရောင်းသူစျေးကွက်အ ကောင် အထည်မဖော်သေးတဲ့အခြေအနေ ဖြစ်ပါတယ်။

ဒါက တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေး အခြေအနေဖြစ်ပြီးတော့ ထိုင်းနဲ့အိန္ဒိယတို့ နဲ့နယ်စပ်ကုန်သွယ်မှုပြုမယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားမလဲဆိုတာနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ န လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က “အဓိကက ကိုယ့်ရဲ့ပို့ကုန်တွေက အ ရည် အသွေးကောင်းရမယ်။ အရည်အသွေး ကောင်းရင် ဘယ်နိုင်ငံကိုမဆို ပို့လို့ရတယ်။ ပြီးတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းသည် နိုင်ငံတကာက သတ်မှတ်ထားတဲ့စံချိန်စံညွှန်းမီဖို့ လိုတယ်။ နံပါတ် (၂) အချက်က စျေးကွက်ရှိပင် ရှိငြားသော်လည်း စျေးကွက်မှာယှဉ်ရောင်း နိုင်တဲ့ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းဖို့လိုတာပေါ့။ ကျွန်တော်တို့ဆီမှာ အဓိကပြဿနာက အဲဒါဖြစ်နေတာ”ဟု ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဆီမှာ ဘာတွေကအဟန့်အတားဖြစ်နေလဲဆိုရင် Logistic Costs တွေ၊ တစ်နေရာနဲ့ တစ်နေရာပစ္စည်းသယ်တဲ့စရိတ်တွေအရမ်း မြင့်နေတဲ့အခါ ကျတော့ စျေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းက တော်တော်နိမ့်ကျတဲ့အနေ အထားတွေ့ရတယ်။ အဲဒီတော့ စျေးကွက်မရှိ ဘူးလားမေးရင်ရှိတယ်။ ဥပမာ-တရုတ်ဆို ရင် ကိုတာပေး တယ်။သူ့နိုင်ငံကို ရောင်းလို့ရတယ်။ တရုတ် က သူတို့လိုအပ်တာတောင်းတယ်။ ဥပမာ- တရုတ်ကိုဆန်တင်ပို့ဖို့ဆိုရင် အရည်အသွေးမီတယ်လို့ တရုတ်ကသတ်မှတ်ထားတဲ့ ဆန်စက်က မြန်မာပြည်မှာ ၁၁ စက်ပဲရှိတယ်။ဒါတွေအတွက်လည်း စီးပွား /ကူး သန်းက သက်ဆိုင်ရာအသင်းအဖွဲ့တွေ နဲ့ပူး ပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်”ဟု  လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှာတော့ လက်ရှိအချိန်မှာ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနဲ့မော်တော်ကားလမ်းတွေ ကောင်းမွန်လာပြီး ကုန်သွယ် ရေးလုပ်ငန်းတွေ တိုးတက်လာတဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုဟာ ယခင်ကာလများထက် တိုးတက်လာပါတယ်လို့ ကလေး-တ မူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးလှမောင်က ဆိုပါတယ်။

အိန္ဒိယရဲ့ ဝယ်လိုအားစျေးကွက်က အလားအလာကောင်းမွန်ပြီး ကြီးမားတဲ့စျေး ကွက်တစ်ခုဖြစ်လာနေတဲ့အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍမှာ မြန်မာ့ပို့ကုန်စျေးကွက် အသားစီးရရှိထားတဲ့တစ်ခုတည်းသောစျေးကွက်ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ကုန်သွယ်မှုပြုလုပ်နေတဲ့ကုမ္ပဏီတွေ ရဲ့ ပို့ကုန်၊ သွင်းကုန်များနဲ့ဒေသခံတောင်သူ တွေ၊ စိုက်ပျိုးထုတ်လုပ်တဲ့ထွက်ကုန်သီးနှံ တွေကို စနစ်တကျသိုလှောင်ပြီး တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ပြီး ပို့ကုန်ပမာဏမြှင့် တင်နိုင်ဖို့၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်အတွက် တမူးနယ်စပ်မှာ စီးပွား ရေး ဇုန်တစ်ခုအကောင်အထည်ဖော်ပေးဖို့ ကိုလည်း ဒုတိယသမ္မတနဲ့လုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ဥက္ကဋ္ဌဦးလှမောင်ကတင်ပြ ထားတယ်လို့ သိရပါတယ်။

“စီးပွားရေးဇုန်ထူထောင်ဖို့ဆိုတာ မကြာခင်မှာ အိန္ဒိယအစိုးရရဲ့ Act East Policy ဆိုတာရှိတယ်။ အဲဒီ Act East Policy ရယ်၊ ASEAN+India ရယ်၊အိန္ဒိယကနေ မြန်မာနိုင်ငံကိုဖြတ်သန်းပြီးတော့မှ အာဆီယံနိုင်ငံတွေကိုသွားဖို့ Trilateral Road ပေါ့နော်။ ယာကြီး-ကလေးဝလမ်းတို့ကို အိန္ဒိယကအဆင့်မြှင့်နေတာရှိတယ်။ ဒါတွေကြောင့် နယ်စပ်တွေကို မလွဲမသွေပြောင်းလဲပေးရမှာလေ။အဲဒါတွေပြောင်းလဲပေးဖို့ ကျွန်တော်က တင်ပြခဲ့တာဖြစ်ပါတယ်။ဒါတွေက မြောက်ပိုင်းမှာဖြစ်နေတဲ့စီးပွားရေး ပြတ်တောက်နေတဲ့ကိစ္စတို့၊ ကားလမ်းတွေ ပြတ်တောက်နေလို့ ဒီဘက်ကသာသွားမလားလို့ အဲဒီလိုလည်းမဟုတ်ဘူး။ အိန္ဒိယ ပစ္စည်းတော်တော်များများက ပင်လယ်ရေကြောင်းကလာတယ်။ နယ်စပ်ကသွင်းတာ မရှိဘူး။ နယ်စပ်ကတင်ပို့တာပဲများတယ်။ ပို့ကုန်အသာစီးရတဲ့ဒေသဖြစ်တယ်။ဒါကြောင့်မို့ ကျွန်တော်က ဒါကိုဘယ်လိုပဲဖြစ်ဖြစ် ပို့ကုန်တွေသိုလှောင်ဖို့ ဂိုဒေါင်တွေဘာတွေ ဆောက်ဖို့လိုလာပြီ။သင့်တော်တဲ့နေရာပေး ဖို့ ကျွန်တော်တောင်းဆိုခဲ့တာဖြစ်ပါတယ်” ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က ဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းငါးမျိုးကို Quota စနစ် မရှိဘဲ အခွန်ကင်းလွတ်ခွင့်ပြုတဲ့ Form D အကျိုးခံစားခွင့်ကို ၂၀၁၈ ခုနှစ် စက်တင် ဘာလအတွင်းက နှစ်နိုင်ငံအစိုးရ G to G သ ဘောတူဆုံးဖြတ်ခဲ့သော်လည်း မြေပြင်တွင် လက်တွေ့ကုန်ပစ္စည်းတင်ပို့ရာမှာ ထိုင်းနိုင်ငံဘက်ကို တင်ပို့ခွင့်မရရှိဘူးလို့ မြဝတီနယ် စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ဒုတိယသမ္မတ နှင့်လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာတင်ပြခဲ့တာ တွေ့ရပါတယ်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုတွင်  “Win to Win ဖြစ်ရမည်” ဟု ညှိနှိုင်းခဲ့ကြ ပေမယ့် လက်ရှိကုန်သွယ်မှုစနစ်မှာ ထိုင်းဘက်က သွင်းကုန်ပမာဏပိုများပြီး မြန်မာ့ လယ်ယာထွက်ကုန်ပို့ကုန်ပစ္စည်းတွေ၎င်းတို့ရဲ့ Quota စနစ်၊ ကြီးမားတဲ့အခွန်စနစ်တွေ နဲ့ ထိန်းချုပ်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

မြဝတီနယ်စပ်ကုန်သွယ်မှုအနေနဲ့ ထိုင်းဘက်က သွင်းကုန်ပမာဏပိုများပြီး မြန်မာဘက်က ပို့ကုန်တင်ပို့နိုင်မှုက လွန်စွာ နည်းနေသေးတယ်။ ပြည်တွင်းကပို့ကုန်ပစ္စည်းတွေပိုမိုတင်ပို့နိုင်ဖို့ မြန်မာ့လယ်ယာထွ က်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ၊ကြက်သွန်ဖြူ ၊ ပဲမျိုးစုံ၊ပြောင်း၊ပြောင်းဆန်စတဲ့ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံကတစ်ဆင့် Transit Trade စနစ်နဲ့ လာအို၊ ဗီယက်နမ်ကဲ့သို့ မလေးရှားနိုင်ငံတွေကို တိုက်ရိုက်တင်ပို့ရောင်း ချခွင့်ရရှိဖို့အတွက် တစ်ဖက်နိုင်ငံနဲ့အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါတယ် လို့လည်း ဒေါ်သင်းသင်းမြတ်က ဆိုပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းက ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့တဲ့အတွက် မြန်မာ-ထိုင်းနယ် စပ် မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်သွယ်ရေးပြတ်တောက်မှုတွေဖြစ်ခဲ့ပါသေးတယ်။

သဘာဝဘေးကြောင့် ကုန်သွယ်ရေးပြတ်တောက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် ကုန်သွယ်ရေးပြတ်တောက်မှုတွေနဲ့မို့   ဒီနှစ်မှာ မြန်မာ နိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးဟာ  ထိခိုက်နစ်နာမှုတွေ ကြုံနေရတယ်။ သဘာဝဘေး နှစ်စဉ်ကြုံတွေ့လာတာကလည်း မြန်မာ့ကုန်သွယ်ရေးမှာ စိန်ခေါ်မှု အဖြစ် ရှိနေခဲ့ ပါတယ်။

နှစ်စဉ်ကြုံတွေ့လာရတဲ့ရေကြီးရေလျှံမှုအပါအဝင် သဘာဝဘေးကြောင့် ကုန်သွယ်ရေးအပေါ် သက်ရောက်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံများ၊ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်မှုပြုလုပ်ရာတွင် ဖြေရှင်းရမည့် ပြဿနာများစွာရှိနေသေးသော်လည်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် ကုန်သွယ်ရေးတွင် စျေးကွက်တစ်ခုတည်း မှီခိုနေရခြင်းထက် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပြုလုပ်နိုင်ရန် စျေး ကွက်သစ်ရှာဖွေဆွေးနွေးမှုများ ပြုလုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ 

 

 

Most Read

Most Recent