တရုတ်နိုင်ငံတွင် တရုတ်ဇနီးအဖြစ် နေထိုင်ကာ ကလေးမွေးပေးရမည် မြန်မာငွေကျပ် သိန်း ၆၀ ရရှိမည် ဟုဆိုကာ သွားရောက်မည့် မိန်းကလေး သုံးဦးအား တားဆီးခဲ့

တရုတ်နိုင်ငံတွင် တရုတ်ဇနီးအဖြစ် နေထိုင်ကာ ကလေးမွေးပေးရမည် မြန်မာငွေကျပ် သိန်း ၆၀ ရရှိမည် ဟုဆိုကာ သွားရောက်မည့် မိန်းကလေး သုံးဦးအား တားဆီးခဲ့
Published 31 August 2019
သက်ထွန်းအောင်



တရုတ်နိုင်ငံတွင် တရုတ်ဇနီးအဖြစ်နေထိုင်ကာ ကလေးမွေးပေးရမည် မြန်မာငွေ သိန်း ၆၀ ကျပ်ရရှိမည် ဟုဆိုကာ သွားရောက်မည့် မိန်းကလေး သုံးဦးအား တားဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၃၁ ရက်က ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

အမျိုးသမီး သုံးဦးအား တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် ဗန်းမော် ခရီးသည်တင် မှန်လုံယာဉ်ဖြင့် လိုက်ပါသွားကြောင်း သြဂုတ် ၃၀ ရက် မွန်းလွဲ ၂ နာရီက သတင်းအရ (လတနစု-၁၈) မှ တာဝန်ရှိသူများသည် အချိန်မီသွားရောက် တားဆီးဆောင်ရွက်ခဲ့ရာ ၎င်းယာဉ်သည် မန္တလေးမြို့အထွက် ကမ်းနားလမ်း ရှမ်းကလေးကျွန်းရွာထိပ် အရောက်တွင် တွေ့ရှိသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် တားဆီးစစ်ဆေးခဲ့ရာ ထိုင်ခုံအမှတ် (၁၃၊ ၁၄၊ ၁၆) တို့ဖြင့်လိုက်ပါလာသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး  အရောင်းကိုယ်စားလှယ် အောင်မြေသာစံမြို့နယ်၊ အသက် ၂၃ နှစ်အရွယ်မိန်းကလေး မှီခို ညောင်ကွဲရပ်ကွက် အောင်မြေသာစံမြို့နယ်နှင့် အသက် ၂၅ နှစ် အရွယ်အမျိုးသမီး စျေးရောင်း ချမ်းအေးသာစံ မြို့နယ်နေသူတို့ သုံးဦးအား တွေ့ရှိသဖြင့် တပ်ဖွဲ့စုရုံးသို့ ခေါ်ဆောင်၍ မေးမြန်းရာ ၎င်းတို့ သုံးဦးသည် မဟာအောင်မြေမြို့နယ်နေ ဒေါ်ဌေးဌေးဦး (ခ) ဒေါ်တော ၄၆ နှစ်၊ မြေပွဲစားနှင့် ခင်မင်ရင်းနှီး ရာမှတစ်ဆင့် တရုတ်နိုင်ငံတွင် တရုတ်နိုင်ငံသားနှင့် အိမ်ထောင်ကျပြီး ပြန်လည်ရောက်ရှိလာသည့် မခင်သက်နွယ် (ခ) မိနက် ၂၅ နှစ် မှီခို မဟာအောင်မြေမြို့နယ်နေသူနှင့် ရင်းနှီးခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးမှ တရုတ်နိုင်ငံတွင် တရုတ်ဇနီးအဖြစ် တစ်နှစ်ကြာ နေထိုင်ရမည်။ ကလေးမွေးပေးရမည်။ မြန်မာငွေကျပ်သိန်း ၆၀ ရရှိမည်ဟု အကြိမ်ကြိမ် စည်းရုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ သွားရောက်မည့် သုံးဦးသည် မိသားစုစီးပွားရေး အဆင်မပြေသဖြင့် တရုတ်ဇနီးမယားအဖြစ် လိုက်ပါလုပ်ကိုင်ရန် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၀ ရက်တွင် မြစ်ကြီးနားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားရောက်ရန် မွန်းလွဲ ၂ နာရီထွက်ခွာမည့် မြစ်ကြီးနားကားလက်မှတ် စီစဉ်ထားကြောင်း ပြောသဖြင့် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါခဲ့ကြောင်း၊ မြစ်ကြီးနားသို့ရောက်လျှင် တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည့် (စိစစ်ဆဲ) အမျိုးသမီးမှ လာရောက် ခေါ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၀ ရက်တွင် ဒေါ်ဌေးဌေးဦး(ခ)ဒေါ်တော၊ မခင်သက်နွယ် (ခ) မိနက်နှင့် စိစစ်ဆဲ အမျိုးသမီးတို့ သုံးဦးအား မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ)၈၆၁/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။                        

 

Most Read

Most Recent