တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကွတ်ခိုင်-မူဆယ် လမ်းကြောင်းတွင် ငါးရှဉ့်ကုန်ကားများ ပိတ်မိနေပြီး လုပ်ငန်းရှင်များ ကျပ်သိန်း ၉၀၀၀ ခန့် ဆုံးရှုံးခဲ့ဟုဆို

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကွတ်ခိုင်-မူဆယ် လမ်းကြောင်းတွင် ငါးရှဉ့်ကုန်ကားများ ပိတ်မိနေပြီး လုပ်ငန်းရှင်များ ကျပ်သိန်း ၉၀၀၀ ခန့် ဆုံးရှုံးခဲ့ဟုဆို
နမ့်ဖတ်ကာကျေးရွာတွင် စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ်များအား သြဂုတ် ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်
နမ့်ဖတ်ကာကျေးရွာတွင် စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ်များအား သြဂုတ် ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Published 29 August 2019
 သိင်္ဂီဝင်းတင်

ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် သြဂုတ် ၁၇ ရက်မှ စတင်ကာ တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့နှင့် ပစ်ခတ်မှုများ ရှိခဲ့ခြင်းကြောင့် ယာဉ်လမ်းကြောင်းများ ပိတ်မိနေပြီး  ငါးရှဉ့်ကုန်ကားများ သွားလာခွင့် မရခြင်းကြောင့် ငါးရှဉ့်များ သေကြေပျက်စီးကာ ကျပ်သိန်း ၉၀၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာမှ တရုတ်သို့ ငါးရှဉ့်၊ ကဏန်း တင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းအား မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးကသာ တင်ပို့နေပြီး ငါးရှဉ့်တင်ယာဉ်များ သြဂုတ် ၂၂ ရက်မ ှစတင်ကာ ငါးရက်ခန့် ပိတ်မိနေခြင်း ဖြစ်သည်။

“တစ်စီးကို ကျပ်သိန်း ၃၀၀၊ အစီးရေ ၃၀ လောက် ရှိတယ်။ ဒီတစ်ခေါက်တော့ တော်တော် မခံနိုင်ဘူး။ တစ်ယောက်မှ ဘာမှကို ပြန်မရတော့ဘူး။ ရက်ကလည်း ငါးရက် ခြောက်ရက် ပိတ်တော့ အကုန်သွန်ချပြီး ဘာမှကို ပြန်မရတော့တာ။ တချို့ဆို တွင်းတူးပြီး မြှုပ်တာတို့ ချောင်းရေတွေ ရှိတော့လည်း ရေစီးထဲ ပစ်ချလိုက်တာတွေ ရှိတယ်”ဟု ငါးရှဉ့်လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးစိုးသန်းက ပြောကြားသည်။

အဆိုပါ ယာဉ်လမ်းကြောင်း ပိတ်မိမှုကြောင့် မန္တလေးတွင်ရှိသည့် ငါးရှဉ့်များအား ရန်ကုန်သို့ ပြန်သယ်ကာ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ငါးရှဉ့်ကုန်ကား တစ်စီးအား ပြန်ရောင်းရာ ကျပ်သိန်း ၂၀ ခန့်သာ ရရှိကြောင်း ၄င်းက ဆက်ပြောကြားသည်။

“နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သွားတဲ့အတွက်ကြောင့် အရှင်သွားရတဲ့ ငါးရှဉ့်၊ ကဏန်းတွေအတွက် တော်တော် အခက်အခဲ ဖြစ်သွားတယ်။ အဲဒီအခက်အခဲတွေက ဘယ်လောက်ထိ ကြီးသလဲဆိုတော့ ကုန်သည်က သွားလို့မရတဲ့ အခါကျတော့ အဝယ်ဒိုင်တွေမှာ မဝယ်ခိုင်းတော့ဘူး။ အဝယ်ဒိုင်တွေက မဝယ်တဲ့ အခါကျတော့ ငါးရှဉ့်၊ ကဏန်း ဖမ်းတဲ့သူတွေ အလုပ်မရှိတော့ဘူး။ ဘယ်အချိန်ထိ ဖြစ်နိုင်သလဲဆိုတော့ အဲဒီတရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပုံမှန်ပွင့်ပြီးသွားလာလို့ အဆင်ပြေသွားတဲ့ အချိန်ကျမှ အရောင်းအဝယ်တွေ ပြန်ပွင့်မယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်ဘက်သို့ တစ်နေ့လျှင် ငါးရှဉ့် ကုန်ကားအစီးရေ  ၁၀ မှ ၁၅ စီး ကြား တင်ပို့လျက် ရှိနေကြောင်း၊ လက်ရှိတွင် ယာဉ်များ သွားလာနိုင်သည့် အနေအထား ရှိကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်မှ စတင်ကာ ပြင်ဦးလွင်မြို့ပေါ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) ဝင်းအတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ပစ်ခတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများရှိကာ မန္တလေး-မူဆယ်လမ်းပိုင်း လုံခြုံစိတ်ချသည့် အခြေအနေ မရှိသေးသည့်အတွက် ယာဉ်များသွားလာရေး ခက်ခဲနေသည်ဟု သိရသည်။