စမ်းချောင်းမြို့နယ်တွင် ကျပ်သိန်းလေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိမှု၏ ကွင်းဆက်အဖြစ် အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျပ် ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိ

စမ်းချောင်းမြို့နယ်တွင် ကျပ်သိန်းလေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိမှု၏ ကွင်းဆက်အဖြစ် အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျပ် ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Published 28 August 2019
မင်းသိန်းနိုင်၊ သီဟအောင်

စမ်းချောင်းမြို့နယ်တွင် ကျပ်သိန်းလေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိမှု၏ ကွင်းဆက်အဖြစ် အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့အောင်မည့် ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၈ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

စိတ်ကြွဆေးပြား စုစုပေါင်း အပြားဆယ်သိန်း (ငွေကျပ် ၂ ဒသမ ၅ ဘီလီယံ)အား ဖမ်းဆီးရမိသည်မှာ သြဂုတ် ၂၇ ရက်၊ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ လေးဝတီမော်တော်ယာဉ်ဂိတ်နှင့် မင်းထက်သာမော်တော်ယာဉ်ဂိတ်တို့တွင် မညိုအေး(စစ်တွေ)ဟု ရေးထားသည့် ဆာလာအိတ် ၇ အိတ်အတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆိးရမိမှုမှာ သြဂုတ် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြား (၁၆၈၄၀၀)ပြား (တန်ဖိုးငွေ ငွေကျပ်သိန်းပေါင်း(၄၂၀၀)ကျော်)မှ ဖမ်းဆီးရမိသည့် မအေးအေးဝင်းအား စစ်ဆေးရာမှ ကွင်းဆက်အဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မအေးအေးဝင်းအား စစ်ဆေးချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ရတနာအိမ်ရာ ၁၊ ၂ လမ်းရှိ မခိုင်ခိုင်နှင့် နိုင်နိုင်ထွန်းနေအိမ်အား သက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ စစ်ဆေးရာ နေအိမ်တွင် အိမ်စောင့်ဖြစ်သူ စိုင်းနောင်မိုန်းအား တွေ့ရှိခဲ့ပြီး နေအိမ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၆၇၈၀)ပြား (တန်ဖိုးငွေကျပ် ၁၆၉ သိန်းကျော်)အား ဖမ်းဆီးရမိခဲ့ကြောင်း၊ မခိုင်ခိုင်နှင့် နိုင်နိုင်ထွန်းတို့အား ဒဂုံတောင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီး  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့နောက် မခိုင်ခိုင်နှင့် နိုင်နိုင်ထွန်းတို့မှတစ်ဆင့် အောင်မင်္ဂလာအဝေးပြေးဝင်းတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်တွေမြို့သို့ ထွက်ခွာသွားသည့် ယာဉ်များပေါ်တွင်လည်း စိတ်ကြွဆေးပြားများ ပါရှိသွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ရခိုင်ပြည်နယ်၊ အမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေးရာ ဆာလာအိတ်ငါးအိတ်အား ထပ်မံတွေ့ရှိရပြီး အသေးစိတ် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

 

 

 

Most Read

Most Recent