လှိုင်သာယာမြို့နယ်တွင် အမျိုးသားနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အမျိုးသားနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
Published 25 August 2019
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်တွင် အမျိုးသားနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂၅ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ကျေးရွာတွင်နေထိုင်သည့် ဦး......(၅၂ နှစ်)ဆိုသူနှင့် ၎င်း၏ မယားညီအစ်ကိုတော်စပ်သူ ကို.....(၄၄ နှစ်) တို့နှစ်ဦးသည် ၎င်းတို့နေထိုင်သည့် အဆောင်တွင် နှစ်ဦးအရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့စကားများရန်ဖြစ်စဉ် ဦး.....(၅၂ နှစ်) က ကို.....(၄၄ နှစ်) ကို ကော်ရိုးတပ်ဓား ဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဓားဖြင့် ထိုးခဲ့သဖြင့် ကို.....(၄၄ နှစ်)မှာ နို့အုံအောက် နှင့် နံစောင်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ကုသစဉ် ယင်းနေ့ည ၉ နာရီခွဲခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက မယားညီအစ်ကို အချင်းချင်းပါ။ သောက်လည်းသောက်ထားကြတယ်။ ကျူးလွန်သူက တန်ဖိုးနည်းအိမ်ရာဘက်ကို သက်သေခံဓားကို သွားပစ်ပြီးတော့ ပြန်လာတဲ့အချိန်မှာပဲ သူ့ကိုဖမ်းလိုက်တာလို့ သိရတယ်။ အစကတော့ ဓားထိုးမှု ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတာပေါ့။ အခုဓားထိုးခံရတဲ့တစ်ယောက်က ဆုံးသွားတဲ့အတွက် လူသတ်မှု ပုဒ်မ ၃၀၂ ကိုပြောင်းဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent