ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းတွင် လမ်းဘေးရပ်ထားသည့် အမှိုက်သိမ်းယာဉ်ကို အငှားယာဉ် တစ်စီးက ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းတွင် လမ်းဘေးရပ်ထားသည့် အမှိုက်သိမ်းယာဉ်ကို အငှားယာဉ် တစ်စီးက ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
Published 23 August 2019
သီဟအောင်

 

          ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းတွင် လမ်းဘေးရပ်ထားသည့် အမှိုက်သိမ်းယာဉ် အား အငှားယာဉ်တစ်စီးမှ ဝင်တိုက်မိသဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု သြ ဂုတ် ၂၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

          သြဂုတ် ၂၂ ရက် ည ၁၀ နာရီခွဲတွင် Nissian AD Van အမျိုးအစား အငှားယာဉ်သည် ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းအတိုင်း ရွှေတိဂုံဘုရားမှ သိမ်ကြီးစျေးဘက်သို့မောင်းနှင်လာစဉ် ရွှေတိဂုံဘုရားလမ်းနှင့် ဇီဝက လမ်းထောင့်အရောက်တွင် အရှိန်လွန်ကာ တစ်ဖက်လမ်းကြောတွင် ရပ်ထားသည့် အမှိုက်ယာဉ်၏ ဘယ်ဘက်နောက်ခြမ်းအား တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ် ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

          ယင်းသို့ ဝင်တိုက်မိသဖြင့် Nissian AD Van အမျိုးအစား အငှားယာဉ်မောင်းမှာ ယာဉ်အတွင်း ညပ်နေသဖြင့် သက်ဆိုင်ရာမီးသတ်တာဝန်ရှိသူများနှင့် အခြားတာဝန်ရှိ သူများမှ ဆွဲထုတ်ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

          “ကျွန်မတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းက ည ၁၁ နာရီလောက်မှာ ဖုန်းဆက် အကြောင်းကြားတယ်။ ကျွန်မတို့ရောက် သွားတဲ့အချိန်မှာ ၁၉၁ က ဆရာတွေက ကားထဲမှာ ညှပ်နေတဲ့ လူနာကို ကယ်ထုတ် နေပါတယ်။ ကယ်ထုတ်ပြီး ကျွန်မတို့ လူနာ တင်ယာဉ်နဲ့ လူနာကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။ အငှားယာဉ်ရှေ့ ခေါင်းက အမှိုက်ကားအောက် ရောက်နေ တယ်။ ရှေ့မှန်တွေကွဲသွားတယ်။ စီယာတိုင် ကျိုးသွားတယ်။ ဒဏ်ရာရတာကတော့ တစ် ယောက်တည်းပါ။ အငှားယာဉ်ပေါ်မှာလည်း ယာဉ်မောင်းတစ်ယောက်ပဲ ပါတယ်။ ယာဉ် မောင်းက မျက်ခွံရိုးကျိုးသွားတယ်။ ညာဘက်မျက်လုံးလည်း ထိသွားတယ်။ နောက် စေ့ဘက်မှာလည်း ဒဏ်ရာရတယ်။ ဦးခေါင်း ဒဏ်ရာတွေရတော့ လူနာက စိုးရိမ်ရတဲ့ အနေအထားပါ။ ညာဘက်မြီးညောင့်ရိုး လည်းကျိုးသွားတယ်။ လူနာကိုလည်း ကျွန်မတို့အဖွဲ့ကနေ အရေးပေါ်ကယ်ဆယ်ကုသမှု တွေ ပြုလုပ်လိုက်ရပါတယ်”ဟု ဒဏ်ရာရ လူနာအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လင်းလက်လူမှုကူညီရေးအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

          အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ် သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

                            

Most Read

Most Recent