အုပ်စုပထမနေရာအတွက် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည်

အုပ်စုပထမနေရာအတွက် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည်
Photos : MFF
Photos : MFF
Published 20 August 2019

၂၀၁၉ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်းတို့သည် အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲအဖြစ် သြဂုတ် (၂၀) ရက် (ယနေ့) မွန်းလွဲ (၂း၃၀)နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ယင်းအသင်း(၂)သင်းစလုံးသည် အုပ်စုတွင်းပြိုင်ဘက်အသင်းများဖြစ်သည့် အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားအသင်းတို့ကို နိုင်ပွဲကိုယ်စီ ရယူထားပြီး ဗီယက်နမ်အသင်းက ဂိုးကွာခြားချက် (၁)ဂိုးအသာဖြင့် ထိပ်ဆုံးနေရာ ၌ ရပ်တည်နေသည်။

နည်းပြချုပ် ဦးဝင်းသူမိုးက ဗီယက်နမ်အသင်းနှင့် ကစားရ မည့်ပွဲအတွက် မိမိကစားသမားများအနေဖြင့် ဖိအားရှိမနေကြောင်း ထုတ်ဖော် ပြောကြားသည်။

ဦးဝင်းသူမိုးက ''အရင်တုန်းကတော့ ကျွန်တော်တို့ မြန်မာအမျိုး သမီးကစားသမားလေးတွေက ထိုင်းတို့၊ ဗီယက်နမ်တို့နဲ့တွေ့ရင် မကစားခင်ကတည်းက ရှုံးမှာပဲဆိုတဲ့ စိတ်မျိုးရှိပါတယ်။ အခုတော့ ကျွန်တော့်ကစားသမားတွေက ဒီလိုစိတ်ဓာတ်မျိုး မရှိတော့ပါဘူး။ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့တွေ့ဆုံမယ့်ပွဲ အတွက်လည်း ကစားသမားတွေအနေနဲ့ ဘာဖိအားမှရှိမနေပါဘူး။ သူတို့ကိုယ်၌ကလည်း ဗီယက်နမ်အသင်းကို အနိုင်ရယူလိုစိတ်ပြင်းထန်နေပါတယ်။ ဗီယက်နမ်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် ဗိုလ်လုပွဲရောက်ရှိဖို့က ရာခိုင်နှုန်းအများကြီးသေချာသွားပါပြီ။ ကျွန်တော်တို့အသင်းရဲ့ ဒီပြိုင်ပွဲကိုလာပြိုင်ရတဲ့ ပထမရည်မှန်းချက်ကိုက ဗိုလ်လုပွဲရောက်ရှိဖို့ပါ။ ဒါပေမဲ့ အဲဒီရည်မှန်းချက်ကို ခေတ္တခဏမေ့ထားပြီး ဗီယက်နမ်အသင်းကို အနိုင်ရဖို့ ကြိုးစားအားထုတ်သွားမှာပါ''ဟု ပြောကြားသည်။

Close

 

Most Read

Most Recent