လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁၁၀ ကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁၁၀ ကျော် ပိုမိုရရှိ
 ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 15 August 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၁၀ ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ သြဂုတ် ၂ ရက်အထိ သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၁၇၀ ဒသမ ၄၈၁ သန်း (၃ ဒသမ ၁၇၀ ဘီလျံ) ရရှိထားပြီး ယခင်နှစ်မှာက အမေရိကန်ဒေါ်လာ ၃၀၅၆ ဒသမ ၉၁၈ (သုံးဘီလျံကျော်)သာ ရရှိထားတာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၅၆၃ သန်း ပိုမိုရရှိခဲ့ထားခြင်းဖြစ်သည်။

အစိုးရသက်တမ်းတတိယတစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၂၃,၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မေ ၉ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာကာလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

တတိယတစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရေနံစိမ်းစည် စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ ၆၂၃,၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်တို့အား ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကမ်းလွန် ၁၅ ကွက်တွင် A-2, AD-4, AD-10, AD-12, AD-13, AD-14, AD-15, AD-16, M-1, M-10, M-16, MD-1, MD-3, MD-6, MD-8  တို့ဖြစ်ကြောင်း Rakhine Investment Opportunity Survey တွင် ဖော်ပြထားသည်။

ကုန်းတွင်း ၁၈ ကွက်တွင် PSC-C 2, PSC- J, PSC- L, PSC- S, PSC- T, PSC- U, PSC- V, RSF- 2,RSF- 3, RSF- 4, RSF- 7, RSF – 10, IOR- 3, IOR- 4, MOGE- 6, MOGE- 7, MOGE- 8 တို့ဖြစ်ကြောင်း သိရသည်။    

Most Read

Most Recent