ရေးမြို့နယ်အတွင်း ရေတက်လာပြီဟု ကောလဟာလ ထွက်ပေါ်လာခဲ့ပြီးနောက် လူအများ အထိတ်တလန့် ဖြစ်ခဲ့

ရေးမြို့နယ်အတွင်း ရေတက်လာပြီဟု ကောလဟာလ ထွက်ပေါ်လာခဲ့ပြီးနောက် လူအများ အထိတ်တလန့် ဖြစ်ခဲ့
ဓာတ်ပုံ - Aung Naing Win Facebook
ဓာတ်ပုံ - Aung Naing Win Facebook
Published 15 August 2019
ဘိုဘိုမြင့်၊ အောင်မျိုးသန့်

ရေးမြို့နယ်အတွင်း ရေတက်လာသည်ဆိုသည့် သတင်းကြောင့် တစ်မြို့လုံး အထိတ်တလန့်ဖြစ်ကာ Facebook ပေါ်မဟုတ်မမှန်သတင်း တင်သူအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး စုံစမ်းရှာဖွေနေကြောင်း သြဂုတ် ၁၅ ရက်က ရေးမြို့ခံ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

သြဂုတ် ၁၄ ရက် ည ၉ နာရီဝန်းကျင်တွင် Facebook အကောင့်တစ်ခုက ရေးမြို့နယ်အတွင်း ရေတွေတက်လာသည်ဟု မဟုတ်မမှန်သတင်း တင်ခဲ့ရာမှ တစ်မြို့လုံးနီးပါး ဝရုန်းသုံးကားဖြစ်ကာ လမ်းပေါ်ထွက်ပြေးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ညက Facebook မှာ ကဗျာဝ မကျီးဘက်မှာ ရေတွေတက်လာတယ် ဆိုပြီးတော့ မင်းမင်းဦးဆိုတဲ့ အကောင့်တစ်ခုက တင်လိုက်တယ်။ အဲ့လိုတင်လိုက်တဲ့ အခါမှာ တစ်မြို့လုံးပြန့်ပြီးတော့ တစ်မြို့လုံးတွင် မဟုတ်ဘူး။ ရေဝင်နေကျရွာတွေက အကုန်ပြေးကြတာ။ ဥပမာ ဟန်ဂံလို့ရွာမျိုးဆိုရင် တစ်ညလုံးပြေးတယ်။ ရေးမြို့ပေါ်မှာ အားလုံးနီးပါး ရုန်းရုန်းနဲ့ လမ်းတွေပေါ်မှာ ဆိုင်ကယ်တွေ ပြည့်ကုန်ကြတယ်။ အဲ့တာမျိုးဖြစ်တော့ ကျွန်တော်တို့ အတည်ပြု စစ်ဆေးတဲ့အခါမှာ မဟုတ်ဘူးဆိုတာ သိရတယ်။ အဲ့ဒါကိုပြန်ပြီး မီးသတ်ကားတွေနဲ့ လိုက်ကြော်ငြာပေးတယ်။ ပြောပေးတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းက ရေးမြို့ကလူတွေ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက ရေဘေးကို ခံစားခဲ့ပြီး စိတ်ဒဏ်ရာရခဲ့တယ်။ အခုလောဖြစ်တော့ လူတွေက ကြောက်စိတ်နဲ့ ပြေးကြတယ်။ အမှားအမှန်ကို ဆင်ခြေနိုင်တဲ့အားတွေ နည်းလာတယ်။ ဒီသတင်းက ဘယ်သူတင်လည်း စီစစ်နိုင်စွမ်းတွေ မဖြစ်တော့ဘူး။ အားလုံး ထွက်ပြေးကြတာပါ” ဟု ဦးအောင်နိုင်ဝင်းက ဆက်လက် ပြောကြားသည်။

ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးဝင် “ညက ၉ နာရီ တစ်မြို့လုံး ရုံးရုံးနဲ့ ဖြစ်ကုန်တာပေါ့။ ကမ္ဘာပျက်သလိုပဲ။ အခုဘာမှ မဖြစ်တော့ဘူး။ ပြီးသွားပါပြီ။ အော်တဲ့လူကို ရဲကသိပြီး သွားဖမ်းတယ်။ ညကဖမ်းထားတာ တစ်ယောက်ရှိတယ်။ တကယ်အော်တဲ့သူတွေက အောင်မင်္ဂမှာပတ်ပီး ဆိုင်ကယ်တွေနဲ့ လိုက်အော်တာ။ သူတို့ကိုတော့ စုံစမ်းလို့ မရသေးဘူး။ စုံစမ်းစစ်ဆေးမှုတွေတော့ လုပ်နေပါတယ်” ဟု ပြောကြားသည်။

သြဂုတ် ၉ ရက်မှ သြဂုတ်လ ၁၂ ရက် မနက်ပိုင်းအထိ ရေးမြို့နှင့် ရေးမြို့နယ် တောင်ပိုင်းဒေသများ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် လူဦးရေ ထောင်နှင့်ချီပြီး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent