ကာကွယ်ရေးဝန်ကြီးဌာန ကိုင်တွယ်ကျင့်သုံးသည့် ဥပဒေများကို ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ စိစစ်

ကာကွယ်ရေးဝန်ကြီးဌာန ကိုင်တွယ်ကျင့်သုံးသည့် ဥပဒေများကို ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ စိစစ်
Published 14 August 2019
ဉာဏ်လင်းထွန်း

ကာကွယ်ရေးဝန်ကြီးဌာန ကိုင်တွယ်ကျင့်သုံးသည့် ဥပဒေ ၁၄ ခုကို ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက စိစစ်သုံးသပ်လျက်ရှိကြောင်း ကော်မတီ ဥက္ကဋ္ဌ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောကြားသည်။

လွှတ်တော်တွင် ကတိကဝတ်ဖြစ်ခဲ့သည့်အချက်များကို ပြည်ထောင်စုအစိုးရ အဖွဲ့က လိုက်နာမှု ရှိ၊ မရှိနှင့် ဆောင်ရွက်ပြီး စီးမှုအခြေအနေများကို အဓိကစောင့်ကြည့်သည့် အဆိုပါကော်မတီတွင် လုပ်ငန်းတာဝန် လေးခုရှိပြီး ယင်းတာဝန်များထဲတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဥပဒေများကို စိစစ်ခြင်း လုပ်ငန်းစဉ်လည်း ပါဝင်ခြင်းဖြစ်ကြောင်း ဒေါ်မေဝင်းမြင့်၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နှစ်ဦးတို့အား တွေ့ဆုံမေးမြန်းချက်များ ဖော်ပြပါရှိသည်။

ဥပဒေများကိုစိစစ်ရာတွင် နယ်ခြားစောင့်တပ်ဥပဒေကို ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်နေသည့်အတွက် ခေတ္တဆိုင်းငံ့ထားသည်မှလွဲ၍ ကျန်သည့် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုမရှိဟု ကော်မတီ ဥက္ကဋ္ဌ ဒေါ်မေဝင်းမြင့်က The Daily Eleven အား ပြောကြားသည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာန က ဥပဒေ၊ အက်ဥပဒေ ၁၃ ခုကို ကိုင်တွယ်ကျင့်သုံးလျက်ရှိပြီး အများစုမှာ တပ်မတော်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေ၊ တပ်မတော်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းဥပဒေ၊ တပ်မြို့စည်ပင်သာယာရေးဥပဒေ၊ နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့်  သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဥပဒေ၊ ရေယာဉ်များ လက်နက်တပ် ဆင်မှုတားမြစ်ရေးဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေ၊ ၁၉၄၈ ခုနှစ် လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ၊ ၁၉၅၆ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်) အက်ဥပဒေ၊ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ၊ THE MYANMAR TERRITORIAL FORCE ACT စသည့် ၁၃ ခုကို ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ကျင့်သုံးလျက်ရှိသည်။

ယင်းဥပဒေများအပြင် ကာကွယ်ရေး ဝန်ကြီးဌာနဘတ်ဂျက်နှင့် တပ်မြို့စည်ပင်ဘတ်ဂျက်တို့ကို ကော်မတီကစိစစ်ရကြောင်း ကော်မတီဥက္ကဋ္ဌ ဒေါ်မေဝင်းမြင့်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ယင်းဝန်ကြီးဌာန လက်အောက်ရှိ အရပ်ဘက်စက်ရုံများကို သွားရောက်လေ့လာကြောင်း၊ ဘတ်ဂျက်စိစစ်ရာတွင် အမှန်တကယ် လိုအပ်ချက်များကို  မျက်မြင်အခြေအနေသိရရန် လေ့လာခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပ်မြို့စည်ပင် ၁၁ ခုရှိပြီး ယင်း ၁၁ ခုကို စစ်ဆေးအစီရင်ခံစာ တင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များက ထင်မြင်ယူဆချက်နှင့် အကြံဉာဏ်များပေးနိုင်သော်လည်း အစီရင်ခံစာကို ပြင်ဆင်ခွင့်မရှိကြောင်း ကော်မတီဥက္ကဋ္ဌ ဒေါ်မေဝင်းမြင့်က နိုင်ငံပိုင်သတင်းစာများကို ဖြေကြားသည်။

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် နိုင်ငံရေးပါတီငါးခု မှ အဖွဲ့ဝင် ၁၇ ဦး ပါဝင်ကြောင်း သိရသည်။