ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် စာသင်ကြားမှုရပ်နားထားသည့် စာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိပြီး သေဆုံးသူစာရင်း၌ ကျောင်းသားကျောင်းသူ ၁၆ ဦးပါဝင်

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် စာသင်ကြားမှုရပ်နားထားသည့် စာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိပြီး သေဆုံးသူစာရင်း၌ ကျောင်းသားကျောင်းသူ ၁၆ ဦးပါဝင်
Published 13 August 2019
စိုးမင်းထိုက်၊ စည်သူ

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် စာသင်ကြားမှု ရပ်နားထားသည့် စာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိပြီး သေဆုံးသူစာရင်း၌ ကျောင်းသားကျောင်းသူ ၁၆ ဦးပါ ဝင်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၁၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဒုတိယဝန်ကြီးက မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆုံးသွားတာ ၁၆ ယောက်ရှိပါတယ်။ ဆေးရုံတက်နေတာကတော့ ၂၈ ယောက်ရှိပါတယ်။ ဖြစ်ဖြစ်ချင်းဆုံးသွားတဲ့ ကလေးတွေကို တစ်ယောက် သုံးသိန်းစီ ထောက်ပ့ံပေးခဲ့တယ်။ နောက်ဆေးရုံရောက်နေတဲ့ ကလေးတွေလည်း ၂၈ ယောက်ကိုလည်း သုံးသိန်းစီ ထောက်ပံ့ပေးခဲ့တယ်။ ဆေးရုံတက်တဲ့ ကလေးကတော့ သူတို့ဆုံးသွားတဲ့ စာအုပ်တို့ ကျောင်းအသုံးအဆောင်တို့ ပြန်ဖြည့်ပေးတာပေ့ါ” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် စာသင်ကျောင်းပေါင်း ၇၀ ကျော်ကို လတ်တလောတွင် စာသင်ကြားမှု ရပ်နားထားပြီး ရေပြန်ကျပါက ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ အစားထိုးသင်ကြားပေးခြင်းများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးထောက်ပံ့ငွေ ကျပ်သန်း ၃၄၀ ကျော်ကို အစိုးရကအသုံးပြုထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန် ၂၅ ရက်မှ သြဂုတ် ၁၁ ရက်အထိ နေပြည်တော်၊ ရှမ်းနှင့် ကယားပြည်နယ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်များတွင် ရေဘေးသင့်မှုအတွက် အသုံးပြုခြင်း ဖြစ်သည်။

ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်နှင့်စားနပ်ရိက္ခာများ၊ ပျက်စီးအိမ် အလုံးရေ ၁၈၀ အတွက် ပြန်လည်တည်ဆောက်ရန် ပစ္စည်းများနှင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများကို ထောက်ပံ့ငွေပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆန်ရိက္ခာအတွက် ကျပ်သန်း ၃၀၀ ဖြင့် အများဆုံးအသုံးပြုထားပြီး သေဆုံး၊ ဒဏ်ရာရရှိသူများကို ကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့ထားသည်။ နှစ်လအတွင်း တိုင်းနှင့်ပြည်နယ် ၁၂ ခုရှိ အိမ်ထောင်စု ၃၅၅၈၁ စုရှိ လူ ၁၆၂၂၈၄ ဦး ရေဘေးသင့်ခဲ့သည်။

ရေဘေးဒဏ် ဆက်လက်ခံစားနေရသော ကရင်၊ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကယ်ဆယ်ရေးစခန်း ၁၇၀ ဖွင့်လှစ်ထားပြီး လူ ၈၀၀၀၀ ကျော် ရှိနေသည်။

ရေဘေးသင့်လူဦးရေသည် ပဲခူးတိုင်းဒေသကြီးတွင် ၂၃၀၀၀ ဖြင့် အများဆုံးဖြစ်သည်။ ကရင်ပြည်နယ်တွင် ၂၂၀၀၀ ခန့်၊ မွန်ပြည်နယ်တွင် ၁၄၀၀၀ ခန့်၊ တနင်္သာရီတိုင်းဒေသကြီးတွင်  လူဦးရေ ၅၀၀၀ ခန့်သည် ရေဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု သက်ဆိုင်ရာဒေသမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ပုံမှန်ထက် မိုးကောင်းနေပြီး ဒေသတွင်း မြစ်၊ ချောင်းအချို့ ရေပြန်တက်လာနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်း၊ ရွှေကျင်နှင့် ပဲခူးမြစ်၊ ကရင်ပြည်နယ်တွင် သံလွင်မြစ်နှင့် မွန်ပြည်နယ်တွင် ဘီးလင်းမြစ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် သာပေါင်းမြစ်တို့သည် မြို့နယ်ငါးခုတွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍ ရေဘေး သတိပြုနေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။                             

Most Read

Most Recent