ကျပ် ၁၂ သိန်းကျော်အထိ ခုန်တက်သွားသော ပြည်တွင်းရွှေစျေးဂယက် မည်မျှလှုပ်ခတ်မလဲ

ကျပ် ၁၂ သိန်းကျော်အထိ ခုန်တက်သွားသော ပြည်တွင်းရွှေစျေးဂယက် မည်မျှလှုပ်ခတ်မလဲ
ရန်ကုန်မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရောင်းဝယ်နေကြသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရောင်းဝယ်နေကြသည်ကို တွေ့ရစဉ်
Published 11 August 2019
စည်သူအောင်

ကမ္ဘာ့ရွှေစျေးသည် သြဂုတ် ၉ ရက်တွင် ၁၅၀၅ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၂၂၅၀၀၀ အထိ စံချိန်သစ်ထပ်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ နှစ်စဉ်စံချိန်သစ် တင်ခဲ့သော ရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ်တွင်လည်း ရိုးရာမပျက် လေးနှစ်မြောက် စံချိန်သစ်စျေးနှုန်း များဖြစ်ပေါ်လာသည်။  အခြားနှစ်များထက် ပိုထူးခြားချက်မှာ တစ်နှစ်အတွင်း သိန်းဂဏန်းစျေးတန်း နှစ်ကြိမ်အထိ ခုန်တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် သြဂုတ်လသို့ ရောက်ရှိချိန်တွင် စံချိန်သစ်ရွှေစျေးနှုန်း အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ရွှေစျေးနှုန်းသည်  ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀,၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀,၀၀၀ တန်း၊ ၂၀၁၈  ခုနှစ်တွင် ကျပ် ၁,၀၀၀,၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁,၁၀၀,၀၀၀ တန်း၊ ကျပ် ၁,၂၀၀,၀၀၀ တန်းကို ကျော်လွန်ခဲ့ပြီး စျေးကွက်အလှုပ်အခတ်များ ဖြစ်ပေါ်စေခဲ့သည်။

“ရွှေစျေးက ကမ္ဘာ့ရွှေစျေးတက်လို့ ပြည်တွင်းမှာ စျေးတက်တာပါ။ စျေးကွက်မှာတော့ လက်ထဲရွှေရှိသူတွေ အကျိုးအမြတ်ရှိတာပေါ့။ အခုဖြစ်နေတဲ့ သက်ရောက်မှုက နိုင်ငံတကာစျေးကွက်မှာ ဖြစ်နေတဲ့အပေါ်မူတည်ပြီး ဒီဘက်မှာ လိုက်ပြောင်းတာပေါ့။ စျေးထိုးတက်တော့ အရောင်းအဝယ်ကတော့ အေးသွားတယ်” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ရွှေသည် ကမ္ဘာတွင် လူသုံးအများဆုံး၊ လူကြိုက်အများဆုံးအဖိုး တန်သတ္တုတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက် ငွေကြေးအဖြစ် အသုံးပြုခဲ့သော သတ္တုတစ်မျိုးဖြစ်သည်။ ယခုအချိန်အထိလည်း နိုင်ငံအတော်များများတွင် ၎င်းတို့၏ ငွေကြေးကို ရွှေနှင့်ချိတ်ဆက်တွက် ချက်ထားသည်။ မြန်မာနိုင်ငံတွင်လည်း ရွှေကို အမြတ်တနိုးတန်ဖိုးထားကြပြီး လက်ဝတ်ရတနာအဖြစ်ရော စုဆောင်းမှုအဖြစ်ပါ အသုံးပြုနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွှေအမြောက်အမြား ထွက်ရှိသော်လည်း ဝယ်လိုအားများခြင်းကြောင့် ပြည်ပက မှောင်ခိုပြန်သွင်းမှုများလည်း ရှိသည်။ ထို့ပြင် မြန်မာသည် တရုတ်နှင့် အိန္ဒိယကြားတွင်ရှိသော နိုင်ငံတစ်ခုဖြစ်ရာ အိန္ဒိယသည် ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံးနိုင်ငံဖြစ်ပြီး ယင်းနှစ်နိုင်ငံကြား မြန်မာနိုင်ငံက ပွဲစားစျေးကွက်ကဲ့သို့ ဖြစ်နေခြင်းကြောင့် မြန်မာ့ရွှေစျေးနှုန်းက မှန်းဆရခက်သည်။ လက်ရှိအချိန်သည် မိုးတွင်းကာလဖြစ်ခြင်းကြောင့် မြစ်ချောင်းဘေးများရှိ တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်အများစု အလုပ်ပိတ်သိမ်းထားသည့် အချိန်လည်းဖြစ်သကဲ့သို့ စျေးကွက်အတွင်း ရွှေဝင်ရောက်မှု အနည်းငယ် လျော့နည်းနေချိန်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွှေစျေးနှုန်းအပေါ် သက်ရောက်မှုရှိနေသော အချက်များစွာရှိပြီး အဓိကအားဖြင့် မြန်မာ့ရွှေစျေးနှုန်းသည် ကမ္ဘာ့ရွှေစျေးနှုန်း၊ ပြည်တွင်းငွေလဲနှုန်း၊  စျေးကွက်အတွင်း ရွှေတည်ရှိမှုပမာဏ၊ ပြည်တွင်းသုံးကျပ်ငွေလည်ပတ်မှု အနေအထား၊  အိမ်နီးချင်းနိုင်ငံများ နှင့် ကုန်သွယ်မှုထိစပ်နေသော နယ်စပ်ဒေသများနှင့် ငွေလဲနှုန်းထား များ (ဥပမာ-ယွမ်၊ ဘတ်)၊ ပြည်တွင်းရွှေဝယ်ရောင်းလုပ်သူများ၏ အခြေအနေ၊ ပြည်တွင်းတွင်ပြောင်းလဲနေသော သတင်းအချက်အလက်များနှင့် ကောလာဟလ စသည်တို့ အပေါ်အခြေခံပြီး ပြောင်းလဲနေခြင်း ဖြစ်သည်။ အဆိုပါအချက်များအနက် ကမ္ဘာ့ရွှေစျေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းက ပြည်တွင်းရွှေစျေးကွက်တွင် သက်ရောက်မှုအများဆုံး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က “ကမ္ဘာ့ရွှေစျေးကွက်မှာ တစ်လဝန်းကျင်အတွင်း တစ်အောင်စကို ဒေါ်လာ ၁၀၀ ကျော်နှုန်းလောက် ထိုးတက်သွားလို့ ပြည်တွင်းရွှေစျေးလည်း လိုက်ပါမြင့်တက်တာပါ။ တခြား ဘာပယောဂမှ မပါဘူး။ ကျွန်တော်တို့ ပြည်တွင်းစျေးကွက်မှာတော့ အနိမ့်စျေးနဲ့ ဝယ်ထားသူတွေ အကျိုးအမြတ်တစ်ခုရတဲ့အတွက် ပြန် ရောင်းတာများတယ်။ ရောင်းလိုအား များနေတယ်ပေါ့။ စျေးကွက်ကတော့ တည်တည်ငြိမ်ငြိမ်ရှိပါတယ်။ ကျွန်တော်တို့ ပြည်တွင်းသတင်းအချက်အလက်ကြောင့် စျေးခုန်တက်တာမှ မဟုတ်တာ။ နိုင်ငံတကာ စျေးကွက်မှာမြင့်တက်လို့ ပြည်တွင်းစျေးကွက်မှာ စျေးမြင့်လာတာ။ ပြည်တွင်းမှာတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ စံချိန်တင်စျေးတန်းတစ်ခုဖြစ်လာတော့ ပြန်ရောင်းသူများတယ်” ဟု ဆိုသည်။

ပြည်တွင်းရွှေစျေး မြင့်လာပြီဆိုလျှင် ကမ္ဘာ့ရွှေစျေးမြင့်တက်ခြင်း သို့မဟုတ် ဒေါ်လာစျေးမြင့်တက်ခြင်း သို့မဟုတ် ကမ္ဘာ့ရွှေစျေးရော ဒေါ်လာစျေးပါ မြင့်တက်ခြင်းကြောင့်ဖြစ်ပြီး ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမကျင်းမီ မဲဆွယ်ကာလကတည်းက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေ ပြောင်းလဲမှုပေါ်မူတည်၍ ကမ္ဘာ့ရွှေစျေးနှင့် အမေရိကန် ဒေါ်လာစျေးနှုန်းဆက် တိုက်လှုပ်ခတ်နေခြင်း ဖြစ်သည်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ကမ္ဘာ့ရွှေစျေးတွေ မြင့်တက်သွားလို့ ပြည်တွင်းမှာ လိုက်တက်သွားတာပါ။ ကမ္ဘာ့စျေးကွက်မှာရော ပြည်တွင်းစျေးကွက်မှာပါ အတက်အကျတွေ အရမ်းကြမ်းသွားတာပေါ့။ အတက်အကျကြမ်းတော့ အရောင်းအဝယ်ကတော့ နည်းနည်းပါးသွားတယ်။ စျေးတက်တဲ့ အချိန်ဆိုတော့ တချို့ကလည်း ပြန်ရောင်းကြတယ်။ စျေးကွက်အခြေအနေကတော့ ကမ္ဘာ့စျေးကိုပဲ ကြည့်နေကြတာပေါ့နော်” ဟု ပြောကြားသည်။

ပြည်တွင်းရွှေစျေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စ၍  ကျပ် ၉၀၀,၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေစျေး မြင့်တက်မှုနှင့်အတူ စံချိန်တင်စျေးနှုန်းများအဖြစ် ၂၀၁၈ ခုနှစ်  သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇,၈၀၀ ဖြင့် တင်ထားသော စံချိန်ကို  ၂၀၁၈ ခု နှစ် သြဂုတ် ၂၃ ရက်မှ စတင်ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅,၀၀၀ အထိ အမြင့်ဆုံးဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉ç၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၁ မှစတင်ကာ ရွှေစျေးနှုန်း စံချိန်သစ်များထပ်တင်ကာ စက်တင်ဘာ   ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁,၀၄၇,၇၀၀ အထိ မြင့်တက်ခဲ့သည်။

ထို့နောက်၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇ç၀၀၀ အထိကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁,၀၂၈,၀၀၀၊ ဒီဇင်ဘာ ၁၂ ရက် တွင် ကျပ် ၁,၀၄၂,၀၀၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကျပ် ၁,၀၄၅,၈၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်က ဖြစ်ပေါ်ခဲ့သော ကျပ် ၁,၀၄၇,၇၀၀ စံချိန်ကို ကျပ် ၁,၀၄၈,၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်ဆက်တိုက်တင်ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁,၀၆၃,၀၀၀ အထိဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁,၀၈၈,၅၀၀ အထိ ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ အထိ စံချိန်တင်ထားကာ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျပ် ၁,၂၂၅,၀၀၀ ဖြင့် စံချိန်သစ်ထပ်တင်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် တစ်ခါမှ မဖြစ်ဖူးသေးသော ရွှေတစ်ကျပ်သား ကျပ် ၈၀၀,၀၀၀  နှုန်းကို ၂၀၁၆ ခုနှစ်အတွင်း စတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀,၀၀၀ အထက်ဖြစ်ခဲ့သော ရွှေစျေးနှုန်းသည် လက်ရှိအချိန်အထိ ကျပ် ၉၀၀,၀၀၀ အောက် ပြန်မဆင်းဘဲ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျပ် ၁,၂၂၀,၀၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။ ရွှေစျေးနှုန်းစံချိန်တင်မြင့် တက်နေချိန်တွင် ရွှေထိငွေထိ လက်ငင်းရောင်းဝယ်ရန်နှင့် လေပတ်ကား ရောင်းဝယ်မှုမျိုး မပြုလုပ်ကြရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက အသင်းဝင်များကို ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

“မနေ့က ရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက် အသင်းမှာ အစည်းအဝေးလုပ်တယ်။ ကမ္ဘာ့ရွှေစျေးတက်လို့ စျေးတက်တာတော့ ဘာတတ်နိုင်မလဲ။ ဒါပေမဲ့ စျေးကစားလို့ စျေးမတက်အောင်တော့ အသင်းက ထိန်းတာပေါ့။ ဒီလိုအချိန်မှာ အရောင်းအဝယ် လုပ်မယ်ဆိုရင် ရွှေထိငွေထိရောင်းဖို့ အဓိကပေါ့။ ရွှေထိငွေထိ ရောင်းဝယ်တယ်ဆိုတာ ရွှေရှိမှ ရောင်းဝယ်၊ ငွေရှိမှ ရောင်းဝယ်တာကို ပြောတာပါ။ လေပတ်ကားမလုပ်ဖို့ ညွှန်ကြားတာပါ။ အစည်းအဝေးဆုံးဖြတ်ချက်ကို အသင်းဝင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသင်းတွေကိုလည်း ဖြန့်ဝေထားပါတယ်”ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင် စျေးနှုန်းအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများ မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃,၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇,၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁,၀၄၇,၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁,၀၈၈,၅၀၀၊ ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်တွင် ကျပ် ၁,၁၁၅,၀၀၀ ဖြစ်ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁,၂၀၀,၀၀၀ နှုန်းကို လှမ်းမျှော်ကြည့်လာပြီ ဖြစ်သည်။

“ကမ္ဘာ့ရွှေစျေး အတက်အကျ ဖြစ်သလို ဒီမှာလည်း လိုက်ဖြစ်နေမှာပါ။ အတက်အကျ ကြမ်းရင်ကြမ်းသလိုပေါ့။ ကမ္ဘာ့စျေးငြိမ်သွားမှပဲ ပြည်တွင်းမှာ စျေးငြိမ်ပါလိမ့် မယ်။ ကမ္ဘာ့စျေးပေါ်မှာပဲ ပြည်တွင်းရွှေစျေးက မှီနေလိမ့်မယ်။ ကမ္ဘာ့စျေး ဒေါ်လာ ၁၅၀၀ ဝန်းကျင်မှာပဲရှိနေရင် ပြည်တွင်းရွှေစျေးလည်း ကျပ် ၁,၂၀၀,၀၀၀ အထက်မှာပဲ ရှိနေလိမ့်မယ်။ ကမ္ဘာ့စျေးဒေါ်လာ ၁၅၀၀ နှုန်းက မဖြစ်တာ တော်တော်ကြာနေပြီ။ အခုဒေါ်လာစျေးငြိမ်နေလို့  တော်သေးတယ်ပြောရမယ်။ အခုအချိန် အတက်အကျကြမ်းနေ တယ်ဆိုတော့ အရောင်းအဝယ်လုပ်သူတွေ သတိထားဖို့လိုပါတယ်။  ရွှေအပိုင်းကစားတဲ့သူတွေအတွက် ဒီလိုကာလက အရှုံးအမြတ်ကြမ်းပါတယ်”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင် ထင်မြင်ချက်ပေးသည်။

လက်ရှိ NLD အစိုးရ စတက်သော ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၇၈၅ç၀၀၀ ဝန်းကျင်ရှိပြီး ကမ္ဘာ့ရွှေစျေးနှုန်း ၁၂၂၈ ဒေါ်လာဝန်းကျင်၊  နိုင်ငံခြားငွေလဲနှုန်း ကျပ် ၁၂၀၀ ဝန်းကျင်ရှိသည်။ ၂၀၁၉ ခုနှစ် သြဂုတ် ၁၀ ရက် ရွှေစျေးနှုန်းနှင့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက် ရွှေစျေးနှုန်းကို နှိုင်းယှဉ်ပါက ရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၄၄၀ç၀၀၀ ဝန်းကျင် မြင့်တက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်း ရွှေစျေးနှုန်း တစ်ကျပ်သား ကျပ် ၆၀၀,၀၀၀ ကျော်သာရှိပြီး ၂၀၁၉ ခုနှစ် လက်ရှိစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၁၀၀ ကျော်အထိ ရွှေစျေးမြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်ကစပြီး လက်ရှိ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့ရွှေစျေးကို မြင့်တက်စေခဲ့သော နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများစွာ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၆ ခုနှစ် အတွင်းဖြစ်ပေါ်ခဲ့သော ဗြိတိန်နိုင်ငံ၏ Brexit အရေး၊ အမေရိကန်ရွေးကောက်ပွဲမှအစ လက်ရှိ ၂၀၁၉ ခု နှစ်တွင်ဖြစ်ပေါ်နေသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန် -အီရန်စစ်ရေးတင်းမာမှု၊ အမေရိကန်ဗဟို ဘဏ်အတိုးနှုန်း လျှော့ချမှုအဆုံး ကမ္ဘာ့ရွှေစျေးကို မြင့်တက်စေခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လဆန်းတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာသည့် ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာစျေးနှုန်းတန်ဖိုး ကျဆင်းခဲ့ပြီး ကမ္ဘာ့ရွှေစျေးမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်လာသည်။ ကမ္ဘာတစ်ဝန်း မရေရာ မသေချာသည့် စီးပွားရေး အခင်းအကျင်းကြောင့် ကမ္ဘာ့စျေးကွက်အတွင်း ရွှေဝယ်လိုအား မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေကောင်စီက ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တာ ကာလအတွင်း ရွှေဝယ်လိုအား ရှစ်ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာအတွင်း ကမ္ဘာတစ်ဝန်းရွှေဝယ်လိုအား တန်ချိန် ၂၁၈၁ တန်ရှိပြီး ယခင်နှစ်ကာလတူထက် ရှစ်ရာခိုင်နှုန်းမြင့်တက်ကာ သုံးနှစ်တာကာလအတွင်း ပမာဏအများဆုံးဖြစ်ခဲ့သည်။

ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအားများလာရသည့် အဓိကအကြောင်းရင်းများမှာ  ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများပြားလာခြင်း၊ ရွှေရောင်းဝယ်ရေးကုမ္ပဏီများ၏ အရန်သိုလှောင်မှုများလာခြင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံရေး မငြိမ်သက်မှုများ၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များက ဘဏ်တိုးနှုန်းကို လျှော့ချ၍ ငွေကြေးတန်ဖိုးများကို ကျဆင်းအောင် လုပ်ဆောင်နေခြင်း၊ ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံသူများက နိုင်ငံတကာ ငွေကြေးစျေးကွက်အစား ရွှေစျေးကွက်အတွင်း ပြောင်းလဲရင်း နှီးမြှုပ်နှံလာခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ရွှေကောင်စီက သုံးသပ်ထားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ်ဧပြီမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံးကမ္ဘာ့ ရွှေစျေးနှုန်းများမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ တွင် ၁၃၁၀-၁၃၆၄ ဒေါ်လာ၊ ဖေဖော်ဝါရီ တွင် ၁၃၁၇-၁၃၄၇ ဒေါ်လာ၊ မတ်လတွင် ၁၃၁၂-၁၃၅၅ ဒေါ်လာ၊ ဧပြီတွင် ၁၃၂၃ -၁၃၅၄ ဒေါ်လာ၊ မေလတွင် ၁၂၈၈-၁၃၁၉ ဒေါ်လာ၊ ဇွန်လတွင် ၁၂၅၂- ၁၂၉၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၈ ဒေါ်လာ၊ သြဂုတ်တွင် ၁၁၇၄- ၁၂၂၁ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၁၈၂-၁၂၀၆ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ၊ နိုဝင်ဘာတွင်  ၁၁၉၈-၁၂၃၅ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁ ဒေါ်လာ၊ ၂၀၁၉  ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၀၇-၁၃၄၃ ဒေါ်လာ၊ မတ်လတွင် ၁၂၉၂- ၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေလတွင် ၁၂၇၀-၁၃၀၆  ဒေါ်လာ၊ ဇွန်လတွင် ၁၃၀၅-၁၄၂၃ ဒေါ်လာ၊ ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင် မှ ၁၀၀ ကျော်အထိ ရှိခဲ့သည်။

နှစ် ၃၀ အတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေစျေးနှုန်းကို ပြန်ကြည့်မည်ဆိုလျှင် အနိမ့်ဆုံးနှုန်းက ၁၉၉၉ ခုနှစ်တွင် ဖြစ်ခဲ့ပြီး ရွှေတစ်အောင်စလျှင် ၂၅၂ ဒေါ်လာသာ ရှိ ခဲ့သည်။ ကမ္ဘာ့ရွှေစျေးနှုန်း အမြင့်ဆုံးစံချိန်နှုန်းမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပေါ်ခဲ့ပြီး ၁၈၈၉ ဒေါ်လာအထိဖြစ်ပေါ်ကာ ယင်းအချိန် မြန်မာ့ရွှေစျေးနှုန်းက ကျပ် ၇၂၀၀၀၀ ကျော် ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေစျေးနှုန်းသည် ၁၄၀၀ ဒေါ်လာအောက်ဆင်းခဲ့ပြီး လက်ရှိ ၂၀၁၉ ခုနှစ်တွင် ၂၀၁၃ ခု နှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့ရွှေစျေးကျဆင်းမှ သာ ပြည်တွင်းရွှေစျေးပြန်ကျမည် ဖြစ်သည်။

“ရွှေစုဆောင်းထားတဲ့ သူတွေ အတွက်တော့ အမြင့်ပိုင်းစျေးတစ်ခု ရောက်လာတော့  အမြတ်ပိုင်းသူများပါတယ်။ တော်တော်များများ ထုတ်ရောင်းကြတယ်။ ပြန်ဝယ်မယ်ဆိုရင်တော့ အောက်တိုဘာလောက်မှ၊ စျေးပြန်ကျမှ ပြန်ဝယ်ကြမှာပေါ့။ ဒီ ၁၂၀၀၀၀၀ ဆိုတာ တစ်ခါမှမဖြစ် ဖူးတဲ့စျေးဖြစ်ပါတယ်။ မိုးလယ်ကာလကတော့ နှစ်တိုင်းလိုလို ထူးခြားဖြစ်စဉ်တော့ မဟုတ်ဘူး။ မြန်မာစျေးကွက်မှာတော့ နှစ်တိုင်းမိုးလယ်ကာလဆို ရွှေစျေးတက်လေ့ရှိတယ်။ ဇူလိုင်၊ သြဂုတ်နှစ်လကတော့ နှစ်တိုင်းလိုလို ပြည်တွင်းရွှေစျေး အမြင့်ပိုင်းမှာရှိတတ်တယ်။ ရွှေစျေးကောင်းတယ်ပေါ့နော်။ ပြီးရင် မိုးနှောင်းကာလဆိုရင်တော့ ပြန်ကျတတ်တာ နှစ်တိုင်းလိုလိုတွေ့ရတယ်။ အဲဒါကြောင့် ဝယ်ယူစုဆောင်းမယ်ဆိုရင် မိုးနှောင်းကာလ၊ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာမှာ ပြန်ဝယ်ကြတာများပါတယ်။ အဲဒီအချိန်လောက်ဆို ရွှေစျေး ပြန်ကျမယ်လို့ ခန့်မှန်းပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေစျေးကွက် စျေးနှုန်းအပြောင်းအလဲနှင့် နိုင်ငံခြားငွေလဲနှုန်း အတက်အကျများခြင်းကြောင့် ပြည်တွင်းရွှေစျေးနှုန်းလည်း လှုပ်ခတ်နေဦးမည် ဖြစ်သည်။ လေးနှစ်ဆက်တိုက် နှစ်စဉ်နှစ်တိုင်း ရွှေစျေးထိပ်စီးပြောင်း၊ စျေးနှုန်းများစံချိန်တင်မြင့်တက်မှု သံသရာသည် ၂၀၁၉ ခု နှစ်တွင်လည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ရွှေစျေးနှုန်း ကျပ် ၁၁၀၀၀၀၀ တန်းမှ ၁၂၀၀၀၀၀ တန်း၊ ၁၂၀၀၀၀၀ တန်းမှ ၁၃၀၀၀၀၀ တန်းကို လှုပ်ခတ်နေသော စျေးနှုန်းဝဲဂယက်အတွင်းက မျှော် ကြည့်ပြန်ပြီဖြစ်သည်။ အကြောင်းကြောင်းကြောင့် စျေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ကျွဲနှစ်ကောင်ခတ်နေသည့် မြေဇာပင်ဘဝမျိုးမရောက်အောင် အရောင်း အဝယ်ပြုလုပ်သူများ သတိထားရမည်သာ ဖြစ်သည်။