အိန္ဒိယက မြန်မာနိုင်ငံသို့ ရေငုပ်သင်္ဘော လွှဲပြောင်းပေးခြင်းသည် တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို တန်ပြန်ခြင်းဖြစ်ဟု အိန္ဒိယလေ့လာသုံးသပ်သူများ ပြောကြား

အိန္ဒိယက မြန်မာနိုင်ငံသို့ ရေငုပ်သင်္ဘော လွှဲပြောင်းပေးခြင်းသည် တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို တန်ပြန်ခြင်းဖြစ်ဟု အိန္ဒိယလေ့လာသုံးသပ်သူများ ပြောကြား
Published 6 August 2019
Ref ; The Epoch Times

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်သည် တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို တန်ပြန်ခြင်း ဖြစ်သည်ဟု အိန္ဒိယလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက်တွင် အိန္ဒိယနှင့်မြန်မာတို့သည် နှစ်ဦးနှစ်ဖက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကာကွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အိန္ဒိယက မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာသင်တန်းပေးခြင်းနှင့် ရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတို့ ထောက်ပံ့ပေးမည်ဖြစ်သည်။

အိန္ဒိယသည် ၎င်းတို့၏ Kilo အဆင့် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောတစ်စင်းကို မြန်မာရေတပ်အတွက် လေ့ကျင့်ရေးဆင်းရာ၌ အသုံးပြုရန် လွှဲပြောင်းပေမည်ဖြစ်ကြောင်း အိန္ဒိယသတင်းရင်းမြစ်များက ဖော်ပြသည်။

ယင်းရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံပိုင် ဟိန္ဒူစတန်သင်္ဘောကျင်း၌ အဆင့်မြှင့်တင်နေပြီး ယခုနှစ်မကုန်မီ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

လွန်ခဲ့သည့် လေးနှစ်အတွင်း နှစ်နိုင်ငံအကြား အကြီးအကျယ် ဆွေးနွေးခဲ့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယက မြန်မာနိုင်ငံအား ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးရန် ကတိပြုခဲ့သည့်အတိုင်း ယခုရေငုပ်သင်္ဘောလွှဲပြောင်းပေးရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အိန္ဒိယ၏ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတစ်ရပ်ဖြစ်သော FICCI ၏ အကြံပေးပုဂ္ဂိုလ်ဟောင်းနှင့် ယခုအခါ Delhi Defense Review ၏ လက်ရှိအယ်ဒီတာချုပ် ဆူရက်ဂျားသည် သြဂုတ် ၅ ရက်တွင် ထုတ်ဝေသည့် ပုံနှိပ်စာစောင်တွင် အိန္ဒိယ၏ ယင်းလုပ်ရပ်ကို ရှင်းပြထားသော ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။

“မြန်မာနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားချင်း ပေါင်းဆုံမှု ကြီးထွားလာခြင်းနဲ့ ကိုက်ညီအောင် အိန္ဒိယအစိုးရဘက်က ဆန္ဒတစ်ရပ်ကို ဖော်ပြဖို့ ဒီလိုမျိုး ပလက်ဖောင်းတွေ ပြတ်လပ်နေမှုကို ရင်ဆိုင်ရတဲ့အခါ အိန္ဒိယက ရှေ့တန်းသုံး ရေငုပ်သင်္ဘောတစ်စင်း လွှဲပြောင်းပေးဖို့ ဆန္ဒရှိလာပါတယ်” ဟု ဂျားက ရေးသားခဲ့သည်။

ယင်းအကျိုးစီးပွားများသည် ဘင်္ဂလားပင်လယ်အော်၌ တည်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း (CMEC) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံ၏ ကျောက်ဖြူဆိပ်ကမ်း တည်ရှိသည်။

အဆိုပါ စင်္ကြံလမ်းသည် တရုတ်၏ မဟာစီမံကိန်းကြီးဖြစ်သော OBOR ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တရုတ်သည် အရှေ့တောင်အာရှ၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကတို့နှင့် ဆက်သွယ်ရန် ကုန်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်လျက် ပထဝီနိုင်ငံရေး သြဇာမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် OBOR စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ချပြခဲ့သည်။

CMEC ၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် မြန်မာနိုင်ငံမြို့များဖြစ်သော မူဆယ်နှင့် မန္တလေးတို့ကို ရထားလမ်း၊ ကားလမ်းတို့ဖြင့် ဆက်သွယ်ပြီး ယင်းလမ်းကြောင်းကို ကျောက်ဖြူဆိပ်ကမ်းနှင့် ဆက်သွယ်မည်ဖြစ်သည်။

“ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ထောင့်မှာ တရုတ်ရေတပ်အခြေစိုက်မှုကို လက်ခံမှာကို အဆုံးသတ်ဖို့ အိန္ဒိယအနေနဲ့ မသတ်နိုင်ပါဘူး” ဟု ဂျားက ရေးသားခဲ့သည်။

မြန်မာနိုင်ငံသည်လည်း တရုတ်၏ ထောက်ကူမှုများအပေါ် ငြီးငွေ့၍လာပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း ကာကွယ်ရေးဆိုင်ရာ ယာဉ်များနှင့် စစ်သင်တန်းများကို မြန်မာနိုင်ငံသို့ အဓိက ထောက်ပံ့သူမှာ တရုတ်ဖြစ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent