စိဥ္စမာဏကို အောင်နိုင်ခြင်း

စိဥ္စမာဏကို အောင်နိုင်ခြင်း
Published 6 August 2019

ဝေနေယျသတ္တဝါများ၊ သာဝကများသည် အရိယာများအဖြစ်သို့ ရောက်ကုန်သောကြောင့် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များ တဖြည်းဖြည်း ပျံ့နှံ့တော်မူလာသည့်အပြင် လူနတ်အများ၏ ပူဇော်မှုများ အလွန်ထင်ရှားလာသည့်အခါ သာသနာပြင်ပမှ  ပုဂ္ဂိုလ်များဖြစ်ကြသော တိတ္ထိတို့၏ လာဘ်လာဘများ တဖြည်းဖြည်းဆုတ်ယုတ်လာသည်။ ထိုအခါ တိတ္ထိတို့က “လူအပေါင်းတို့ ရဟန်းကြီးကိုသာ လှူဒါန်းလို့ အကျိုးရတာမဟုတ်၊ ငါတို့ကို လှူဒါန်းရင်လည်း အကျိုးရနိုင်ပါတယ်” ဟု ပြောဟောတော့သည်။ မည်မျှပင် ပြောဟောစည်းရုံးပါသော်လည်း လူအများက တိတ္ထိတို့အား စိတ်မဝင်စားသည့်အပြင် လာဘ်လာဘများ ပို၍ပင် နည်းပါးသွား၏။

တိတ္ထိများက “ငါတို့ လာဘ်လာဘ ပေါများအောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ရဟန်းဂေါတမကို လူအများက အထင်လွဲပြီး ဂုဏ်ကျေးဇူးမဲ့အောင် ဘယ်လိုကြံရပါ့မလဲ” ဟု အကြံထုတ်ကြ၏။ ထိုအခါ သာဝတ္ထိပြည်၌ အလွန်လှပချောမောသော အမျိုးသမီးတစ်ဦး ရှိသည်။ သူ၏ အမည်မှာ စိဥ္စမာဏဝိကာ ဖြစ်သည်။ တစ်နေ့တွင် စိဥ္စမာဏသည် တိတ္ထိတို့ ကျောင်းသို့ ရောက်လာ၏။ ထိုအခါ တိတ္ထိများက “စိဥ္စမာဏ၊ ငါတို့မှာ ခါတိုင်းနဲ့ မတူတော့ဘူး၊ လာဘ်လာဘတွေ အလွန်နည်းလာတယ်။ ဒီလိုဖြစ်တာဟာ ရဟန်ကြီး ဂေါတမကြောင့်လေ” ဟု ဆို၏။ “အရှင်တို့ အဲလိုဆိုရင် တပည့်တော်က ဘာများလုပ်ပေးရမှာလဲ” ဟု စိဥ္စမာဏက မေးသည့်အခါ တိတ္ထိတို့က “တို့ ချမ်းသာတာကို မြင်ချင်တယ်ဆိုရင် ရဟန်းကြီးဂေါတမကို လူအများ အထင်သေးအောင် မကြည်ညိုအောင် လုပ်ပေးရမယ်” ဟု တောင်းဆို၏။

စိဥ္စမာဏသည် နံနက်လင်းလျှင် ဇေတဝန်ကျောင်းအနီး တိတ္ထိတို့ကျောင်းမှ ထွက်လာသည်။ သာဝတ္ထိမြို့ထဲသို့ ဝင်လာသည့်အခါ ဇေတဝန်ကျောင်းမှ ထွက်လာဟန်ပြုပြီး ဇေတဝန်ကျောင်းအနီးမှ မြို့ထဲသို့ လာလေ့ရှိ၏။ မြို့နေလူအချို့က သူသည် ဇေတဝန်ကျောင်း၌ အိပ်ပြီး နံနက်၌ မြို့ထဲသို့လာသည်ဟု မှတ်ထင်နေ၏။ ထို့ကြောင့် “ဘယ်က လာတာလဲ” ဟု လူအချို့က မသင်္ကာစိတ်ဖြင့် မေးသောအခါ  “ကျွန်မဘယ်ကလာတယ်ဆိုတာ ရှင်တို့ သိလို့ ဘာအကျိုးရှိမှာလဲ” ဟု စိဥ္စမာဏက ဝေ့လည်ကြောင်ပတ် ပြန်ဖြေ၏။ သို့နှင့် တစ်လ၊ နှစ်လ၊ သုံးလခန့် ကြာလာသည့်အခါ သူ့တွင် ဘုရားရှင်ကို စွဲပြီး ကိုယ်ဝန်ရလေဟန်ပြကာ သွားလာနေတော့သည်။

တစ်နေ့တွင် မြတ်စွာဘုရား တရားပွဲတစ်ခု၌ တရားဟောကြားတော်မူနေစဉ် စိဥ္စမာဏ ရောက်လာပြီး “အို၊ ရဟန်းကြီးရှင်က လူတွေကို တရားဟောနေတယ်၊ အသံကလည်း ချိုမြိန်ပါပေ့၊ နှုတ်ခမ်းကလည်း စေ့ပါပေ့၊ ဒီမှာတော့ ရှင့်ကို စွဲပြီး ကိုယ်ဝန်ရင့်မာ ကြီးဖြစ်နေပြီ၊ သားးဖွားဖို့အတွက် သားဖွားတဲ့အိမ် မပြုလုပ်ပေးတော့ဘူးလား၊ ကိုယ်ဝန်အတွက် ရှင်ကိုယ်တိုင် မပြုလုပ်ပေးနိုင်ဘူးဆိုရင်လည်း အလုပ်အကျွေးဖြစ်တဲ့ ကောသလမင်းတို့၊ အနာထပိဏ်သူဌေးတို့၊ ၀ိသာခါ အမျိုးသမီးတို့ စတဲ့ပုဂ္ဂိုလ်တွေကို စိဥ္စမာဏကို ပြုစု ပေးပါလို့ ခိုင်းလည်းရသားပဲ၊ ဒီလိုလည်း မပြောခဲ့ဘူး၊ သင်ဟာကျွန်မနဲ့ ကိုယ်ဝန်ရတဲ့အထိ ပျော်ပါးဖို့လောက်ပဲ သိတယ်၊ ကိုယ်ဝန်ကိုကျတော့ တာဝန်ယူပေးရကောင်းမှန်း မသိဘူး” ဟု ပရိသတ်အလယ်၌ ဘုရားရှင်အား စွပ်စွဲကာ ဆဲရေးပါလေသည်။

ထိုအခါ ဘုရားရှင်က တရားဟောနေရာမှ ခဏရပ်ကာ ရဲရင့်သော အသံတော်ဖြင့် “ဒီကိစ္စဟာ သင်နဲ့ ငါသာသိတယ်”ဟု မိန့်တော်မူ၏။ ယင်းကိုပင် စိဥ္စမာဏက “ရဟန်းကြီး ကိုယ်ဝန်ရှိတဲ့ကိစ္စမှာ သင်နဲ့ငါတို့ နှစ်ယောက်သာ သိတယ်ဆိုတာ မှန်တာပေါ့” ဟု ဘုရားရှင်အား ထပ်မံပြီး စွပ်စွဲလိုက်ပြန်သည်။ ဘုရားရှင်က မည်သို့မျှ မိန့်တော်မမူတော့ဘဲ ဆိတ်ဆိတ်သာ နေတော်မူလိုက်၏။ ထိုအချိန်၌ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီး ပူနွေးလာသည့်အတွက် အကြောင်းကို ဆင်ခြင်ကြည့်ရာ စိဥ္စမာဏသည် ဘုရားရှင်အား မဟုတ်မတရား စွပ်စွဲနေသည်ကို မြင်၏။ သို့နှင့် ဒီကိစ္စကို ဖြေရှင်းမှ တော်မည်ဟုဆိုပြီး နတ်သားလေးဦးနှင့်အတူ ဘုရားရှင်ရှိရာသို့ ရောက်ရှိလာသည်။ နတ်သားတို့လည်း ကြွက်ငယ်ယောင်ဆောင်ကာ စိဥ္စမာဏ၏ ခန္ဓာကိုယ်၌ ချည်ထားသည့် ကြိုးများကို ကိုက်ဖြတ်လိုက်သည်။ ကြိုးများပြတ်သွားသည့်အခါ သစ်သားချပ်အောက်သို့ ကျကာ သူ၏ခြေဖမိုးအထက်ကိုထိပြီး ခြေဖျားနှစ်ဖက်စလုံး ကျိုးကုန်၏။

ထိုအခါကျမှ လူအများလည်း မိန်းမယုတ် စိဥ္စမာဏကို တံတွေးဖြင့် ထွေး၊ ခဲဖြင့်ပေါက်ကာ ရိုက်နှက်ပြီး ပရိသတ်အပြင်သို့ ဆွဲထုတ်သွားလေ၏။ စိဥ္စမာဏလည်း ဘုရားရှင် မမြင်သာသည့်နေရာသို့ အရောက်တွင် မြေကြီးဟက်တက်ကွဲကာ မြေမျိုခံခဲ့ရရှာတော့သည်။ မည်သို့ဆိုစေ၊ စိဥ္စမာဏအား အောင်မြင်တော်မူခန်းကို ထောက်ရှုသည့်အခါ မကောင်းသော အကြံအစည်တို့၏ ရလဒ်မှာ ကိုယ်ပြုသည့်ကံသည် အနှေးနှင့်အမြန် ကိုယ်ထံပြန်လာသည်သာ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘေ်ာ)