မီတာခအတက်၊ တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းနဲ့ အကျပ်အတည်းတွေအတွက် ဘယ်လိုပြင်ထားသလဲ

မီတာခအတက်၊ တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းနဲ့ အကျပ်အတည်းတွေအတွက် ဘယ်လိုပြင်ထားသလဲ
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် စျေးသည်စျေးဝယ်တို့အား သြဂုတ် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် စျေးသည်စျေးဝယ်တို့အား သြဂုတ် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 4 August 2019
သတင်းအယ်ဒီတာအဖွဲ့

NLD အစိုးရသက်တမ်း သုံးနှစ်ကျော် ရှိလာသည့် အချိန်တွင် အခြေခံ လူတန်းစားများ၏ နေ့စဉ် အစားအသောက်စရိတ်နှင့် နေထိုင်မှုစရိတ်မှာ တရိပ်ရိပ် မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ ၂၀၁၉ ခုနှစ် ဇွန်လတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၄ ဒသမ ၅၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် ဇွန်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းမှာ အစားအစာ အုပ်စုအတွက် ၁၇၀ ဒသမ ၆၅ ရှိကြောင်း ထုတ်ပြန်ထားသည်။

အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၃၁ ဒသမ ၉၂ နှင့် အုပ်စုအားလုံးအတွက် ၁၅၄ ဒသမ ၅၆ ရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူ စျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ် ကာလတူထက် စားသုံးသူ စျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်း စျေးနှုန်းများ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇွန်လတွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က သုံးသပ်တင်ပြခဲ့သည်။

ကုန်စည်အုပ်စုအလိုက် စျေးနှုန်းအခြေအနေ

၂၀၁၉ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သော စျေးနှုန်းများနှင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများကို ကုန်စည်အုပ်စုအလိုက် လေ့လာကြည့်ပါက အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ သိသိသာသာ မြင့်တက်နေကြောင်း သိရသည်။

ဆန် (ဧည့်မထ) စျေးမှာ ယခင်နှစ် အလားတူ ကာလကထက် ၇ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်လာသည်။ မြေပဲဆီ ၁၅ ဒသမ ၆၉ ရာခိုင်နှုန်း၊ နှမ်းဆီ ၁၂ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကြက်သား ၁၀ ဒသမ ၅၄ ရာခိုင်နှုန်း၊ ဝက်သား ၁ ဒသမ ၉၉ ရာခိုင်နှုန်း၊ အမဲသား ၂၅ ဒသမ ၂၉ ရာခိုင်နှုန်း၊ ဘဲဥ ၁၈ ဒသမ ၇၆ ရာခိုင်နှုန်း၊ ကြက်ဥ ၁၃ ဒသမ ၈၁ ရာခိုင်နှုန်း၊ ငါးခူ ၁၀ ဒသမ ၄၉ ရာခိုင်နှုန်း၊ ငါးရံ့ ၉ ဒသမ ၃၁ ရာခိုင်နှုန်း၊ ငါးမြစ်ချင်း ၁၆ ဒသမ ၇၉ ရာခိုင်နှုန်း၊ ပုစွန်ခြောက် ကိုးရာခိုင်နှုန်း၊ ငါးရံ့ခြောက် ၈ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် အသီးသီး စျေးမြင့်တက် လာသည်ဟု ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“မီတာမတက်ခင် ရေခဲက ၂၆၀၀ ကျပ် ရှိတယ်။ အခုဆိုရင် ၃၀၀၀၊ ၃၁၀၀ ကျပ် ဖြစ်သွားတယ်။ အခုဆိုရင် ရေခဲအတွက် ပိုက်ဆံပိုသုံး လိုက်ရတယ်။ ပြီးတော့ ငါးအစာတောင့်၊ တချို့ကျတော့ဖွဲ့နု၊ ပဲဖတ်တို့ ကျွေးတဲ့သူလည်း ရာခိုင်နှုန်း  ၇၀ လောက်ရှိတယ်။ ရာခိုင်နှုန်း ၃၀ လောက်က ငါးအစာတောင့် ကျွေးတယ်။ ငါးအစာတောင့်က မီတာခ မတက်ခင်တုန်းက ၉၀၀ ရှိတယ်။ မီတာခတက်ပြီး ၉၄၀ ဖြစ်သွားတယ်။ ငါးလုပ်ငန်းကတော့ လျှပ်စစ်သုံးစွဲမှုတော့ အင်မတန်နည်းတယ်။ ဒါပေမဲ့ ငါးအစာတောင့် စျေးတက်တယ်။ ရေခဲစျေးတက်တယ်။ အဲဒီအတွက်တို့တွေ ပိုက်ဆံပိုသုံးရတာပေါ့။ ရေခဲမှာလည်း ပိုက်ဆံပိုသုံးရတယ်။ အစာတောင့်ကလည်း တစ်နေ့တစ်နေ့ နေ့စဉ်ပိဿာချိန် သိန်းနဲ့ချီပြီး ကျွေးနေတာကိုး။ တစ်ပိဿာကို ၄၀ လောက် တက်သွားတယ်ဆိုတော့ အများကြီး တက်သွားတယ်” ဟု ဟန်သစ်ငါးဒိုင်လုပ်ငန်းရှင် ဦးဆန်းထိုက်က ပြောကြားသည်။

အသား၊ ငါးနှင့် ဥအုပ်စုတွင် ပါဝင်သော အသားစျေးနှုန်းမှာ ပြည်ပမှ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ဝယ်ယူမှုများ ရှိနေခြင်းကြောင့် လည်းကောင်း၊ မိုးရွာသွန်းမှုများပြီး ကြက်မွေးမြူရေးခြံများ ရေဝင်ခြင်း၊ ကြက်အသေအပျောက် များခြင်း၊ တိရစ္ဆာန် အစာဖြစ်သော ကြက်စာ၊ ငါးစာစျေးနှုန်းများ မြင့်တက်ခြင်း၊ ငါးရစ်ဥချိန်ဖြစ်ပြီး ငါးမဖမ်းရ ရာသီဖြစ်ခြင်း စသည့်အကြောင်းရင်းများကြောင့် အသား၊ ငါး စျေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထို့ပြင် ကြက်စာစျေးနှုန်း မြင့်တက်ခြင်း၊ ဥထွက်နှုန်း ကျဆင်းခြင်းတို့ကြောင့် ကြက်ဥနှင့် ဘဲဥစျေးနှုန်းများ မြင့်တက်လာသည်။

“ကုန်ဝင်ကုန်ထွက်က ပုံမှန်ပဲ။ မိုးတွင်းဆိုတော့ နည်းနည်းလျော့တယ်။ ပုစွန်တို့က အရောင်းအဝယ် နည်းနည်းလျော့တယ်။ မနှစ်တုန်းကလောက် ကုန်မများဘူး။ အဝယ်ကတော့နည်းနည်း၊ ပြည်တွင်းအဝယ် နည်းနည်းမဆိုးပါဘူး။ နောက် ၄၊ ၅၊ ၈ ရက်လောက်ဆို တောင်ပြုန်းရာသီစပြီးဆိုတော့ နည်းနည်း အဝယ်အေးမယ် ထင်တယ်။ ရန်ကုန်စျေးသည်တွေက တောင်ပြုန်းသွားကြတာ များတာကိုး။ ငါးစျေးတွေက ကုန်နေပါပြီ။ ဒီစျေးထက် ပြန်ဆင်းမလား မသိဘူး။ အဲဒီလိုတော့ရှိတယ်။ စျေးကငြိမ်နေတာကြာပြီ။ တစ်လခွဲ နှစ်လလောက်ရှိပြီ။ ဝယ်လိုအားနဲ့ ရောင်းလိုအားလည်း ပုံမှန်ပဲ။ တအားကြီး သွက်သွက်လက်လက် မရှိဘူး။ ပုံမှန်ပဲ သွားနေတယ်။ စျေးတွေလည်း မြင့်တော့ အိမ်ရှင်မတွေပဲ စိတ်ညစ်နေမှာပဲ။ ကုန်စျေးနှုန်းတွေကလည်း  အကုန်လျှောက်တက်နေတယ်။ ဒေါ်လာတက်တယ်။ ရွှေတက်တယ်။ ဒီဇယ်၊ ဓာတ်ဆီလည်းတက်။ ဆေးဝါးတွေလည်း စျေးတက်တော့ တို့ငါးလုပ်ငန်းလည်း အဲဒီလိုဖြစ်နေတယ်” ဟု ဟန်သစ် ငါးဒိုင်လုပ်ငန်းရှင် ဦးဆန်းထိုက်က ပြောကြားသည်။

ဆေးလိပ်နှင့် အဖျော်ယမကာ အုပ်စု၏ စျေးဆနှုန်းမှာ ယခုနှစ် ဇွန်လတွင် ၁၅၀ ဒသမ ၈၆ ရှိ၍ ယခင်နှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၈၀ ရာခိုင်နှုန်း မြင့်တက်နေသည်။ အဆိုပါအုပ်စုတွင် အရက် (ပြည်တွင်း၊ ပြည်ပ)၊ ဘီယာ (ပြည်တွင်း၊ ပြည်ပ)၊ ကွမ်းသီး(အလုံး)၊ စီးကရက် (ပြည်တွင်း၊ ပြည်ပ)၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် စျေးနှုန်းများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။

အိမ်လခနှင့် အိမ်ပြင်ခအုပ်စုတွင် ပါဝင်သော အိမ်ငှားခ၊ အိမ်ဆောက်ပစ္စည်း၊ ထင်း၊ မီးသွေး စျေးနှုန်းများ၊ အိမ်ပြင်ခ၊ အလုပ်သမားခ၊ ဂက်(စ်)ဓာတ်ငွေ့နှင့် ရေဖိုးစျေးနှုန်းမှာ ယခင်နှစ်ထက် မြင့်တက်လာသည်ကို တွေ့ရသည်။

သယ်ယူပို့ဆောင်ရေး အုပ်စုတွင် ပါဝင်သော ဒီဇယ်ဆီစျေးမှာ  ၂၀၁၈ ခုနှစ် ဇွန်လက တစ်ဂါလန် ၄၂၄၄ ဒသမ ၀၅ ကျပ် ရှိရာမှ ယခုနှစ်တွင် ၄၃၃၇ ဒသမ ၁၄ ကျပ်၊ ဓာတ်ဆီစျေးမှာ တစ်ဂါလန်လျှင် ၄၁၉၆ ဒသမ ၆၁ ကျပ်မှ ယခုနှစ်တွင် ၄၀၀၄ ဒသမ ၆၀ ကျပ်သို့ မြင့်တက်ခဲ့သည်။ ထို့ပြင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဘတ်(စ်) ကားခ (ခရီးဝေး၊ ပြည်တွင်း)၊ အငှားယာဉ်ခ၊ ဆိုက်ကားခနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ် စျေးနှုန်းများမှာ ယခင်နှစ်ထက် မြင့်တက်လာခဲ့၍ ဖြစ်သည်။

အထွေထွေ ကုန်ပစ္စည်းအုပ်စု၏ စျေးဆနှုန်းမှာ ယခုနှစ် ဇွန်လတွင် ၁၃၉ ဒသမ ၆၁ ရှိ၍ ၂၀၁၈ ခုနှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။ အဆိုပါအုပ်စုတွင် ပါဝင်သော ကုန်ပစ္စည်း အများစုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းမြင့်တက်ခဲ့ရာတွင် ရွှေထည် ပစ္စည်းစျေးမှာ ၁၅ ဒသမ ၈၇ ရာခိုင်နှုန်း၊ သနပ်ခါး ၇ ဒသမ ၄၀ ရာခိုင်နှုန်း၊ မိတ်ကပ် ၁၁ ဒသမ ၀၇ ရာခိုင်နှုန်းနှင့် သွားတိုက်ဆေး ၁၃ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် သိသာစွာ မြင့်တက်ခဲ့သည်။

မိုးရွာသွန်းမှုများသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် စျေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု နည်းလာပြီး ဟင်းသီးဟင်းရွက်နှင့် အသီးအနှံစျေးများ သိသိသာသာ မြင့်တက်လာသည်။

ဘာကြောင့် မြင့်တက်ခဲ့လဲ

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းကမူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီ ဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက် စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူ စျေးဆနှုန်း အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်ကျဆင်း ခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်း မြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်း မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း ပြန်လည်မြင့်တက်ခဲ့ရာ ဇွန်လအထိ ဆက်လက် မြင့်တက်နေသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က သုံးသပ်တင်ပြ ထားသည်။

ယခုလအတွင်း ဖြစ်ပေါ်နေသည့် ဆန်စျေးနှုန်းကို ယခင်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ဆက်လက် မြင့်တက်လျက်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကလည်း များစွာမြင့်တက်လျက်ရှိသည်။ သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်း၊ စျေးကွက်အတွင်း ဆန်လက်ကျန် နည်းပါးခြင်းတို့ကြောင့် ဆန်ဟောင်းစျေး မြင့်တက်နေခြင်း ဖြစ်သည်။

စားသုံးဆီအုပ်စုတွင် ပါဝင်သော မြေပဲဆီစျေးနှုန်းမှာ ကုန်ကြမ်းဖြစ်သော မြေပဲဆန်များကို ပြည်ပဝယ်လိုအား ရှိခြင်းနှင့် အထွက်နှုန်း နည်းခြင်းတို့ကြောင့် စျေးမြင့်တက်လာသည်ဟု ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။

စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးကို တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၀၈ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မီတာခကြောင့် စရိတ်စက စိုးရိမ်လာကြ

ဇူလိုင် ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံတော့မည့် လျှပ်စစ်မီတာခ နှုန်းထားများကြောင့် စရိတ်စကများ မြင့်တက်လာမည်ကို ပြည်သူများ စိုးရိမ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဇူလိုင်လအတွင်း ကျသင့်မည့် တစ်အိမ်ထောင်စု၏ မီတာခ ဘေလ်စာရွက်များ စားသုံးသူ ပြည်သူများ လက်ဝယ်သို့ မရောက်သေးပေ။ သို့သော် အချို့သော စားသောက်ဆိုင်များနှင့် လုပ်ငန်းများမှာမူ ၎င်းတို့၏ ဝန်ဆောင်မှု စရိတ်နှင့် ကုန်စည်များအပေါ် စျေးတက်ယူနေခြင်းများ ရှိနေသည်ဟု ရန်ကုန်မြို့ခံ အချို့က ပြောပြခဲ့သည်။

“စားနေကျ ရှမ်းခေါက်ဆွဲက အရင် တစ်ပွဲကို ၁၀၀၀၊ အခု ၁၂၀၀ ဖြစ်သွားပြီ။ တခြားစားစရာတွေဆိုလည်း အရင် ၁၅၀၀ ဆိုရင် အခု ၁၇၀၀၊ ၁၈၀၀ ကျပ်ရှိလာပြီ။ စားသောက်ဆိုင် တချို့လည်း တစ်ခုချင်းစီကို နည်းနည်းစီ စျေးတက်လာကြတယ်။ ဒါတောင် မီတာခတွေ အရင်ထက် ဘယ်လောက်ကျမယ်ဆိုတဲ့ မီတာဘေလ်တွေ လက်ထဲမရောက်သေးဘူး။ နောက်နှစ်ပတ်လောက်ကြာရင် ဘာတွေ ထပ်ကြားရဦးမလဲ မသိဘူး” ဟု လှိုင်မြို့နယ်၌ နေထိုင်သူ ကိုကျော်ကျော်က ဆိုသည်။

တာမွေမြို့နယ် မြလမ်းမှတ်တိုင်အနီးရှိ ရှမ်းခေါက်ဆွဲဆိုင်မှ တာဝန်ရှိသူ တစ်ဦးကလည်း ယခင်က ရှမ်းခေါက်ဆွဲ တစ်ပွဲလျှင် အသားဖြင့် ကျပ် ၁၀၀၀ ယူနေရာမှ လက်ရှိတွင် တစ်ပွဲလျှင် ကျပ် ၁၂၀၀ ဖြင့် ရောင်းချလျက် ရှိကြောင်း ပြောပြသည်။

ပြင်ပအစားအသောက် အုပ်စုတွင် ပါဝင်သော အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ထမင်းနှင့် ဟင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်၊ လက်ဖက်အစိုနှင့် နှစ်ပြန်ကြော် စျေးနှုန်းများမှာ ယခင်နှစ်ထက် မြင့်တက်နေသည်ဟု ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မီတာခတွေတက်မယ် သတင်းလည်းထွက်ရော ရေစျေးတွေ တက်တော့တာပဲ။ အရင်က ရေတစ်စည် သုံးရာ။ အခုဆို ငါးရာ ဖြစ်သွားပြီ။ အခက်အခဲကတော့ ရေပေါ့။ ရေက အိမ်မှာဆို တစ်နေ့ကို သုံးစည်လောက် သုံးကြတာ။ တစ်စည် ငါးရာဆိုတော့ တစ်နေ့ကို ထောင့်ငါးရာလောက်က ရေဖိုးဖြစ်နေပြီ။ ကိုယ်တွေလည်း အိမ်မှာ မီးတောင်မသုံးရဲတော့ဘူး။ ပန်ကာတွေပိတ်၊ တီဗီတွေလည်း မကြည့်ဘူး။ အိမ်က ဖုန်းအရမ်းဆော့တဲ့ ကလေးတောင် ခဏခဏ ဆူနေရတယ်” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

“မီတာခတွေတက်လို့ အဝတ်လျှော်ခတွေ တက်ရတာ။ ဂျင်းတစ်ထည်ကို ၁၀၀ လောက်တက်တယ်။ ပုဆိုး ၅၀၊ ရှပ်လက်ရှည်ဆို ၁၀၀။ ကျွန်တော်တို့ တစ်လတစ်လရှင်းရတဲ့ မီတာခ မနည်းဘူး” ဟု တာမွေမြို့နယ်တွင် ခုနစ်နှစ်ကျော်ကြာ ဒိုဘီဆိုင်ဖွင့်ခဲ့သူ တစ်ဦးက ဆိုသည်။

သို့သော် ဝန်ဆောင်မှုဖြင့် စျေးကွက်ရယူနေရသည့် အလှပြင်ဆိုင် အချို့မှာမူ စျေးနှုန်းပြောင်းလဲခြင်း မရှိဘဲ ပုံမှန်စျေးနှုန်း အတိုင်းသာ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“အစ်မတို့က မီတာခတက်မယ်ဆိုတိုင်း စျေးကတက်လို့ မရဘူး။ ကိုယ်တိုင်ပဲ ချွေတာလို့ရမယ်။ ပုံမှန် ဖောက်သည်တွေ ရှိတယ်လေ။ ကိုယ်က မီတာခတက်လို့ စျေးတက်ပါတယ်ဆိုရင် လာကြမှာ မဟုတ်တော့ဘူး” ဟု တောင်ဒဂုံ အလှပြင်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားကို မဖြစ်မနေသုံးစွဲ၍ လုပ်ငန်းလည်ပတ် ထုတ်လုပ်နေရသည့် စက်မှုလုပ်ငန်းရှင်များတွင်မူ ကုန်ထုတ်လုပ်နိုင်မှု၊ လုပ်သားစရိတ်အပြင် လျှပ်စစ်ဓာတ်အားခ မြင့်တက်မှု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ဓာတ်ဆီ၊ ဒီဇယ်စျေးနှုန်း မြင့်တက်လာခြင်းများကြောင့် ၎င်းတို့၏ ထုတ်ကုန်စျေးနှုန်းအပေါ် စျေးတင်ယူရမည့် အခြေအနေနှင့် လုပ်ငန်းလည်ပတ်နိုင်မှု အခြေအနေအပေါ် လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်ဟု သိရသည်။

“ကျွန်တော်က ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံလုပ်တယ်။ မီတာခ တက်သွားတယ်ဆိုရင် လုပ်ငန်းရှင်တွေ မထိခိုက်အောင် ဘယ်လိုစီစဉ် ဆောင်ရွက်ကြမလဲဆိုတာ ဝန်ကြီးဌာန အချင်းချင်း တိုင်ပင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ မီတာခတက်ရင် ကျွန်တော်တို့ထုတ်ကုန်၊ ကုန်ပစ္စည်းတွေလည်း စျေးတက်သွားမှာပဲ။ တက်သွားမယ်ဆိုရင် နိုင်ငံတကာက ဝင်လာတဲ့ပစ္စည်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပစ္စည်းတွေက စျေးတက်သွားရင် နဂိုကတည်းကကို မရောင်းရတဲ့အပြင်မှာ ဒီလိုတက်သွားရင် ကျွန်တော်တို့တွေ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရလိမ့်မယ်” ဟု ရွှေပေါက္ကံ စက်မှုဇုန်ဥက္ကဋ္ဌ ဦးဖေလှိုင်က ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ မီးခလုတ်ကိုတောင် သွားမထိရဲဘူး ဖြစ်နေတယ်။ မီးခလုတ်ကို မဖွင့်ရဲတော့ဘူး။ ဖွင့်လိုက်ရင် ပိုက်ဆံမနည်းဘူး ပေးရမယ်ဆိုတော့ မီးခလုတ်ဖွင့်ဖို့အရေး တော်တော်လေး အထိတ်တလန့် ဖြစ်သွားတယ်။ အရင်လို သုံးစွဲလို့ မရဲတော့ဘူး” ဟု ၎င်းကဆိုသည်။

အခြားတစ်ဖက်တွင် ငွေကြေးဖောင်းပွမှု ပြဿနာကိုလည်း ကဏ္ဍစုံမှ လုပ်ငန်းရှင်များသာမက ပြည်သူများပါ ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၀၈ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် မေလတွင် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်းအနည်းငယ် ဆက်လက်မြင့်တက် လာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်ပြန်လည် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၀၈ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် မေလရှိ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၈၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက် မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် ဇွန်လအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၄ လ ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရကိုင်ရ ခက်ခဲနေပြီး ပြိုလဲမသွားအောင် မနည်းရုန်းကန်နေရကြောင်း လုပ်ငန်းရှင်များက ၂၀၁၇ ခုနှစ်ကတည်းက ပြောဆိုခဲ့ကြသည်။ လက်ရှိတွင်လည်း မြန်မာ့စီးပွားရေး အနာဂတ်အတွက် မှန်းဆရခက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေဆဲဟု ဆိုရမည်ဖြစ်သည်။

လုပ်ငန်းရှင်များအပေါ် မှီခိုနေရသည့် အလုပ်သမားထု၊ မိသားစုများနှင့် ပြည်သူအများစုမှာ စီးပွားရေး အကျပ်အတည်းအောက် ရောက်နေကြပြီး ဝင်ငွေထွက်ငွေ မမျှတမှုနှင့် စားဝတ်နေရေးအတွက် လုံးပန်းနေရသည်ဆိုသည့် အသံများက ပိုပြီးကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။

“အဓိကက ကုန်စျေးနှုန်းတွေ တက်တယ်။ ဝင်ငွေက တိုးမလာဘူး။ အဘက်ဘက်က ကုန်ကျစရိတ် တက်နေတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မမျှတော့ဘူး။ မိသားစုလူကုန် အလုပ်လုပ်နေလို့ ထမင်းနပ်မှန်တာ” ဟု တောင်ဒဂုံစက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။

ထိုသို့သော အခြေအနေတွင် ပြည်သူများအကြား၌ ကုန်စျေးနှုန်း မြင့်တက်မှု၊ ငွေကြေး ဖောင်းပွမှု မြင့်တက်မှု၊ ဘတ်ဂျက်လိုငွေ စံချိန်တင် မြင့်တက်မှု၊ မီတာခတိုးမြှင့်မှုများအပြင် ထပ်မံတိုးမြှင့်လာဦးမည့် ရေမီတာခများ အကြား ကမ္ဘာ့ဘဏ် သုံးသပ်ထားသည့် အထွေထွေ ကျပ်တည်းမှု အခြေအနေသို့ ဆိုက်ရောက်လာမည့် အခြေအနေအတွက်မူ အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင် သုံးသပ်ရန် လိုအပ်နေသည်ကို သတိချပ်စေ လိုပါသည်။