ဘိုးအင်းအခက် အဲဘတ်စ်အချက် ဖြစ်မလား

ဘိုးအင်းအခက် အဲဘတ်စ်အချက် ဖြစ်မလား
ဇွန် ၁၈ ရက်က ပါရီမြို့အနီး လဲဘူရှေးလေဆိပ်တွင် ပြုလုပ်သော ပါရီလေကြောင်းပြပွဲ၌ အဲဘတ်စ်၏ ပြခန်းကို တွေ့မြင်ရစဉ်
ဇွန် ၁၈ ရက်က ပါရီမြို့အနီး လဲဘူရှေးလေဆိပ်တွင် ပြုလုပ်သော ပါရီလေကြောင်းပြပွဲ၌ အဲဘတ်စ်၏ ပြခန်းကို တွေ့မြင်ရစဉ်
Published 4 August 2019
နရီမင်း

အရောင်းရဆုံး ဂျက်လေယာဉ်ကုမ္ပဏီ နှင့်ပတ်သက်၍ ကမ္ဘာက ဝေဖန်မှုများကြောင့် အဓိကပြိုင်ဘက် အကျပ်တွေ့နေခြင်းနှင့်အတူ ဥရောပ၏ အဲဘတ်စ်ကုမ္ပဏီသည် အငြင်းပွားဖွယ်ရာမရှိသည့် ကမ္ဘာ့ဦးဆောင် လေယာဉ်ကုမ္ပဏီကြီးအဖြစ် ပေါ်ထွက်လာရန် ဟန်ပြင်နေပုံရသည်။

၂၀၁၉ ခုနှစ်၌ အဲဘတ်စ်သည် အမေရိကန်ကုမ္ပဏီကြီးဖြစ်သော ဘိုးအင်းအပေါ်  အဓိက စံသတ်မှတ်ချက်အချို့၌ အသာရရှိခဲ့သည်။ ယင်းနောက် အဲဘတ်စ်သည် ဂျက် လေယာဉ်ထုတ်ကုန်အသစ်နှင့်ပတ်သက်၍  အလျင်အမြန် လှုပ်ရှားရန် ယခုအခါ ပိုမိုကောင်းမွန်သော အနေအထားသို့ ရောက်ရှိ၍လာသည်။

ယခုလောလောဆယ်ဆယ်တွင် လူသေဆုံးမှုများဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှု နှစ်ခုပြီးနောက် အမေရိကန်၏ ဘိုးအင်းကုမ္ပဏီသည် ၎င်း၏ ပြဿနာတက်နေသော 737 Max လေယာဉ်များကို ပြန် လည်ရုပ်သိမ်းရမည့်အရေး၌ နွံနစ်သလို ရုန်းကန်နေရသည်။

ပြင်သစ်နိုင်ငံ တူးလောက်စ်မြို့အခြေစိုက် လေယာဉ်ကုမ္ပဏီကြီးသည်လည်း ထုတ်လုပ်မှုဆိုင်ရာ အကန့်အသတ်များနှင့်  ရင်ဆိုင်နေရသောကြောင့် စျေးကွက်ဝေစုများ ထပ်မံဆုပ်ကိုင်နိုင်စွမ်းရှိရန် အကန့် အသတ်များရှိနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“အဲဘတ်စ်ဟာ နှာတစ်ဖျားပဲ အသာရတဲ့ အနေအထားမှာရှိပါတယ်” ဟု လေယာဉ်စျေးကွက် သုံးသပ်ရေးကုမ္ပဏီဖြစ်သော Teal Group မှ ၀ါရင့်လုပ်ငန်းသုံးသပ်သူ ရစ်ချက်အဘူလာဖီယာက ပြောကြားခဲ့ သည်။

သေချာသည်မှာ ဘိုးအင်း၏ အရောင်းရဆုံးလေယာဉ်များ ဖြန့်ချိမှု ရပ်ဆိုင်းလိုက်ရခြင်းသည် အဲဘတ်စ်၏ ခိုင်မာပြီး နာမည်ပျက်မရှိသည့် ရလဒ်များအား ပိုမိုတောက်ပလာစေရန် အားဖြည့်ပေးလိုက်သကဲ့သို့ ရှိခြင်းပင်ဖြစ်သည်။

၎င်းအပြင် MAX လေယာဉ်ပြဿနာ ဖြစ်ပေါ်လာသည့် မတ်လကတည်းက လေယာဉ်ဝယ်ယူသည့် အဓိကဖောက်သည်များသည် စိတ်ပျက်မှုများကို ဖော်ပြလျက် အကြီးအကျယ် ဝေခွဲမရဖြစ်လာနေသည်။

အဲဘတ်စ်သည် ဇွန်လကုန်အထိ လေယာဉ်ပေါင်း ၃၈၉ စင်း ဖြန့်ချိခဲ့ရာ ၂၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ယင်းနှင့်ကာလတူ အချိန်အတိုင်းအတာအတွင်း  ဘိုးအင်းသည် ၂၃၉ စင်းသာ ဖြန့်ချိခဲ့ရပြီး ၃၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ယင်းသည် အဲဘတ်စ်အနေဖြင့် ပြိုင်ဘက် အမေရိကန်လေယာဉ်ကုမ္ပဏီကို ဖြန့်ချိရေး၌ ၂၀၁၁ ခုနှစ် နောက်ပိုင်း ပထမဆုံး အသာရရှိမှုလည်း ဖြစ်သည်။ ၎င်းအပြင် ကုမ္ပဏီ၏ ဝင်ငွေများ အစုလိုက်အပြုံလိုက် ဝင်လာသည့်အခါ အဲဘတ်စ်ကို ကမ္ဘာအကြီးဆုံး လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီအဖြစ်  ထိထိရောက်ရောက် တွန်းပို့နိုင်မည်ဖြစ်သည်။

အဲဘတ်စ်သည် ၂၀၁၉ ခုနှစ်အတွင်း လေယာဉ်အသားတင် မှာယူမှုအစင်းပေါင်း ၈၈ လက်ခံရရှိခဲ့ပြီး ဘိုးအင်းသည် ၁၁၉ စင်းမှနေ၍ ကျဆင်းသွားပုံရသည်။

ဇွန်လက ပါရီတွင် လေကြောင်းပြပွဲ ပြုလုပ်စဉ် အဲဘတ်စ်က စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၄ ဘီလျံတန်ဖိုးရှိ လေယာဉ်ပေါင်း ၃၈၃ စင်း မှာယူခံရကြောင်း ကြေညာခဲ့ရာ လေကြောင်းပြပွဲမှနေ၍ ဘိုးအင်း မှာယူခံရသော လေယာဉ်များတန်ဖိုးထက် ဒေါ်လာ ၁၀ ဘီလျံ ပိုများ၍နေသည်။

သို့သော် အမေရိကန်ကုမ္ပဏီအတွက်  နှစ်သိမ့်ဆုအဖြစ် British Airways ၏ မူရင်းကုမ္ပဏီဖြစ်သော IAG က 737 MAX လေယာဉ်အသစ် ၂၀၀ ဝယ်ယူရန် အမှာစာ လက်ခံရရှိခဲ့သည်။ ယင်းသည် လေယာဉ်လောက၌ အယုံအကြည်ရှိကြောင်း ထောက်ခံမဲပေးလိုက်ခြင်းပင်ဖြစ်သည်။

အဲဘတ်စ်ကလည်း တာလတ်သွား လေယာဉ်သစ်တစ်စင်းကို စျေးကွက်တင်သွင်းခြင်းနှင့်အတူ ပို၍ လျင်မြန်စွာ အကွက်ရွှေ့ခြင်းဖြင့် ဆွဲဆောင်ခဲ့သည်။ အဲဘတ်စ်သည် ယခုနှစ် ပါရီပြပွဲတွင် A321 XLR လေယာဉ်ကို စတင်မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သည် လျှောက်လမ်းတစ်ခုတည်း ပါသည့် လေယာဉ်ဖြစ်ပြီး  ပိုမိုဝေးကွာသော ခရီးကိုသွားနိုင်ကာ ခရီး သည် ၂၄၀ ဦး တင်ဆောင်နိုင်သည်။ဘိုးအင်းသည်လည်း ပြိုင်ဆိုင်နိုင်သည့်  ဂျက်လေယာဉ်အမျိုးအစားသစ်တစ်ရပ်ကို ဖွံ့ဖြိုးအောင်ပြုလုပ်နေဆဲ အစီအစဉ်တစ်ရပ် ရှိထားသော်လည်း ယင်းအစီအစဉ်၏ အချိန်မူဘောင်ကို MAX ပြဿနာကြောင့် နောက်သို့ ဆုတ်ခဲ့ရသည်။

 

ဘိုးအင်းကုမ္ပဏီက အမှာစာများ ဖျက်သိမ်းမှု ကြီးကြီးမားမား မရှိခဲ့

သို့သော် ဘိုးအင်းကုမ္ပဏီအနေဖြင့် MAX ပြဿနာဖြစ်ပြီးနောက် အမှာစာများ  ဖျက်သိမ်းမှု ကြီးကြီးမားမား မရှိခဲ့ဟု အဘူလာဖီယာက ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျ၏ ဘတ်ဂျက်လေကြောင်းလိုင်း Flyadeal သည် MAX လေယာဉ်များ ဝယ်ယူရန် အစီအစဉ်ကို ပြန် ပြောင်းခဲ့သော်လည်း ယင်းသဘောတူညီချက်သည် ယာယီသဘောသာဖြစ်သည်ဟု လေယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လေယာဉ်ကန်ထရိုက်စာချုပ်အချို့သည် စာချုပ်ချုပ်ဆိုပြီးနောက် ခြောက်လအတွင်း ပေးလျော်ရမှုမရှိဘဲ သဘောတူညီချက်များကို ဖျက်သိမ်းရန်အတွက် လေကြောင်းလိုင်းများကို ခွင့်ပြုထားသည်။ ယင်းအဓိပ္ပာယ်မှာ စက်တင်ဘာလနှောင်းပိုင်း၌  လမ်းခွဲမှုများ ဖြစ်ပေါ်လာနိုင်ခြေကို ပြနေခြင်းဖြစ်သည်။

“အဲဘတ်စ်အနေနဲ့ ဒီအလွမ်းဇာတ်ကနေ အမှန်တကယ် အမြတ်ထုတ်နိုင်မလားဆိုတာ အဲဒီအချိန်ကျရင် ကျွန်တော်တို့ သိရပါလိမ့်မယ်”  ဟု သုံးသပ်ရေးနှင့် အကြံပေးရေး ကုမ္ပဏီတစ်ခုဖြစ်သော Air Insight Research မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သော မိုက်ကယ်မာလူဇီယုက ပြောကြားခဲ့သည်။

သို့သော် လေကြောင်းလိုင်းများအနေဖြင့် အဲဘတ်စ်ကုမ္ပဏီသို့ လေယာဉ်များ ပြောင်း၍မှာယူရန် မလိုလားခဲ့လျှင်ပင် ဥရောပကုမ္ပဏီ၏ ပိုမိုမြင့်မားသောနှုန်းဖြင့်  လေယာဉ်များ ဖြန့်ချိနိုင်စွမ်းနှင့် ပတ်သက်၍  သံသယများရှိနေသေး၍သာ ဖြစ်နိုင်သည်။

လေယာဉ်လောက၌ ထုတ်လုပ်ရေးကို မြှင့်တင်ခြင်းသည် အလွန်အရင်းအနှီးများ လွန်းသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ငါးနှစ်ခန့်ကြာသည့် ကြိုတင်စီစဉ်ရမှု ပါဝင်သည်ဟု  မာလူဇီယုက ပြောကြားခဲ့သည်။

“အဲဘတ်စ်ရဲ့ ထောက်ပံ့ရေးကွန်ရက်ဟာ နောက်ထပ် ထုတ်လုပ်မှု မြှင့်တင်ရေးကို စဉ်ဆက်မပြတ် ထိန်းထားနိုင်မယ်ဆိုတာ မသေချာပါဘူး။ ဒါဟာ နောက်ထပ် ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ်မှာဖြစ်ပြီး ကျွန်တော်တို့ ဟာ ဒေါ်လာသန်းပေါင်းများစွာအကြောင်း  ပြောနေတာဖြစ်ပါတယ်” ဟု အဘူလာဖီယာ က ပြောကြားခဲ့သည်။

အင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီများ ဖြစ်သော Pratt & Whitney နှင့် CFM International တို့အပြင် ပူးတွဲထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော General Electric နှင့် Safran အစရှိသည်တို့နှင့် ပတ်သက်၍ အခက်အခဲများရှိနေသောကြောင့် အဲဘတ်စ်သည် သူ၏ ထုတ်လုပ်ရေးပစ်မှတ်အချို့ကို  မြှင့်တင်နိုင်ရန် ရုန်းကန်ခဲ့ရသည်။

၎င်းအနေဖြင့် MAX ပြိုင်ဘက် လေယာဉ်များကို ထုတ်လုပ်မှု၌ ယှဉ်ပြိုင်ရန် A320 ဟူသော အမည်ကွန်ရက်များအောက်၌ ၂၀၁၉ ခုနှစ်တွင် တစ်လလျှင် အစင်း ၆၀ နှင့် လာမည့်နှစ်၌ တစ်လလျှင် ၆၃ စင်းသို့ ရောက်ရှိရန် မျှော်မှန်းထားသည်ဟု အဲဘတ်စ်က ပြောကြားခဲ့သည်။