ဆရာမျှော်နေသော ကျေးလက်က စာသင်ကျောင်းများ

ဆရာမျှော်နေသော ကျေးလက်က စာသင်ကျောင်းများ
 ကြာအင်းရွာ စာသင်ကျောင်းတွင် စာသင်နေသောကလေးများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)
ကြာအင်းရွာ စာသင်ကျောင်းတွင် စာသင်နေသောကလေးများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)
Published 4 August 2019
ဝေလင်း (ပြည်)

ဆည်ရေပြင်ကို လျှပ်တိုက်လာသည့် လေညင်းက တောင်ကုန်းစိမ်းစိမ်းလေးတစ်ဝိုက် သစ်ရွက်စိမ်းများ လှုပ်ခတ်သွားသည် ဆိုရုံလေး။ ရွှံ့နွံများကို နင်းမိလိုက်သည့်ခဏတိုင်း ခြေလှမ်းများယိမ်းယိုင်လို့။ တောင်ကုန်းလေးပေါ်တွင် စာသင်ကျောင်းလေးရှိသည်။ စာသင်ကျောင်းလေး၏ နောက်ဖေးကွက်လပ် မန်ကျည်းရိပ်မှာတော့ ကျောင်းသားကလေးငယ်များ ပြေးလွှားဆော့ကစားကြလို့။ သူတို့ကို အချိန်ပြည့်စာသင်ပေးရန် ဆရာမလုံလောက်။ စာသင်ချိန်မရောက်သေးချိန် ဆော့ကစားနေကြရသည်မှာ ရက်များကြာခဲ့ပြီဟုဆိုကြသည်။

ကြာအင်းရွာကိုသွားရောက်ဖို့ကတော့ လမ်းနှစ်သွယ်သာရှိသည်။ ပြည်-ကံမလမ်း မကြီးဘေးကနေ ကျီးပင်ကန်ကျေးရွာမှဝင်ရသည့် လှည်းလမ်းသာသာလမ်းကြမ်းဖြစ်ပြီး နွေအခါမှသာ ဖောကားလိုမျိုးကားသွား၍ရသည်။ မိုးအခါတွင်တော့ ရွှံ့ဗွက်အတွင်းလမ်းလျှောက်ရမည်။ အခြားတစ်လမ်းကတော့ ပြည်-ဥသျှစ်ပင်လမ်းမကြီးဘေးမှ ငါးဆယ်ပေးအထိ ဆိုင်ကယ်ဖြင့်သွားကာ ညောင်ကိုင်းဆည်ကိုစက်လှေ အသေးလေးဖြင့်ဖြတ်၍ အတက်အဆင်းအနည်းငယ်ရှိသည့် တောလမ်းအတိုင်း ရွာကိုသွားရသည့်လမ်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲကြီးတွင် မပါဝင်သော်လည်း အဆင်ပြေလှသည့် ခရီးမဟုတ်ပါချေ။ ယင်းအပြင် တောင်ပေါ်ကျေးရွာလေးသဖွယ် လူသူအရောက်အပေါက်နည်းလှသည့် ရွာကလေးလည်း ဖြစ်နေသည်။

ရွာကလေးကို မန်ကျည်းပင်ကြာအင်း ဟုခေါ်ကြသလို ကြာအင်းရွာဟောင်းဟုလည်း အများကသိရှိခေါ်ဝေါ်ကြသည်။ ချင်းတိုင်းရင်းသားအများစုနေထိုင်ကြသလို ကိုးကွယ်ရာအဖြစ် ခရစ်ယာန်အများစုဖြစ်ကာ ဗုဒ္ဓဘာသာဝင်များလည်းရှိသည်။ ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း ညောင်ကိုင်းရေ လှောင်တမံကို တည်ဆောက်ပြီးနောက် ကြာအင်းရွာကလေးအပါအဝင် ကျေးရွာအများအပြား ရေဝပ်ဧရိယာလွတ်အောင် ပြောင်းရွှေ့ပေးခဲ့ကြရသည်။ ကြာအင်းရွာကိုယ်တိုင်လည်း နေရာသစ်ကို ပြောင်းရွှေ့ခဲ့ရပြီး စိုက်ပျိုးရေး အဆင်မပြေသည့်အတွက် ရွာဟောင်းနေရာတွင် ပြန်လည်နေထိုင်ကြရင်း ကြာအင်းရွာဟောင်းဖြစ်သွားသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်ဆီက အိမ်ခြေ ၄၀ ခန့်ရှိခဲ့သည့် ရွာကလေးတွင် ယခုတော့ အိမ်ခြေ ၁၀၀ ကျော်နေပြီ ဖြစ်သည်။

ရွာ၏စာသင်ကျောင်းမှာလည်း အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသည်ဟု ဆိုရမည်။ ယခင်က ကျောင်းသားဦးရေလည်း သိပ်မရှိသေးသလို ကျောင်းဟုပင် ကောင်းကောင်းမရှိ။ ကိုယ်ထူကိုယ်ထအဖြစ် ၀ါးတိုင်စင်မြေစိုက်တဲလေးမှာ ဖွင့်တစ်ခါ ပိတ်တစ်လှည့်ဖြင့် စာသင်ကြားခဲ့ကြရသည့် နှစ်များစွာကို ဖြတ်သန်းခဲ့သည်။ နောက်တော့ပညာရေး ပရဟိတအဖွဲ့လေးများက ဝိုင်းဝန်းထောက်ပံ့ကြရင်း ကိုယ်ထူကိုယ်ထကျောင်းလည်း အခိုင်အမာတည်ဆောက်နိုင်ခဲ့သည်။ ကျောင်းသားအရေအတွက်လည်း များလာခဲ့သည်။ အခုတော့ ကျောင်းသား ၁၀၀ ကျော်ရှိသည့် အလယ်တန်းကျောင်း (ခွဲ) အဆင့်သို့ ရောက်ခဲ့ပြီဖြစ်ကာ ကျောင်းဆောင်ကိုလည်း RC တစ်ထပ်ကျောင်းဆောင်ဖြစ်ခဲ့ပြီ။ ကျောင်းသားလည်းရှိ၊ ကျောင်းဆောင်လည်းရှိသော်လည်း စာသင်ကြားပေးမည့်ဆရာကတော့ လေးဦးသာ ရှိနေသည့်အတွက် စာသင်ကြားချိန် အများအပြားဆုံးရှုံးနေရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ သြဂုတ်လသို့ ရောက်ရှိလာသည့်တိုင် ကြာအင်းကျောင်းတွင် ကျောင်းအုပ်မရှိသေးသလို ယာယီကျောင်းတာဝန်ခံအပါအဝင် ကျောင်းဆရာလေးဦးသာရှိသေးသည့်အတွက် KG တန်းမှ အဋ္ဌမတန်းအထိစာသင်ကြားရသည့် အခြေအနေမှာ အတော်ခက်ခဲသည့် အနေအထားတွင် ရှိနေသည်။ စာသင်ဆောင်မှာလည်း အခန်းဖွဲ့ထားခြင်းမျိုးမဟုတ်ဘဲ ရင်ခွဲရုံသဘော ဟောခန်းဖြစ်သည့်အတွက် တစ်တန်းနှင့်တစ်တန်း ခုံခြားထားသည့်အနေအထား တွင်သာရှိနေပြီး တစ်တန်းကိုသင်သည့်အခါ တစ်တန်းက အားနေပြီး စာတွက်ခိုင်းခြင်း၊ စာကြည့်ခိုင်းခြင်းများလုပ်ထားရကာ တစ်တန်းကိုသင်သည့်စာကို တစ်တန်းကကြားသိနေရသည့် အနေအထားဖြစ်၍ မှတ်သားထားသည့် စာများရောကုန်တော့သည်။ ထိုအခြေအနေမှာ ကောင်းမွန်သောအလားအလာ မဟုတ်သလို ကလေးငယ်များမှာ စာကိုတတ်သိနားလည်ကျေညက်ခြင်းမရှိဘဲ အတန်းများ တက်လာပြီး အထက်တန်းအဆင့် နဝမတန်း၊ ဒသမတန်းများသို့ ရောက်ရှိလာချိန်မှာတော့ အခြားကျောင်းကြီးများကို ပြောင်းရွှေ့ရချိန် အများနည်းတူစာမလိုက်နိုင်ခြင်းနှင့် ကျောင်းတက်လိုစိတ်နည်းပါးလာမှုများ ရှိလာကြောင်း ကျောင်းသားမိဘတွေက ပြောလာကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အရည်အသွေးရှိသော ပညာရေးကိုခိုင်မာအောင် တည်ဆောက်ကြရန်နှင့် ယင်းသို့တည်ဆောက်နိုင်ရန် များစွာရင်းနှီးမြှုပ်နှံဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့သလို ကျောင်းဆရာဆရာမ လိုအပ်ချက်ရှိနေသည့် မြန်မာနိုင်ငံတွင် ဆရာ ဆရာမများ များများလုပ်ကိုင်ကြရန် ပြည်မြို့ လူထုနှင့်တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၉-၂၀၂၀ ပညာရေးနှစ်တွင် ပညာရေးကဏ္ဍာအတွက် ဘတ်ဂျက်များ တိုးမြှင့်ထားသလို ပြည်ထောင်စု၏ စုစုပေါင်းဘတ်ဂျက်တွင် အသုံးအများဆုံးဘတ်ဂျက်၌ အဆင့်(၄) တွင်ရှိကာ ၈ ဒသမ ၈ ရာခိုင်နှုန်း အသုံးပြုမည်ဟု သိရသည်။

မည်သို့ပင်ပြုပြင်ပြောင်းလဲမှုများနှင့် အသုံးစရိတ်များ တိုးမြှင့်ထားသော်လည်း ပညာရေးကဏ္ဍမှာကြီးစွာ လိုအပ်ချက်များရှိ နေဆဲဖြစ်သည်။ အချို့နေရာများတွင်လည်း စီမံခန့်ခွဲမှုအလွဲများနှင့် လိုရင်လိုသလို မလိုရင်မလိုသလို လုပ်ဆောင်နေမှုများက ပညာရေးနယ်ပယ်တွင် ကြီးစိုးနေဆဲပင်ဖြစ်သည်။ ရောက်ရှိခဲ့ဖူးသည့် ပြည်-တောင်ကုတ် ရခိုင်ရိုးမပေါ်မှ စာသင်ကျောင်းလေးများတွင် အများစုက ဆရာအခက်ခဲဖြစ်နေသည်။ မူလတန်းအဆင့် ကျောင်းလေးတစ်ကျောင်းတွင် ဆရာမနှစ်ယောက်သာရှိပြီး မိုင်များစွာအဝေးကို ဆိုင်ကယ်ဖြင့် နေ့စဉ်ပြန်နေကြရသည်။ မူလတန်းကျောင်းတစ်ကျောင်းတွင်တော့ ဆရာမတစ်ဦးသာရှိပြီး အတန်းစုံသင်ရကာ အိမ်သို့ပြန်နိုင်ခြင်း မရှိပေ။ ယင်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကျောင်းသား ၁၉ ဦးသာ ရှိသည့်ကျောင်းတွင်တော့ ဆရာဆရာမ ငါးယောက်ရှိနေသည်။ ထို့ပြင် သင်ထောက်ကူ ပစ္စည်းများနှင့် ထောက်ပံ့မှုများမှာ မရှိသလောက်အောင် နည်းပါးပြီး ပရဟိတအဖွဲ့များအပေါ် မှီခိုနေရသည်။ အချို့ကျောင်းများကတော့ သဘာဝဘေးအမျိုးမျိုးကြောင့် ပြိုကျပျက်စီးခြင်းများအတွက် ပြန်လည်ဆောက်လုပ်ရန် နှစ်အတော်ကြာအောင် ဘတ်ဂျက်ချခြင်းမရှိသေးသည့်အတွက် မိုးစက်စက် လေစက်စက်နှင့် မလုံမခြုံစာသင်ကြားနေရသည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) ကို ရေးဆွဲပြီးနောက် အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းများကို နှစ်အလိုက်ပြောင်းလဲသင်ကြားနေသလို စာသင်ချိန်များကိုလည်း အချိန်တိုးခြင်းနှင့် လတိုးခြင်းများပြုလုပ်နေသည့်အတွက် ဆရာမလုံလောက်သော ကျောင်းများအတွက် သင်ရိုးညွှန်းတမ်းအားလုံး ပြီးပြတ်ရန်နှင့် သင်ကြားရန်ညွှန်ကြားထားသည့် ဘာသာရပ်အလိုက် ကျွမ်းကျင်စွာသင်ယူတတ်မြောက်ရန် ဆရာများတွင်ရော ကျောင်းသားများမှာပါ အခက်အခဲဖြစ်ပေါ်နေစေသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲလှသည့် ဒေသများမှ စာသင်ကျောင်းများအဖို့ ကျောင်းဆရာဆရာမ မြဲရန်ခက်ခဲပြီး ဆရာမများအဖို့ လုံခြုံရေးအခြေအနေအရ လာရောက်စာသင် ကြားလိုစိတ်နည်းပါးစေပြန်သည်။ ကြာအင်းရွာစာသင်ကျောင်းတွင် စာသင်ကြားနေသည့် ဆရာလေးဦးအနက် တစ်ဦး၏အမျိုးသမီးမှာ ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် စာသင်ကြားနေသည့်ကျောင်းနှင့် မိသားစုအိမ်ရှိရာကို နေ့စဉ်ဆိုသလို တောလမ်းတစ်သွယ်၊ ရေလမ်းတစ်ခရီး၊ ဆိုင်ကယ်ဖြင့်တစ်ဖုံ သုံးမျိုးသော ခရီးရှည်ကိုဖြတ်၌ အသွားအပြန်လုပ်နေရသည်။ ယင်းအခြေအနေမှာ မလိုလားအပ်သောအရာများနှင့် အသက်အန္တရာယ်ကို ဖိတ်ခေါ်နေမိသလို ဖြစ်စေသည်။

ကျေးရွာများတွင်လည်း ပညာတတ်နည်းပါးနေသလိုရှိသည့် ခေတ်ပညာတတ်လူငယ်များမှာလည်း မြို့ပြများ ပြည်ပနိုင်ငံများသို့ ခြေဆန့်ထွက်ခွာနေကြသည့်အတွက် ယခင်လိုစေတနာဆရာများ၊ လုပ်အားပေး ဆရာများ နည်းပါးနေသည်။ အနည်းငယ်ရှိသည့် ပညာတတ်များကိုလည်း ငွေကြေးဖြင့် ငှားရမ်းကြရသည်ဖြစ်ရာ နှစ်လများကြာလာ ချိန်တွင်တော့ ကျေးရွာသားများတတ်နိုင်ခြင်း မရှိတော့ပေ။

မြို့ပြများတွင်တော့ တတ်နိုင်သူများက တတ်နိုင်သလောက် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ဘာသာစုံ၊ ဆရာစုံဖြင့် အကြိုအပို့ သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် တစ်နိုင်ငံလုံးအတွက် တစ်ခုတည်းသော သင်ရိုးများကို မတူသောအခြေအနေ၊ မတူသောဆရာဆရာမ အရည်အသွေးများဖြင့် သင်ကြားခွင့်ရနေသည်။ အစိုးရကျောင်းများတွင်လည်း အထိုက်အလျောက်ဆိုသလို သင်ကြားမှုရှိကာ ခေတ်အဆက်ဆက်က အရိုးစွဲလာခဲ့သည့် ဆရာဆရာမများက ကျောင်းသားနေအိမ်များတွင် ၀ိုင်းလိုက်သင်ခြင်းများ၊ ကျူရှင်သင်ခြင်းများဖြင့်လည်း အိုးမကွာအိမ်မကွာစိတ်ချမ်းသာစွာဖြင့် အပိုဝင်ငွေရှာဖွေနိုင်ကြသည်။ ယင်းအတွက် တောရွာများတွင် တာဝန်ထမ်းဆောင် စာသင်ကြားရန် အများစုက ကြောက်ရွ့ံနေပြီး မသွားလိုကြပေ။

ယင်းအခြေအနေများကြောင့် နိုင်ငံတွင် ပညာရေးကဏ္ဍကို ကောင်းမွန်သောသင်ရိုး ညွှန်းတမ်း၊ များပြားသော ဘတ်ဂျက်များဖြင့် မြှင့်တင်နေသော်လည်း တန်းတူညီမျှမှုရှိရမည့် နိုင်ငံသားများထံတွင် ပညာရေးမှာတန်းတူညီမျှမှု များစွာကွာခြားလျက်ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆရာကိုမျှော်နေသော ကျောင်းများစွာရှိနေသည်။ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကြားနိုင်ရေး သွားနေသည့် ခေတ်စနစ်နှင့် အခမဲ့ပညာရေးတွင် ကလေးငယ်များစာသင်ကြား နိုင်ရေးအတွက် စာသင်ကျောင်းတိုင်းတွင် ဆရာဆရာမ ရှိနေဖို့တော့ လိုမည်ဖြစ်သည်။ ဆောင်ပုဒ်နှင့်ဆိုင်း ဘုတ်များပြားလှသည့် မြန်မာနိုင်ငံအတွက် ဆိုင်းဘုတ်တစ်ခုလောက် ထပ်ထောင်ချင် ပါသေးသည်။ ‘စာသင်ကျောင်းများတွင် စာသင်ကြားရန် သင့်အား အလိုရှိသည်’ ဟူသော ဆိုင်းဘုတ်ပင် ဖြစ်သည်။