ပင်လယ်ပျော်မော်ကင်းများ မြိတ်ကျွန်းစုတွင် မပျော်နိုင်ပြီ

ပင်လယ်ပျော်မော်ကင်းများ မြိတ်ကျွန်းစုတွင် မပျော်နိုင်ပြီ
မြိတ်ကျွန်းစု ရေပြင်တွင် သွားလာနေသော ဆလုံမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
မြိတ်ကျွန်းစု ရေပြင်တွင် သွားလာနေသော ဆလုံမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
Published 4 August 2019
ဘိတ်သား

တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်းဒေသ အထူးသဖြင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းတချို့နှင့် ကော့သောင်း၊ ဘုတ်ပြင်းမြို့ နယ်အတွင်းရှိ ကျွန်းတချို့တွင်သာ တွေ့နိုင်တော့သော ပင်လယ်ပျော်မော်ကင်းလို့ခေါ်တဲ့ ဆလုံတိုင်းရင်းသားများဟာ ယခုအခါ ၁၇၈၆ ဦးသာ ကျန်တော့တယ်လို့ သိရပါတယ်။ ငယ်ငယ်က ကျောင်းသင်ခန်းစာထဲ၌ဖတ်ရသည်မှာ မြိတ်ကျွန်းစုတွင် ဆလုံလူမျိုးများနေထိုင်သည်ဟု ရေးထားတာတွေ့ရသည်။ ယခင်ကတည်းက ဆလုံလူမျိုးများသာနေထိုင်သည်မဟုတ်ဘဲ ဒေသခံလူမျိုးစုများစွာဟာ မြိတ်ကျွန်းစုအတွင်းနေထိုင်လျက်ရှိခဲ့သည်။ ဆလုံလူမျိုးများမှာရှေးယခင်က မြိတ်မြို့ကမ်းနားလမ်းတွင် နေထိုင်ခဲ့ပြီး ဆလုံကုန်းဟုခေါ်သော နေရာမှာ ယခုအခါ တိုက်တာမိုးမျှော် အဆောက်အအုံများဖြင့် စီးပွားရေးအချက် အချာကျသည့်နေရာများတွင် ပါဝင်ခဲ့ပြီဖြစ် သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြိတ်မြို့ကိုလာစဉ် တည်းခိုခဲ့ဖူးသည့် နေရာတစ်ဝိုက်မှာလည်း ယခင်က ဆလုံကုန်းဟုခေါ်သောနေရာ ဖြစ်သည်။ ဆလုံများတွင်ရှိသည့် ပုလဲများကို ကြက်သွန်နီ၊ ဆန်၊ ငရုတ်သီးအခြောက်များဖြင့် လဲလှယ်ကာ ချမ်းသာသွားသည့်သူတချို့ မြိတ်မြို့တွင်ရှိခဲ့သည်။ မြိတ်ကျွန်းစုအတွင်းသို့ ဆလုံလူမျိုးများနှင့် လူမျိုးစုတချို့ မူလကတည်းက ရောက်ရှိနေခဲ့ပြီး သြထရိုနီးရှားပဲဆိုုဆို၊ မွန်ဂိုလွိုက်ပဲပြောပြော၊ မွန်ပြည်နယ်ဘီလူးကျွန်းကပဲလာလာ၊ မလေး ရှားနိုင်ငံပဲ စုန်ဆန်တက်လာတယ်လို့ပဲ ရေးရေး မြိတ်ကျွန်းစုအတွင်း ရှေးယခင်ကတည်းက နေထိုင်လာခဲ့တဲ့ ဆလုံလူမျိုးများဟာ ယခုအခါမြိတ်ကနေ တောင်ပိုင်းဒေသများသို့ တဖြည်းဖြည်းဆုတ်ခွာနေကြရပါပြီ။ ရှေးနှစ်ပေါင်းများစွာက အချက်အလက်များကို အသာထားလိုက်ဦး။ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုက်ပွဲဝင်ခဲ့သည့် ကယားဦးစိန်ဆိုသူမှာ တောင်ပိုင်းဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရာတွင် သူတွေ့ခဲ့သည်မှာ ဆလုံ၊ ပသျှူးနှင့်ငါးများသာတွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သည်ဟု မှတ်သားရဖူးသည်။

“ဆလုံများ ဘာကြောင့်ရွှေ့သွားခဲ့ရသည်ဆိုသော် လူနေအိမ်ခြေများ တဖြည်းဖြည်းဝင်ရောက်လာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်း၊ ဗမာလူမျိုးစုများ ဝင်ရောက်နေထိုင်လာခြင်း၊ လွတ်လပ်စွာနေထိုင်သွားလာရမှုကို နှစ်သက်သည့်အတွက် မြန်မာပြည်တောင်ပိုင်းသို့ တဖြည်းဖြည်းရွှေ့ပြောင်းသွားကြတယ်။ မြိတ်မြို့မှာ နေထိုင်ခဲ့တဲ့ ဆလုံကုန်းက ပင်လယ်ပျော်များသည် မြိတ်ကျွန်းစုတောင်ပိုင်းကို ပင်လယ်ပြင်အတွင်းရွက်လွှင့် ပြီးတဖြည်းဖြည်း ထွက်ခွာသွားခဲ့ကြတယ်။ အရေးအခင်းမဖြစ်မီအထိ ဆလုံကုန်းတွင် ဆလုံလှေတွေ၊ ဆလုံတွေကို ကျွန်တော်တို့ တွေ့သေးတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ လုံးဝမတွေ့ရသလောက် အနေအထားဖြစ်သွားတယ်။ ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်းဘက်မှာရှိတဲ့ ဆလုံမျိုးနွယ်တွေဆီ ထွက်ခွာသွားကြတယ်ထင်တယ်။ မျက်စိရှုပ်၊ နားရှုပ်ဖြစ်လာတော့ သူတို့နေထိုင်တဲ့ပုံစံနဲ့ ကိုက်ညီမှုမရှိကြတော့ဘူး။ သူတို့ကို လုပ်စားသွားတဲ့သူတွေလည်း ရှိတယ်။ ဆလုံတွေက လောဘ၊ ဒေါသ၊ မောဟမရှိဘူး။ သူတို့နေထိုင်ဖို့ မပျော်ရွှင်တော့ဘူးဆိုရင် အကုန်ပစ်ချထားခဲ့ပြီး ထွက်သွားကြတော့တယ်။ ဒီလိုနဲ့ပဲ ကျွန်းတစ်ကျွန်းပြီး တစ်ကျွန်းနေထိုင်သွားလာနေကြတာပဲ”ဟု မြိတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

ဆလုံတိုင်းရင်းသားများနှင့် လူမျိုးစုတချို့သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဖိနှိပ်ညှဉ်းဆဲမှုဒဏ်များကို အလူးအလဲခံခဲ့ရပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ပြောင်း ရွှေ့ထွက်ခွာမှု အများအပြားရှိခဲ့သည်။ စီမံကိန်းချပြီး စနစ်တကျ ပြောင်းရွှေ့ထွက်ခွာသွားအောင်လုပ်ကြသလို ပုလဲမွေးမြူရေး လုပ်ငန်းများအတွက် ရွာများပြောင်းရွှေ့ခံရခြင်းများလည်း ရှိခဲ့သည်ဟု လငန်းကျေးရွာမှ ဆလုံတိုင်းရင်းသားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရဆိုရင် ဆလုံတိုင်းရင်းသား လူဦးရေ ၁၈၀၀ တောင်မပြည့်တော့ဘူး။ ၁၇၈၆ ဦးပဲကျန်တော့တယ်။ ဒီကိန်းဂဏန်းက အသေအချာပါပဲ။ ယခင်ကကောက်ယူထားတဲ့ စာရင်းမှာ ၁၉၀၀ ဆိုတာက ကျွန်တော်တို့ လှေတွေသွားလာနေတဲ့ သူတွေ၊ ကပြားတွေ ပါနည်းနည်းပေါင်းထည့်ထားတာပါ။ ကျေးရွာက ၁၁ ရွာပဲကျန်တော့တယ်။ ကျွန်းစုမြို့နယ်ဘက်မှာ ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း၊ ပယောဝါး၊ ဘုတ်ပြင်းနှင့် ကော့သောင်းဘက်မှာဆိုရင် ဇာဒက်ကြီး၊ မကြုံဂလက်၊ ဂျာလန်း၊ ညောင်ဝီး၊ ဂျာအုန်း၊ လငန်း၊ ကံမော်ကြီး၊ အလယ်မန် စတဲ့ကျေးရွာတွေမှာပဲ ရှိတော့တယ်။ ဂျာအုန်းကျေးရွာမှာဆိုရင်လည်း မကြုံဂလက်ကျေးရွာကနေ ပြောင်းရွှေ့သွားတဲ့ဆလုံတိုင်းရင်းသားတွေပါ သူတို့ရဲ့ဓလေ့ထုံးတမ်းအစဉ်အလာကို ထိန်းသိမ်းဖို့၊ ငွေကြေးတစ်ခုတည်း ထောက်ပံ့နေတာထက် သူတို့ဘာတွေလိုအပ်သလဲ။ သူတို့ရဲ့အခက်အခဲဘာတွေလဲဆိုတာကွင်း ဆင်းဆောင်ရွက်ပြီး နိုင်ငံတော်က ကူညီထိန်းသိမ်းပေးသင့်ပါတယ်” ဟု မကြုံဂလက်ကျေးရွာမှ ဆလုံတိုင်းရင်းသားမိသားစု ဦးခင်မောင်ထွေး(ခ)ကိုထွေးက ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရက ဆလုံတိုင်းရင်းသားများကို ကူညီထောက်ပံ့မည့်အစီအစဉ်တွင် သက်ကယ်အင်္ကျီများ၊ ကင်းမွန်မျှားတံများ ကူညီထောက်ပံ့မည်ဟု ပြောထားရာတွင်လည်း ဝေဖန်မှုမြင့်တက်နေပြီး ဆလုံများအတွက် အဓိကလိုအပ်ချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အဓိကဆောင်ရွက်ပေးရန် ပြောဆိုနေမှုများလည်း ရှိခဲ့သည်။ ပြောင်းရွှေ့ဝင်ရောက်လာသူများကို ဆလုံများက ဗမာဟုခေါ်သော်လည်း တကယ်တမ်းတွင် မွန်၊ ထားဝယ်၊ မြိတ်နှင့် တခြားဒေသမှလူများ ဝင်ရောက်လာသည်ကို ခြုံငုံပြီး ဗမာများပြောင်းရွှေ့လာသည်ကို ဆိုလိုခြင်းဖြစ်သည်။

အဓိကရွှေ့ပြောင်းလာသူများတွင် မွန်နှင့်ထားဝယ်က အများဆုံးဖြစ်နေသည်ကို တွေ့ရပြီး ဆလုံတိုင်းရင်းသားများကတော့ တဖြည်းဖြည်း ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ကြသည်။

ထိုင်းနိုင်ငံသည် အဆိုပါအခြေအနေကို အခွင့်ကောင်းယူပြီး ဆလုံများအတွက်နေရာ ထိုင်ခင်းစီစဉ်ပေးကာ ကမ္ဘာလှည့်ခရီးသည်များကို ပြစားပြီး ဝင်ငွေကောင်းနေပြီဖြစ်သည်။ ဆလုံတိုင်းရင်းသားများမှာ မူးယစ်ဆေးဝါးဒဏ်ကိုလည်း ခံစားခဲ့ရပြီး စီးပွားရေး လောဘသားများက အခွင့်ကောင်းယူလုပ်စားခဲ့ခြင်းကို ခံခဲ့ရသည်။ကျေးရွာများတွင် ဆလုံကုန်း၊ ဗမာကုန်း၊ ကရင်ကုန်းဟု အပိုင်းလိုက်ခွဲခြားပြီးနေသော်လည်း တချို့အရောင်း အဝယ်လုပ်သူများက ဆလုံကုန်းအထိ သွားရောက်နေထိုင်၍ စီးပွားရှာခြင်းကြောင့်ဆလုံ အချို့ပြောင်းရွှေ့သွားခြင်းမျိုးလည်း ရှိသည်။ နဝတအစိုးရလက်ထက်တွင် ဆလုံတိုင်းရင်းသားများအတွက် ပွဲတော်တစ်ခုလုပ်ပေးခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆလုံလှေလှော်ပွဲ၊ ပြခန်းနှင့် ပျော်ပွဲရွှင်ပွဲများကို တစ်ကြိမ်လုပ်ပေးနိုင်ခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်တွင် ဆလုံတိုင်းရင်းသားများ၏ ရိုးရာဓလေ့များလည်း ပျောက်ကွယ်လုနီးပါးဖြစ်လာနေပြီဖြစ်ပြီး လငန်းရွာတွင် ဆလုံနတ် ဆရာတစ်ဦး ထပ်မံကွယ်လွန်သွားသည့် အတွက် ယခုအခါ ဆလုံနတ်ပူဇော်မှုအပိုင်းတွင် နှစ်နေရာသာ ကျန်တော့ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း ပြုရာတွင်လည်း လန်ပိကျွန်းပေါ်တွင် အကန့်အသတ်ဖြင့်နေရသည့် ဆလုံတိုင်းရင်းသားရွာတွင် မြေဧကများစွာ လာရောက်ယူထားပြီး စီမံကိန်းလုပ်ဆောင်ရန် ကြံစည်နေမှုများ၊ ငါးဖမ်းလှေကြီးများက ဆလုံတိုင်းရင်းသားများနေထိုင်သည့် ကျွန်းများအနီးတွင် တရွတ်တိုက်ငါးဖမ်းသောကြောင့် လုပ်ငန်းခွင်ပျက်သွားခြင်း၊ ကျွန်းပေါ်တွင် သဲစုပ်ခြင်း၊ ကမ်းခြေပြုပြင်ရန် သဲမှုတ်ခြင်းများကြောင့်လည်း သန္တာကျောက် တန်းပျက်စီးခြင်း၊ ကင်းမွန်ဖမ်းသည့် ရေပြင်များ ပျက်စီးသွားခြင်းများရှိနေကြောင်း သိရသည်။ လုပ်ငန်းအနေထားများပျက်စီးလာခြင်း၊ ရေချိုခပ်ယူသည့်နေရာ ရှားပါးလာခြင်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြောင်းရွှေ့ထွက်ခွာမှုများက ဆလုံတိုင်းရင်းသားများ လျော့နည်းလာရသည့် အကြောင်းရင်းများထဲတွင် ပါဝင်နေသည်ကို တွေ့ရသည်။ ယခင်ကမြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ဆလုံလှေများဖြင့်ရွက်လွှင့် သွားလာနေသည့် ပုံစံများမှာ ယခုခေတ်တွင်မတွေ့နိုင်တော့ဘဲ ပြင်စဘုကျွန်းအနီး နောက်ဆုံးကျန်ခဲ့သည့်မိသားစု သုံးစုဖြင့် ပင်လယ်ပြင်အတွင်း သွားလာနေသည့်သတင်းမှာလည်း မကြားတွေ့ရတော့ပါ။ သူတို့၏ Life Style များ ပြောင်းလဲသွားကြသလို အသက်မွေးဝမ်း ကျောင်းမှုအနေအထားကြောင့် ရွှေ့ပြောင်း ထွက်ခွာသွားကြခြင်း၊ သူတို့ဆီသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်၍ နေရပ်စွန့်ခွာသွားကြခြင်းများက ယနေ့တိုင်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

လွတ်လပ်စွာနေထိုင်သွားလာလိုသည့် ဆလုံတိုင်းရင်းသားများကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးပါ။ ရိုးရာဓလေ့များကို ထိန်းသိမ်းပေးပါ။ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါ။ သူတို့နေထိုင်သည့် ကျွန်းများတွင် အနှောင့်အယှက်ဖြစ်စေမည့်အရာများ၊ သူတို့သဘောမကျသည့်အရာများ မလုပ်ဆောင်ကြပါနှင့်။ သူတို့ တံငါရှာဖွေစားသောက်ရာနေရာများကို မဖျက်ဆီးကြပါနှင့်။ ရိုးရာပွဲများကို ဖော်ထုတ်ပေးပါ။ ထိုသို့လုပ်ပေးနိုင်ပါက ပင်လယ်ပျော်မော်ကင်းများသည် မြိတ်ကျွန်းစုအတွင်း နေထိုင်သွားလာနေသည်ကို ဆက်လက်မြင်တွေ့နေရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ယခုဖြစ်ပျက်နေသည် ကို မျက်ကွယ်ပြုပြီး ယခုအတိုင်းထားမည်ဆိုပါက မြိတ်ကျွန်းစုအတွင်းဆလုံလူမျိုးများ နေထိုင်သည်ဆိုသည့်စကားသည် နောင်လာမည့်မျိုးဆက်များအတွက် ဒဏ္ဍာရီဖြစ်သွားပေလိမ့်မည်။