လာမည့် အထွေထွေရွေးကောက်ပွဲနှင့် စိတ်ဝင်စားမှု အတက်အကျ

လာမည့် အထွေထွေရွေးကောက်ပွဲနှင့် စိတ်ဝင်စားမှု အတက်အကျ
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမဲဆန္ဒနယ်၌ မဲစာရင်းလာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမဲဆန္ဒနယ်၌ မဲစာရင်းလာရောက်ကြည့်ရှုနေသူများကို တွေ့ရစဉ်
Published 4 August 2019
အလင်းဒီ

ဇူလိုင် ၂၆ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့  (PACE) က ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်အရ နိုင်ငံသားများ၏ နိုင်ငံရေး စိတ်ပါဝင်စားမှုသည် ရာခိုင်နှုန်း ထက်ဝက်ပင်မရှိတော့ပေ။

ယခုနှစ် မတ်လဆန်းတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ ပြည်သူ ၂၉၀၀ ကျော်ကို တွေ့ဆုံမေးမြန်းထားသည့် စစ်တမ်းအရ နိုင်ငံရေးစိတ်ဝင်စားသည့် နိုင်ငံသား ၃၄ ရာ ခိုင်နှုန်းရှိပြီး ယခင် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်း လျော့ကျခဲ့သည်။

“တိုင်းပြည်မှာ အာဏာရှင် အစိုးရတွေ မပေါ်ပေါက်ဖို့ဆိုရင် လူထုက နိုင်ငံရေးကို စိတ်ဝင်စားဖို့လိုတယ်”ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

အစိုးရသစ် တက်တက်ချင်းနှစ် ဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် ပြည်သူများ၏ နိုင်ငံရေးစိတ်ဝင်စားမှုက ၅၈ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း PACE စစ်တမ်းတွင် ဖော်ပြထားသည့်အတွက် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ကိန်းဂဏန်းက ကျဆင်းသည်ဟု ဆိုနိုင်သည်။

PACE က မြို့တော်အနေဖြင့် တည်ရှိသည့် ရန်ကုန်မြို့အတွက် အပိုဆောင်းကောက်ယူမှု ၅၄၄ ခု ပြုလုပ်ခဲ့ပြီး ရလဒ်က နိုင်ငံရေး စိတ်ဝင်စားသူ ၃၁ ရာခိုင်နှုန်းဟု ထုတ်ပြန်သည်။

လူထု နိုင်ငံရေးကို စိတ်ဝင်စားမှု လျော့ကျခြင်းက ဒီမိုကရေစီ၏ အရေးအကြီးဆုံး အစိတ်အပိုင်းရပ်ဖြစ်သည့် ရွေးကောက်ပွဲကို သက်ရောက်မှုရှိခဲ့ပြီး ယခုနှစ်မတ်လကုန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲက အနီးစပ်ဆုံး သက်သေဖြစ်သည်။

စည်ပင်ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်အဖြစ် အသက် ၁၈ နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်း ပါဝင်မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြသော်လည်း မဲပေးသူ ၁၅ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုနည်းတူစွာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတို့တွင်လည်း မဲပေးသူ ရာခိုင်နှုန်း ထက်ဝက်ပင် မရှိခဲ့ဟု ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာသည့်အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။

ထိုအခြင်းအရာများကြောင့် လူထု၏ နိုင်ငံရေး စိတ်ပါဝင်စားမှု၊ ရွေးကောက်ပွဲမဲပေးခြင်းဖြစ်စဉ်အပေါ် စိတ်ပါဝင်စားမှုတို့ နှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအနေဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ပြီး မဲပေးသူ နည်းပါးခြင်းက စိုးရိမ်ဖွယ်ဖြစ်သည်ဟု လေ့လာသူများက မှတ်ချက်ပြုကြသည်။

 

ဘယ်အချက်တွေကို စိတ်ဝင်စားမှုလျော့ကျခဲ့သလဲ

၂၀၁၅ အထွေထွေရွေးကောက်ပွဲနည်းတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပနိုင်ခြေရှိသည်ဟု ခန့်မှန်းမှုများရှိသော်ငြား စီမံခန့်ခွဲခွင့်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းဟုသာ အသိပေးထားသည်။

ထို့အတွက်ကြောင့် အထွေထွေရွေးကောက်ပွဲကျင်းပရန် တစ်နှစ်ခွဲခန့်အလိုတွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေ၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်နှင့် ၎င်းတို့အပေါ် မျှော်မှန်းချက်၊ ပါတီများ၏ ဆောင်ရွက်ချက် နှင့် ၎င်းတို့အပေါ် မျှော်မှန်းချက်၊ ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်စသည့် အကြောင်းအရာများ နှင့် ပတ်သက်ပြီး ကောက်ခံခဲ့သည့် PACE စစ်တမ်းက ၂၀၂၀ ရွေးကောက်ပွဲနှင့် ချိတ်ဆက်၍ ခန့်မှန်းသုံးသပ်ရန် လုံလောက်သည်ဟု မဆိုနိုင်သော်ငြား အချိန်ကာလအရ လတ်ဆတ်မှုရှိသည့်အတွက် နိုင်ငံရေးပါတီများ လေ့လာဆန်းစစ်မှု ပြုလုပ်ရာတွင် အထောက်အကူပြုနိုင်ခဲ့သည်။

စစ်တမ်းအရ ပြည်သူက အင်စတီကျူးရှင်းများအပေါ် နိုင်ငံရေးအရ ယုံကြည်မှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရာခိုင်နှုန်း ၇၀ ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး နိုင်ငံတော်သမ္မတက ၆၉ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ လိုက်သည်။

သို့သော် ၂၀၁၆ ခုနှစ်တွင် ကောက်ခံခဲ့သည့် စစ်တမ်းနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်သမ္မတအပေါ် နိုင်ငံရေးအရ ယုံကြည်မှု ၁၀ ရာခိုင်နှုန်း လျော့ကျကြောင်း PACE က ဆို သည်။ 

ထိုနည်းတူ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီ စသည့်အင်စတီကျူးရှင်းများလည်း အစိုးရသက်တမ်း သုံးနှစ်အတွင်း ၂၀ ရာခိုင်နှုန်းဝန်းကျင်စီ ပြည်သူက နိုင်ငံရေးအရယုံကြည်မှု ကျဆင်းသည်ကို စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

စီးပွားရေး၊ ပညာရေးနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာများတွင် အာဏာပိုင်အဖွဲ့အစည်းများထံမှ မျှော်လင့်ထားသလောက် မရရှိဆိုသည့် ခံစားချက်  လူထုတွင် ဖြစ်ပေါ်နေသောကြောင့် အဆိုပါ ရလဒ်များ ထွက် ပေါ်သည်ဟု စစ်တမ်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ထင်မြင်ချက်ပေးသည်။

၂၀၁၆ ခုနှစ်က ပြည်သူယုံကြည်မှု ၈၀ ရာခိုင်နှုန်းရှိခဲ့သည့် ဘာသာရေးခေါင်းဆောင်ကဏ္ဍက သုံးနှစ်အကြာတွင် ယုံကြည် မှု ၄၈ ရာခိုင်နှုန်းသာရှိတော့ပြီး ၂၀၀၈ အခြေ ခံဥပဒေအရ အခွင့်အာဏာအချို့ ပိုင်ဆိုင်ရရှိသည်ဆိုသည့် တပ်မတော်က ၄၄ ရာခိုင်နှုန်းဖြင့် နဝမအဆင့်တွင် ရပ်တည်ကြောင်း PACE စစ်တမ်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး စတင်ပေါ်ပေါက်ကာစဖြစ်၍ ပြည်သူသိရှိမှု နည်းပါးနိုင်သေးသည် ဆိုကာစစ်တမ်းတွင် ထည့်သွင်းမေးမြန်းခြင်း မပြုခဲ့၊ ထိုအချိန်က တပ်မတော်ကိုလည်း ထည့်သွင်းစစ်တမ်းကောက်ယူခြင်း မရှိခဲ့ဟု သိရသည်။ 

ထို့ကြောင့် ယင်းရာထူးနှစ်ခုနှင့် စပ်လျဉ်းပြီး PACE ၏ စစ်တမ်းတွေ့ရှိချက်က အသစ်ဟု ဆိုနိုင်သည်။

ထူးခြားမှုတစ်ရပ်အဖြစ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက နိုင်ငံရေးအရ ပြည်သူယုံကြည်မှုတွင် တတိယနှင့် စတုတ္ထချိတ်သည်ကို PACE စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

“နိုင်ငံသားတွေရဲ့ သဘောထားအားလုံးက ယတိပြတ် မှန်တယ်လို့ ကျွန်တော်တို့ ပြောလို့မရပေမဲ့ နိုင်ငံသားတွေက လက်ရှိဒီကိစ္စတွေမှာ ဒီလိုသဘောထားရှိနေတယ် ဆိုတာတော့ အရမ်းထင်ရှားတယ်”ဟု စစ်တမ်းကောက်ယူခဲ့သည့် PACE အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဖြေဆိုသူများ၏ သဘောထားမှတ်ချက်ကို ထည့်သွင်းမေးမြန်းခြင်းမရှိသည့်အတွက် မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်သည်ကိုတော့ စစ်တမ်းတွင် ဖော်ပြထားခြင်းမရှိပေ။

 

ပါတီများအပေါ် သဘောထား

နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး လက်ရှိတွင်မည်သည့် ပါတီက မိမိတို့၏ အကျိုးစီးပွားနှင့် သဘောထားကို အနီးစပ်ဆုံး ကိုယ်စားပြုသနည်းဟု မေးမြန်းရာ မသိပါဟု ဖြေဆိုသူက ၃၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ၁၆ ဒသမ ၃ ရာခိုင်နှုန်းက မည်သည့်ပါတီကိုမှ မရွေးချယ်ကြသည်ကို PACE စစ်တမ်းအရ သိရသည်။

ယင်းအချက်က တရားဝင်နိုင်ငံရေးပါတီ ပေါင်း ၉၀ ကျော် အတွက် အဖြေရှာစရာကိစ္စ ရပ်တစ်ခုဟု ဆိုနိုင်သည်။

“ပြည်သူလူထုက နိုင်ငံရေးပါတီတွေအပေါ်မှာ အားမရဘူး။ လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာ အားမရဘူးဖြစ်နေတာသည် ရှောင်လွှဲလို့မရတဲ့ အနေအထားလို့ပဲ ကျွန်တော်ပြောချင်တယ်” ဟု ၈၈ နိုင်ငံရေးအင်အားစု အများအပြားပါဝင်နေသည့် ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က မှတ်ချက်ပြုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင်သာ ရှိနေသေးခြင်းနှင့် ဒီမိုကရေစီပြည့်ဝသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် မရှိသေးခြင်းတို့ကြောင့် တိုင်းပြည်၏ မူဝါဒနှင့် ပြည်သူတစ်ဦးချင်းစီ၏ ဒီမိုကရေစီအခွင့်အရေး ဖော်ဆောင်ရေးတွင် လိုအပ်ချက်များ ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

ဖြေဆိုသူသုံးပုံတစ်ပုံ ရှိသည့် ၃၂ ဒသမ ၉ ရာခိုင်နှုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟု ဖြေဆိုပြီး အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီက ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က  ၀ ဒသမ ၅ ရာခိုင်နှုန်း စသဖြင့် အသီးသီးဖြေဆိုကြပြီး ၁ ဒသမ ၈ ရာခိုင်နှုန်းက အခြား ၁၅ ပါတီ အမည်များကို ဖြေဆိုကြသည်ဟု PACE က ဖော်ပြသည်။

အကျိုးစီးပွားနှင့် သဘောထားအမြင်ကို ကိုယ်စားပြုသည့်ပါတီဟူ၍ စစ်တမ်းကောက်ယူရာတွင် ပါတီအများအပြားရှိနေ၍ အားလုံးကို မေးမြန်းနိုင်ခြင်း မရှိသောကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ငါးနေရာအထက် ရရှိထားသည့် နိုင်ငံရေးပါတီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တွင် အကြီးဆုံးပါတီ စသည့်စံသတ်မှတ်ချက်များဖြင့် အထက်ပါနိုင်ငံရေးပါတီများကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်ဟု PACE က ဆိုသည်။

နိုင်ငံရေးပါတီများအပေါ် အကောင်းမြင်မှုနှင့် စပ်လျဉ်းသည့် အမြင်သဘောထားမေးမြန်းရာတွင် NLD ပါတီက ၅၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၆ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီက ၁၄ ရာ ခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်က ၁၂ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီက ၁၁ ရာခိုင်နှုန်း၊ မွန်အမျိုးသားပါတီက ၁၀ ရာ ခိုင်နှုန်း ဖြေဆိုကြသည်ဟု စစ်တမ်းတွင် ဖော်ပြပါရှိသည်။

မွန်အမျိုးသားပါတီကို လွှတ်တော်တွင် ကိုယ်စားလှယ်ပါဝင်မှုအပြင် မွန်ပြည်နယ်တွင် အကြီးဆုံးပါတီဖြစ်ခြင်းနှင့် ပြည်သူ့ပါတီကို နိုင်ငံရေးနောက်ခံသမိုင်းကြောင်းအရ ထပ်မံဖြည့်စွက်မေးမြန်းခြင်းဖြစ်သည် ဟု PACE က ဆိုသည်။

သို့သော် လက်ရှိအချိန်တွင် သူရဦးရွှေမန်း၊ ဦးစိုးမောင် စသည့်တပ်မတော်အစိုးရ လက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ထိပ်တန်းအရာရှိများဖြစ်ခဲ့သူများ ဦးဆောင်သည့် ပါတီအသီးသီးအပြင် နိုင်ငံရေးပါတီအသစ်များ ထပ်မံလျှောက်ထားမှုများ ရှိနေသည်။

 

နိုင်ငံရေးပါတီများ သတိပြုရမည့်အချက်

၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် မနီး၊ မဝေးအနေအထားဟု ဆိုနိုင်သည့် လက်ရှိအချိန်ကပင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်း အပါအဝင် ပြင်ဆင်နိုင်သည့် ကဏ္ဍရပ်များကို နိုင်ငံရေးပါတီများ ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။  

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုလျှင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးကို အစောဆုံး ကြိုတင်အသိပေးထားပြီး ဖြစ်သည်။

PACE စစ်တမ်းကို ဖြေဆိုသူအများစုက အမျိုးသမီးနှင့် လူငယ်လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ရန် စိတ်ဝင်တစား ရှိကြသည်။

လူတွေ့မေးမြန်းမှု ၂၉၀၀ ကျော် အရ ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်နှင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်မည်ဆိုသည့် နိုင်ငံသား ရာခိုင်နှုန်း ၇၀ ရှိနေသည်။

“အဲဒါတွေဟာ နိုင်ငံရေးပါတီတွေ ပြောနေတဲ့ အမျိုးသမီးပါဝင်မှု မြင့်မားလာဖို့၊ လူငယ်ပါဝင်မှု မြင့်မားလာဖို့အတွက် အကောင်းဆုံးသက်သေပဲ”ဟု PACE အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ထောက်ခံသည့် နိုင်ငံရေးပါတီက အမျိုးသမီးတစ်ဦးကို လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် တင်သွင်းလျှင် ၃၇ ရာခိုင်နှုန်းက ကျိန်းသေမဲပေးမည်ဖြစ်ပြီး ၃၄ ရာခိုင်နှုန်းက မဲပေးရန် အစီအစဉ်ရှိကြောင်း PACE စစ်တမ်းက ဆိုသည်။

ထိုနည်းတူစွာ ထောက်ခံသည့် ပါတီက လူငယ် (အသက် ၄၀ နှစ် အောက်) ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်လျှင် မဲပေးမည့် ၆၉ ရာခိုင်နှုန်း ရှိသည်။

အမျိုးသမီးနှင့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲမပေးဟု ဆိုသည့် ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းစီဖြင့် တူညီပြီး မသိဟု ဖြေဆိုသူကတော့ ခြောက်ရာခိုင်နှုန်းနှင့် ရှစ်ရာခိုင်နှုန်းဟု စစ်တမ်းအရ သိရသည်။

လာမည့်ရွေးကောက်ပွဲများတွင် လူငယ်နှင့် အမျိုးသမီး ပါဝင်မှုကို နိုင်ငံရေးပါတီများအနေဖြင့် ပိုမိုအလေး ထားသင့်ပြီး အကြောင်းရင်းမှာ လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများက မဲဆန္ဒရှင်ပြည်သူများကို ပိုမိုဖမ်းစားနိုင်ကြောင်း နိုင်ငံရေးသတင်းအချက်အလက် ပွင့်လင်းမြင်သာမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် PACE ဒါရိုက်တာ ကိုထင်ကျော်အေးက ဆိုသည်။

“(ရန်ကုန်) စည်ပင်ရွေးကောက်ပွဲပဲ ကြည့်လေ။ လူစိတ်ဝင်စားမှုမရှိတဲ့ ရွေးကောက်ပွဲမျိုးမှာ လူငယ်နဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက ပုံမှန်ထူးမခြားနား မြင်နေကျ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေနဲ့ မတူဘဲနဲ့ ထူးထူးခြားခြား လူစိတ်ဝင်စားမှု ရခဲ့တယ်။ အဲဒါကြောင့် ပါတီတွေ အနေနဲ့ ဒီအချက်ကို ထည့်စဉ်းစားသင့်တယ်”ဟု ၎င်းက ထောက်ပြသည်။

၂၀၁၉ မတ် ၃၁ ရက်က ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် မြို့ပြဖွံ့ဖြိုးရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ပညာရှင် လူငယ် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်နှင့် အလှမယ် ထက်ထက်ထွန်းတို့က မဲဆန္ဒနယ်တစ်ခုတည်း ကျရောက်ခဲ့ပြီး အောင်နိုင်ခြင်း မရှိသော်လည်း ကိုအောင်ခန့်က ဒုတိယမဲအများဆုံး နှင့် အလှမယ် ထက်ထက်ထွန်းက စတုတ္ထမဲ အများဆုံး ရရှိခဲ့သလို လူထုစိတ်ဝင်စားမှုလည်း ရယူနိုင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အဆင့်များတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်  ၄၄ ဦး အနိုင်ရခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရမှုဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး တိုးလာခဲ့သည်။

၂၀၁၅ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အဆင့်များတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်  ပါဝင်မှု ၁၅၁ ဦးအထိ ရှိလာခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းထက်ရာဂဏန်း ပိုမိုများပြားလာခဲ့သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ဦး ရွေးကောက်တင်မြှောက်ခံရသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်တော့ ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မရှိခဲ့ပေ။

ထိုသို့ ယခင်လွှတ်တော်နှင့် နှိုင်းယှဉ်ဆန်းစစ်မည်ဆိုပါက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုအနေအထားတိုး တက်လာသော်လည်း ကျား-မတန်းတူရေးဆိုသည့် စကားရပ်အထိတော့ အလှမ်းဝေးဆဲ ဖြစ်သည်။

ပြည်ထောင်စုအဆင့် လွှတ်တော်များတွင် လူငယ် (အသက် ၄၀ နှစ်အောက်)လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုသည်လည်း အနိမ့်ဆုံး အနေအထားတွင်ရှိနေပြီး အများဆုံးရှိသည့် ကိုယ်စားလှယ် အသက်အပိုင်းအခြားက အသက် ၆၀ နှင့် ၇၀ ကြား ဖြစ်သည်ဟု The Ananda ၏ စာရင်းများက ဖော်ပြသည်။

The Ananda စာရင်းအရ ၂၀၁၅ မှ ၂၀၂၀ အထိ လွှတ်တော်သက်တမ်းတွင် အသက် ၃၀ မှ ၄၀ ကြား လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးရှိသည်။

“အဓိကအားဖြင့် ပါတီမူဝါဒနဲ့ ပါတီမှာ ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်များရဲ့ အခန်းကဏ္ဍသည် အမျိုးသမီး ပါဝင်လာဖို့ လူငယ်ပါဝင်လာဖို့အတွက် ပဓာနအကျဆုံးပါ” ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

ထို့ပြင် အမျိုးသမီးနှင့် လူငယ်များကလည်း နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှုနှင့် လိုအပ်သည့် အရည်အချင်းများ ဖြည့်စွမ်းထားရန် လိုအပ်မည်ဟု ၎င်းက အကြံပြုသည်။ The Ananda စစ်တမ်းတွင် တွေ့ရှိချက်အရ ပြည်သူက ဘာသာမတူသူ၊ တိုင်းရင်းသား လူမျိုးမတူသူနှင့် အခြားမြို့နယ်တွင် နေထိုင်သည့် လွှတ်တော်ကိုယ်စားများကိုတော့ မဲပေးရာတွင် သတိထားမည့် သဘောရှိသည်။

ပါတီတစ်ခုက ဘာသာမတူသူကို ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းလျှင် မဲမပေးဟုဆိုသူက ၄၈ ရာခိုင်နှုန်းရှိပြီး ရာခိုင်နှုန်း အများ ဆုံးလည်းဖြစ်သည်။ မဲပေးမည်ဟုဆိုသူ ၂၂ ရာခိုင်နှုန်း၊ မသေချာဟု ဖြေဆိုသူ ၁၂ ရာခိုင်နှုန်း နှင့် မသိဟု ဖြေဆိုသူ ၁၅ ရာခိုင်နှုန်းရှိသည်။

တိုင်းရင်းသားလူမျိုးမတူပါက မဲပေးမည့်သူနှင့် မဲမပေးဟုဆိုသူ ရာခိုင်နှုန်းက မတိမ်းမယိမ်း အနေအထားတွင်ရှိပြီး မသေချာနှင့်မသိဟု ဖြေဆိုသူသည်လည်း မတိမ်းမယိမ်း အနေအထားပင်ဖြစ်သည်ကို စစ်တမ်းတွင် တွေ့ရှိရသည်။

အခြားမြို့နယ်မှ ကိုယ်စားလှယ်လောင်းဖြစ်လျှင်  မဲမပေးဟုဆိုသူက ၂၈ ရာ ခိုင်နှုန်းရှိပြီး မဲပေးမည့်သူက ၃၆ ရာခိုင် နှုန်း၊ မသေချာနှင့် မသိဟု ဖြေဆိုသူက ထပ်တူနီးပါး ဖြစ်သည်။

ကိုယ်စားလှယ်လောင်းကိုတော့ ထောက်ခံသည့်ပါတီ၊ ပညာအရည်အချင်း၊ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံစသည့် အရည်အချင်းများ ထက်စာလျှင် အကျင့်စာရိတ္တကောင်း မွန်သူကို ပိုမိုနှစ်သက်ကြသည်ဟု The Ananda စစ်တမ်းအရ သိရသည်။

 

မဲပေးသူ နည်းပါးလာသည့် ပြဿနာ

လက်ရှိအစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၇ ဧပြီ ၁ ရက်နှင့် ၂၀၁၈ နိုဝင်ဘာ ၃ ရက်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ် ကျင်းပခဲ့သည်။ ၂၀၁၉ မတ် ၃၁ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကျင်းပခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို အထွေထွေရွေးကောက်ပွဲလောက် လူထုစိတ်ဝင်စားမှု မရှိခြင်းက အခြားသော ရွေးကောက်ပွဲ ကျင်းပသည့် နိုင်ငံများတွင်လည်း ဖြစ်ပေါ်လေ့ရှိပြီး အကြောင်းရင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုမရှိခြင်းကြောင့်ဖြစ်ပြီး မဲဆန္ဒရှင် အသိပညာပေးမှု အားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးနှင့် မဲဆန္ဒရှင်အသိ ပညာပေးစသည့်ကဏ္ဍများကို လုပ်ဆောင်နေသည့် New Myanmar Foundation အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်းက မှတ်ချက်ပြုသည်။

“လူထုရဲ့ မဲပေးချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ရမှာပေါ့။ အထူးသဖြင့်ကတော့ Stakeholder တွေ ထဲမှာပါတဲ့ နိုင်ငံရေးပါတီတွေက အင်မတန် အရေးကြီးတယ်။ ကိုယ်က မဲရချင်တယ်ဆိုရင် လှုံ့ဆော်ရမှာပေါ့။ လှုံ့ဆော်တဲ့ နေရာမှာလည်း မဲပေးပါဆိုရုံနဲ့ မပြီးဘူးလေ။ ဘာကြောင့်မို့ မဲပေးသင့်တယ်။ သူတို့ရဲ့ အခွင့်အရေးတွေကဘာ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိနိုင်တယ်ဆိုတာ လူထုကို အသိပညာ ပေးရမှာပေါ့နော်” ဟု ၎င်းက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရန် မရှိဟု ဖြေဆိုသူများကို မည်သည့် အချက်များက မဲပေးရန် အတားအဆီး ဖြစ်သနည်းဟု မေးမြန်းရာ စိတ်မဝင်စားခြင်း (သို့မဟုတ်) မအားလပ်ခြင်းကြောင့်ဟု ဖြေဆိုသူက ရာခိုင်နှုန်း အများဆုံးဖြစ်ကြောင်း PACE စစ်တမ်းက ဖော်ပြသည်။