အထူးဒေသ (၄) မှာ မူးယစ်ဆေး ဇာတ်သိမ်းပြီလား

အထူးဒေသ (၄) မှာ မူးယစ်ဆေး ဇာတ်သိမ်းပြီလား
အထူးဒေသ (၄) မိုင်းလားမြို့တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်က မိးရှို့ဖျက်ဆီးစဉ် (ဓာတ်ပုံ - ဆန်းမိုးထွန်း)
အထူးဒေသ (၄) မိုင်းလားမြို့တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်က မိးရှို့ဖျက်ဆီးစဉ် (ဓာတ်ပုံ - ဆန်းမိုးထွန်း)
Published 4 August 2019
ဆန်းမိုးထွန်း

ရှမ်းပြည် အရှေ့ပိုင်းအထူးဒေသ(၄)သည် ရွှေတြိဂံဒေသနှင့် နယ်မြေချင်းဆက်စပ်နေသော ဒေသတစ်ခုဖြစ်သည်။

ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ကြီးစိုးစဉ်က အထူးဒေသ (၄) နယ်မြေတွင် ပါဝင်လာမည့် မိုင်းလားသည် ဗကပ လက်အောက်ခံ ၈၁၅ စစ်ဒေသတစ်ခုအဖြစ်သာ ရှိခဲ့သည်။

ယင်း ၈၁၅ စစ်ဒေသ၏ စစ်မြေပြင် ကွပ်ကဲရေးမှူးမှာ လက်ရှိအထူးဒေသ(၄) ခေါင်းဆောင် ဦးစိုင်းလင်း ဖြစ်သည်။ သူသည် ယခင်က တပ်နီတော်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ဗကပကို အားဖြည့်ရန် ၁၉၆၀ နှောင်းပိုင်းနှစ်များက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှနေ၍ ဝင်ရောက်လာခဲ့သူလည်း ဖြစ်သည်။

ဦးစိုင်းလင်းသည် ၁၉၈၉ ခုနှစ် တွင် ဗကပ လက်အောက်က ခွဲထွက်၍ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့(NDAA) ကို ထူထောင်ပြီး မြန်မာတပ်မတော်အစိုးရနှင့် အပစ်ရပ်စာချုပ်ချုပ်ဆို နိုင်ခဲ့ခြင်းသည် ယင်းနယ်မြေအတွက် ကံကြမ္မာ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။

မြန်မာတပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၁၉၈၉ ဇွန် ၃၀ ရက်တွင် မြန်မာတပ်မတော် အစိုးရက ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းနယ်စပ်တွင် တည်ရှိပြီး မြေဧရိယာအကျယ်အဝန်းမှာ ၄၉၅၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

အထူးဒေသ(၄) သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် ရောက်ရှိခဲ့ပြီးနောက် စီးပွားရေး အထူးလုပ်ပိုင်ခွင့်များကို မြန်မာတပ်မတော် အစိုးရက ပေးခဲ့သည့်အပြင် ဘိန်းကုန်သွယ်မှုလုပ်ပိုင်ခွင့်ကိုလည်း နားလည်မှုဖြင့် ပေးခဲ့ကြောင်း နိုင်ငံတကာက ထောက်ပြခဲ့သည်။

၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွင် မြန်မာပြည်မြောက်ပိုင်း၌ အင်အားအကြီးဆုံး မူးယစ်ဆေးဝါး ဆင်ဒီကိတ်များအနက် တစ်ဖွဲ့ကို ဦးစိုင်းလင်းက ဦးဆောင်ခဲ့ပြီး နှစ်စဉ် ဟီရိုးအင်းကီလိုဂရမ် ၁၀၀၀  (သို့ မဟုတ်) ၂၀၀၀ ခန့် ထုတ်လုပ်မှု ရှိခဲ့ကြောင်း နိုင်ငံတကာအစီရင်ခံစာများက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးထိန်းချုပ်ရေးမဟာ ဗျူဟာအစီရင်ခံစာ hitlist စာရင်းတွင်လည်း  ဦးစိုင်းလင်းသည် နှစ်ပေါင်းများစွာတိုင်အောင် ပါဝင်နေခဲ့သည်။

အထူးဒေသ(၄)သည် ရွှေတြိဂံဒေသနှင့်ဆက်စပ် လျက်ရှိပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသကို အလွယ်တကူသွားလာနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်သောကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အခြေအနေသည် ဆိုးဝါးခဲ့ပြီး ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းမှာလည်း မြင့်မားခဲ့ကြောင်း၊ ထို့ကြောင်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး လုပ်ငန်းအခြေအနေသည် ခက်ခဲကြမ်းတမ်းခဲ့ကြောင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ပြောကြားသည်။

၁၉၉၂ ခုနှစ်တွင် အထူးဒေသ (၄)၏ စစ်ရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးကော်မတီ အနေဖြင့် မစိုက်ပျိုးရ၊ မထုတ်လုပ်ရ၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရ၊ မသယ်ဆောင်ရနှင့် မသုံးစွဲရဆိုသည့် မူငါးရပ် ပါဝင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခြောက်နှစ်စီမံကိန်းကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

“၁၉၈၉ ခုနှစ် နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်းမှာ ၁၉၉၁ ခုနှစ်မှာ နိုင်ငံတော်အစိုးရကလည်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တိုက်တွန်းတဲ့အတွက် ဥက္ကဋ္ဌကြီးကလည်း မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းကို လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ၁၉၉၁ မှာ ပထမဆုံး မိုင်းလားက ဘိန်းချက်စက်ရုံကို မီရှို့ဖျက်ဆီးလိုက်တယ်။ မူးယစ်ဆေးဝါးပပျောက်တဲ့ ဇုန်ဖြစ်ဖို့ ခြောက်နှစ်စီမံကိန်းကို ကျွန်တော်တို့က ရေးဆွဲခဲ့တယ်။ ခြောက်နှစ်စီမံကိန်းရေးပြီးတော့မှ ကျွန်တော်တို့က အကောင်အထည် ဖော်လာခဲ့တယ်။ မူငါးရပ်နဲ့ အကောင်အထည်ဖော်လာခဲ့တယ်။ အောင်လည်း အောင်မြင်ခဲ့တယ်” ဟု အထူးဒေသ(၄) တရားရေးရာကော် မတီဌာနကြီးမှူး ဦးဂျယ်ခေါင်က ပြောကြားသည်။

ထိုသို့ ဒေသအုပ်ချုပ်ရေးအဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခြောက်နှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှတစ်ဆင့် ၁၉၉၇ ခုနှစ်တွင် ဒေသတစ်ခုလုံး၌ ဘိန်းစိုက်ပျိုးမှု လုံးဝပပျောက်ခဲ့သည်ဟု ဦးစန်ပေ့က ဆိုသည်။

“၁၉၉၇ ခုနှစ်မှာ ဒေသတစ်ခုလုံး ဘိန်းစိုက်ပျိုးမှုကို လုံးဝခုတ်ထွင်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းရဲ့ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမြဲတမ်းကော်မတီဝင်ဖြစ်ပြီး စစ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးလော်ချန်ပေါင်းကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသအတွင်းရှိ တပ်ဖွဲ့နှင့် ပြည်သူပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရှမ်းအရှေ့အထူးဒေသ (၄) ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းကို နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနတို့၏ အားပေးထောက်ခံမှုများ ရရှိခဲ့ကြောင်း အထူးဒေသ(၄) သတင်းဌာနဖြစ်သော Mongla News ကို ပြောကြားထားသည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ဒေသ အတွင်းရှိ တပ်နဲ့ ပြည်သူပူးပေါင်း ကြိုး ပမ်းဆောင်ရွက်မှုကြောင့် ရှမ်း အရှေ့ အထူးဒေသ(၄)ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နဲ့ တရုတ်နိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနတို့ရဲ့ အားပေးထောက်ခံမှုများ ရရှိခဲ့ပါတယ်။ ဒေသတစ်ခုလုံးကို နမ့်ပန်း၊ မိုင်းလား၊ ဆီလူးဆိုပြီး ဒေသသုံးခု ခွဲခြားထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခြောက်နှစ် စီမံကိန်းကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အချိန်ခြောက်နှစ်ကြာ အင်တိုက်အားတိုက်နဲ့ အခက်အခဲအတားအဆီး မြောက်မြားစွာကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါ တယ်။ ၁၉၉၇ ခုနှစ်မှာ နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က အထူးဒေသ (၄) ကို လာရောက်ပြီး လက်တွေ့ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာမှာ မိမိတို့ဒေသရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခြောက်နှစ်စီမံကိန်းရဲ့ အောင်မြင်မှုရလဒ်အပေါ် အသိအမှတ်ပြု ချီးမွမ်းခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကော်မရှင်နဲ့အတူ နိုင်ငံတော်အစိုးရ၊ တရုတ် နိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဌာနတို့ဟာ ဒေသရဲ့ ဘိန်းအစားထိုး သီးနှံနဲ့ စိုက်ပျိုးမှုစီမံကိန်းကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပါတယ်” ဟု ဦးလော်ချန်ပေါင်းက ပြောကြားသည်။

၁၉၉၇  ခုနှစ် ဧပြီ  ၂၂  ရက်တွင် ဘိန်းစိုက်ပျိုးရေး အောင်မြင်စွာ ပပျောက်သည့် အခမ်းအနား၌ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) သည် ဘိန်းစိုက်ပျိုးမှု လုံးဝပပျောက်သည့် ဒေသအဖြစ် ကြေညာနိုင်ခဲ့သည်။

ဘိန်းကင်းစင်နယ်မြေဖြစ်ပြီး နောက်ပိုင်းတွင် ဒေသအုပ်ချုပ်ရေး အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား ဘိန်းအစားထိုး သီးနှံများကို ကိုယ်စိုက်၊ ကိုယ်ယူ၊ ကိုယ်စားဆိုသည့် ကိုယ်ထူကိုယ်ထစနစ် ချမှတ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က လူထုကို မူးယစ်ဆေးဝါး တားမြစ်လိုက်တာနဲ့ ဘိန်းအစားထိုး သီးနှံစိုက်ဆိုပြီးတော့ ရော်ဘာတွေ စိုက်ခိုင်းတယ်။ လက်ဖက်တွေ စိုက်ခိုင်းတယ်။ ကြံတွေ စိုက်ခိုင်းတယ်။ ငှက်ပျောတွေ စိုက်တယ်။ ပိုက်ဆံရတဲ့ ရာသီသီးနှံတွေ အားလုံးစိုက်ခိုင်းတယ်။ မစိုက်မနေရ ကိုယ့်ဟာကိုယ်စိုက် ကိုယ့်ဘာသာစား၊ စားလို့မကုန်ရင် ရောင်း၊ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ကိုယ့်ဘာသာ အိမ်ဆောက်။ ဒီမူတွေ ချပေးခဲ့တယ်” ဟု ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမြဲတမ်းကော်မတီဝင် သတင်းပြန်ကြားရေးဌာန ဌာနမှူး ဦးခမ်းမောင်က ပြောကြားသည်။

အထူးဒေသ(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်းပါဝင်သည့် ဆီလူးဒေသတွင်လည်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးသည့် ဧကပေါင်း ၁၀၀၀၀ ကျော်ရှိပြီး စပါး၊ ကြံ၊ ရော်ဘာနှင့် ငှက်ပျောပင်များကို အဓိကထား၍ စိုက်ပျိုးနေကြောင်း ဆီလူးဒေသအုပ်ချုပ်ရေးမှူး ဦးစိုင်းစံက ပြောကြားသည်။

“ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတာ ဧက ၁၀၀၀၀ လောက်ရှိတယ်။ အဓိက စိုက်ပျိုးတာတော့ ကြံပဲ။ ရော်ဘာတို့ ငှက်ပျောတို့လည်း စိုက်တယ်။ တရုတ်ကို ပို့တာ အဓိကက ကြံပဲ။ ကြံကတော့ တော်တော်ရတယ်။ တစ်နှစ်ကို တရုတ်ငွေနဲ့တွက်ရင် သောင်းပေါင်း ၄၀၀၀ ကျော်လောက် ဝင်တယ်” ဟု ဦးစိုင်းစံက ဆိုသည်။

၂၀၀၀ ပြည့်နှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစိုင်းလင်းသည် သူ့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ကင်းစင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ အထူးဒေသ (၄) တွင် ဘိန်းကင်းစင်ကြောင်း ကြေညာနိုင်ခဲ့သော်လည်း လက်အချိန်အထိ ဒေသတွင်း၌ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိနေဆဲ ဖြစ်သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အထူးဒေသ (၄) တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၂၅၃ မှုရှိခဲ့ပြီး တရားခံ ၂၀၈၂  ဦးကို ဖမ်းရမိခဲ့သည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမျိုးမျိုးမှာ ၄၀၄၇ ကီလိုရှိသည့်အပြင် မူးယစ်ဆေးဝါးမှောင်ခို အဖွဲ့ကြီး ၁၁ ဖွဲ့ကိုလည်း ဖမ်းမိခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်းအထူး ဒေသ (၄) မိုင်းလားတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၀၆၀ (တစ်သောင်းနှစ်ထောင် ခြောက်ဆယ်) ခန့်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းအခမ်းအနားတွင် မီရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးအမျိုးအစား စုစုပေါင်း ၁၀၀၀ ကီလိုဂရမ် ပါရှိပြီး ယင်းတို့ အနက် Ice ၆၂၇ ဒသမ ၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၅၈ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်းမည်း ၁၀ ကီလိုဂရမ်၊ ခါခူး ၄ ဒသမ ၃ ကီလိုဂရမ်နှင့် ခရစ္စတယ် ၂၀၀ ကီလိုဂရမ် အပါအဝင် ဓာတုဆေးဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ကုန်ကြမ်း ၅၉၅၀ ကီလိုဂရမ် ပါဝင်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများဖြစ်သော Ice  ၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ ခါခူး၊ ခရစ္စတယ်တို့၏ ကာလတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၂၀၀၀ ခန့်ရှိပြီး ဓာတုဆေးဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ကုန်ကြမ်းများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၀၀ ခန့်ရှိသည့်အတွက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၀၆၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါးများကို မီရှို့ဖျက်ဆီးနိုင်ခြင်းအပေါ် အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က “ဒီနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကျင်းပခြင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အထူးဒေသ(၄) တည်ထောင်လာတဲ့ နှစ် ၃၀ တာ ကာလအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲ့ အောင်မြင်မှုရလဒ်များကို နောက်တစ်ကြိမ် ဖော်ထုတ်ပြသခြင်းဖြစ်တဲ့အတွက် မိမိတို့ဒေသ အုပ်ချုပ်ရေးအဖွဲ့ရဲ့ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ခြင်းရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို အတိအလင်းဖော်ပြနိုင်ခဲ့ပါတယ်” ဟု ကြုံးဝါးပြောဆိုသည်။

အထူးဒေသ(၄)အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းသည် မိမိတို့ဒေသတွင်း ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ မဟုတ်ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းက ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း အထူးဒေသ(၄) တရားရေရာကော်မတီ ဌာနကြီးမှူး ဦးဂျယ်ခေါင်က မှတ်ချက်ပြုသည်။

 “ကျွန်တော်တို့ မိုင်းလားမှာတော့ လုံးဝလုံးဝဘဲ မရှိဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ဟာက များပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေက မြောက်ပိုင်းဘက်က ဝင်လာတာများတယ်။ တစ်ချို့ဟာတွေက ယိုးဒယားက။ ကျွန်တော်တို့ ဒေသကတော့ ဖြတ်လမ်းပေါ့။ ကျွန်တော်တို့ဆီမှာ ဂိတ်တွေ အများကြီးဖြစ်တဲ့အတွက် ဒါတွေကို မိတာပေါ့ဟု” ဦးဂျယ်ခေါင်က ဆိုသည်။

အထူးဒေသ(၄) နယ်မြေအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပါက ဒေသတွင်းဥပဒေအရ အရေးယူဆောင်ရွက်မှုများရှိပြီး ဖမ်းမိတဲ့ မူးယစ်ဆေးအနည်းအများပေါ် မူတည်၍ ပြစ်ဒဏ်ချမှတ်လေ့ရှိကြောင်း သိရသည်။

“မူးယစ်ဆေးဖမ်းမိရင် အထူးဒေသ(၄)ရဲ့ ဥပဒေက ရှိတယ်။ အထူးဒေသ(၄)ရဲ့ ဥပဒေက ၂၆၃ အရဆို ကျွန်တော်တို့က ပြတ်ပြတ်သားသား အရေးယူတယ်။ မူးယစ်ဆေးဖမ်းမိတဲ့ ပမာဏအပေါ်မှာ မူတည်တယ်။ ပြစ်ဒဏ်က သေဒဏ်အထိရှိတယ်။ အနိမ့်ဆုံးပြစ်ဒဏ်က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအပေါ်မှာ မူတည်တယ်။ ဖမ်းမိတဲ့ပမာဏနည်းရင် ဒါမျိုးတွေက လအချို့၊ နှစ်အချို့ပဲ။ အရမ်းများရင်တော့ သေဒဏ်ပဲ။ ဒါမှမဟုတ်လည်း တစ်သက်တစ်ကျွန်းထောင်ဒဏ်ပဲ။ ကျွန်တော်တို့ဆီမှာ သေဒဏ်အချခံရသူ အရေအတွက်က နည်းတယ်။ ရှိတော့ ရှိတယ်။ အနည်းစုပဲ။ တစ်ယောက် နှစ်ယောက်လောက်ပဲ။ ကျွန်တော်တို့က အတတ်နိုင်ဆုံးတော့ သေဒဏ်ကို သိပ်မပေးဘူး။ ထောင်ဒဏ်ပဲ။ အကန့်အသတ်မရှိတဲ့ ထောင်ဒဏ်ပေါ့။ ဒါမျိုးတွေပဲ ချမှတ်တယ်။ သေဒဏ်ပေးတာက နည်းတယ်။ တအားကြီးလေးတဲ့ဟာဆိုရင်တော့ ကျွန်တော်တို့လည်း သေဒဏ်မချလို့ မရဘူး။ ဖမ်းဆီးထိန်းသိမ်းထားတာကတော့ ရာဂဏန်းလောက်ပဲ”ဟု ဦးဂျယ်ခေါင်က ရှင်းလင်းပြောကြားသည်။

လက်ရှိအချိန်တွင် အထူးဒေသ(၄) နယ်မြေအတွင်း မူးယစ်ဆေးသုံးစွဲနေသူများကို ဖမ်းဆီးရမိပါက အချိန်ပေး၍ မူးယစ်ဆေးဖြတ်ပေးနေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဒေသမှာ ဒီမြို့တွင်းမှာ မူးယစ်ဆေးသုံးသူတွေ ရှိတော့ရှိတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ မူးယစ်ဆေးသုံးတာနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း အခုဟာက ဘာလဲဆိုတော့ ဒေသအလိုက်တာဝန်ပေးပြီးတော့ မူးယစ်ဆေးဝါးပညာပေးရေး လုပ်ငန်းတွေပေါ့။ အဲဒါတွေကို ကွင်းဆင်းပြီး လုပ်တယ်။ အဲဒါက နှစ်စဉ်နှစ်တိုင်း လုပ်တယ်။ ပြီးရင် ဖမ်းတယ်။ ဘိန်းကို ဖြတ်စေတယ်။ သုံးလ၊ ခြောက်လ အခြေအနေအပေါ်ကြည့်ပြီးမှ တစ်နှစ်၊ နှစ်နှစ် အဲဒီလို ဖြတ်စေတယ်”ဟု ဦးဂျယ်ခေါင်က ပြောကြားသည်။

အထူးဒေသ(၄) အနေဖြင့် တရုတ်နိုင်ငံ စစ်ဆောင်ပန်းနား ပြည်နယ်ခွဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းပိုင်း၌ အတူတကွပူပေါင်းဆောင်ရွက်ရာတွင် အသိအမှတ်ပြုခံခဲ့ရသည့်အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပညာပေးပို့ချခြင်းများ၊ သတင်းအချက်အလက်အပြန်အလှန် ဖလှယ်ခြင်းများ၊ မူးယစ်ရာဇာများအား ဖမ်းဆီးဖော်ထုတ်ရေးတို့ကိုလည်း ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးယူပြီး နှစ် ၃၀ ကြာပြီးနောက် လက်ရှိအချိန်တွင် အထူးဒေသ(၄) မိုင်းလားမြို့သည် ခေတ်ဆန်သည့် မြို့ပြအသွင်ဖြင့် တင့်တယ်လှပနေသည်။

ခေတ်မီအဆောက်အအုံများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဘားများ၊ ကေတီဗီများ၊ နိုက်ကလပ်များဖြင့် ခေတ်ဆန်သည့် မြို့ပြတစ်ခုကို ပုံဖော်ထားသည်။

နိုင်ငံတကာသတင်း စာမျက်နှာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တောကြီးမျက်မည်းထဲက မိုင်းလားမြို့အကြောင်း ရေးသားလျှင် ကာစီနို၊ အပျော်မယ်၊ တရားမဝင်သားရဲတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ထွက်ရှိရာဒေသအဖြစ် ပုံဖော်ရေးသားခဲ့သော်လည်း လက်ရှိတွင် မိုင်းလားသည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်နေသည့် မြို့တစ်မြို့ ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၃၀ က ဆင်းရဲမွဲတေပြီး ချို့တဲ့သော တိုင်းရင်းသားများ နေထိုင်ခဲ့သည့် ရှမ်းအရှေ့ မိုင်းလားဒေသသည် ယခုအချိန်တွင် ခေတ်မီဟိုတယ်ကြီးများ၊ မိုးမျှော်တိုက်ကြီးများ၊ အဆင့်မြင့်ကုန်တိုက်ကြီးများနှင့် လူမှုဘဝနေထိုင်မှုပုံစံမှာ များစွာပြောင်းလဲသွားခဲ့သည်။

ထိုသို့ နှစ်ပေါင်း ၃၀ အတွင်း မိုင်းလားမြို့ကြီး ယခုလို ပြောင်းလဲလာရခြင်း၏ အဓိက အထောက်အပံ့မှာ မူးယစ်ဆေး၊ ကာစီနိုနှင့် အပျော်မယ်လုပ်ငန်းများက ရသည့်ငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အများက ယုံကြည်နေကြသည်။

ယခင်က ဘိန်းကို အဓိကစိုက်ပျိုးခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသည့် လမ်းကြောင်းတစ်ခုဖြစ် သည့်အတွက် နှစ်ပေါင်း ၃၀ အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် နိုင်ငံတကာက သံသယမကင်း ဖြစ်နေကြခြင်း ဖြစ်သည်။

နှစ် ၃၀ အတွင်း တိုးတက်မှုမြန်ဆန်ခဲ့သည့် မိုင်းလားမြို့ကြီးကို မည်သည့်ဝင်ငွေများဖြင့် တည်ဆောက်ထားသနည်းဆိုသည့် မေးခွန်းတွင် မူးယစ်ဆေးအသံကို ထည့်၍ နိုင်ငံတကာက သရုပ်ဖော်ကြသည်။

ထိုသို့ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) နယ်မြေအဖြစ် သတ်မှတ်ထားသည့် မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းဒေသများတွင် မူးယစ်ဆေးဝါး လုံးဝကင်းစင်ကြောင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA)၏ အကြီးအကဲအချို့က အာမခံပြောကြားသည်။

“အထူးဒေသ(၄)မှာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုကတော့ လုံးဝပဲ။ အဲဒါက မရှိဘူး။ ပြောလို့ရတယ်။ အာမခံလို့လည်း ရတယ်” ဟု အထူးဒေသ(၄) တရားရေရာကော်မတီဌာနကြီးမှူး ဦးဂျယ်ခေါင်က ဆိုသည်။

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမြဲတမ်းကော်မတီဝင် သတင်းပြန်ကြားရေးဌာန ဌာနမှူး ဦးခမ်းမောင်ကမူ ယင်းသို့ပြောဆိုနေသူ များအနေဖြင့် အထူးဒေသ(၄) နယ်မြေအတွင်း အချိန်မရွေးလာရောက်ကြည့်ရှုနိုင်ပြီး မူးယစ်ဆေးဝါးတွေ့ရှိပါက မိမိလည်ပင်းအဖြတ်ခံနိုင်သည်အထိ အာမခံနိုင်ကြောင်း ပြောကြားသည်။

“တကယ် ဟုတ်တယ် မဟုတ်ဘူးဆိုတာကို အချိန်မရွေး နေ့ရောညရော လာကြည့်လို့ရတယ်။ လူနဲ့သွားမကြည့်နိုင်ရင် ဟတ်စကီးနဲ့ လာကြည့်၊ ကျွန်တော်တို့ အထူးဒေသ(၄) ဧရိယာကို လှည့်ပတ်ပြီးတော့ ကြည့်ချင်တယ်ဆို ကျွန်တော်တို့က အားလုံးပြရဲတယ်။ အဲဒီမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ရှိတယ်ဆို ကျွန်တော့်ကို လည်ပင်းဖြတ်ပြီးတော့ ပစ်ချလိုက်လည်း ရတယ်” ဟု ဦးခမ်းမောင်က ခပ်ပြတ်ပြတ်တုံ့ပြန်သည်။