၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ကျပ်ဘီလျံ ၃၂၃၄၀ တောင်းခံထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကျပ် ၃၃၂၅ ဘီလျံ တင်ပြတောင်းခံ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ကျပ်ဘီလျံ ၃၂၃၄၀ တောင်းခံထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကျပ် ၃၃၂၅ ဘီလျံ တင်ပြတောင်းခံ
ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော ကိုယ်စားလှယ်များအား တွေ့ရစဉ်
ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ လွှတ်တော ကိုယ်စားလှယ်များအား တွေ့ရစဉ်
Published 15 July 2019
စိုးမင်းထိုက်၊  စည်သူ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ကျပ်ဘီလျံ ၃၂၃၄၀  တောင်းခံထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကျပ် ၃၃၂၅ ဘီလျံ တင်ပြတောင်းခံထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။

ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအတွက် သုံးငွေ ကျပ်ဘီလျံ ၃၂၃၄၀၊ တိုင်းဒေသကြီး/ပြည်နယ်များအတွက် ကျပ် ၃၃၂၅ ဘီလျံ တင်ပြတောင်းခံထားပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ရငွေအဖြစ်ကျပ် ၂၅၃၁၃ ဘီလျံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရငွေအဖြစ် ကျပ် ၃၃၂၅ ဘီလျံဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်၌ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ ်ခွဲဝေချထားမှုတွင် နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းများအနက် လျှပ်စစ်နှင့် စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လမ်း၊ တံတားကဏ္ဍများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုကာကွယ် စောင့်ရှောက်ရေး အသုံးစရိတ်များကို ဦးစားပေး လျာထားကြောင်း၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တင်ပြလာသော ရသုံးခန့်မှန်းခြေ စာရင်းများကို စိစစ်ရာတွင် ရရှိသော ဘဏ္ဍာငွေများဖြင့် အရေးကြီးသည့် ဆောင်ရွက်ဆဲ စီမံကိန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် အများပြည်သူအတွက် အကျိုးရှိမည့် Productive ဖြစ်သည့်ကိစ္စများကို ဦးစားပေးရန်၊ ပရိဘောဂနှင့် ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့်  ရုံး၊ ဝန်ထမ်းအိမ်ရာ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို အမှန်တကယ် လိုအပ်မှသာ ဆောင်ရွက်ရန်၊ မော်တော်ကားများ ဝယ်ယူရာတွင် ဝန်ထမ်းအများစု စီးနင်းရန် ဝယ်ယူသည့် ဖယ်ရီဘတ်စ်ကားများကိုသာ ခွင့်ပြုပေးပြီး ရာထူးအဆင့်အတွက် လိုအပ်သည့် ဆလွန်းယာဉ်များကို ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနရှိ နိုင်ငံတော်ပိုင် ဘဏ္ဍာသိမ်းယာဉ်များမှ ခွဲဝေပေးရန် စသည်ဖြင့် စိစစ်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရန်ပုံငွေမှ ထောက်ပံ့ပေးမည့် ငွေမှာ ကျပ် ၂၁၁၄ ဘီလျံ ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ လျာထားမှုမှာ ကျပ်ဘီလျံ ၃၁ ဒသမ ၇၀၀ ဖြစ်ကြောင်း၊ အရေးပေါ်ရန်ပုံငွေနှင့် ပတ်သက်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ကိုယ်စား ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျပ်ဘီလျံ ၅၀ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ကျပ် ၃၆ ဘီလျံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျပ် ၁၄ ဘီလျံ ခွဲဝေလျာထားကြောင်း ဒုတိယဝန်ကြီးက ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးပါက Accounting Method နှင့် Analytical Method Consolidated နည်းလမ်း နှစ်မျိုးဖြင့် ပြုစု၍ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို အထောက်အကူပြုပေးနိုင်ရန် ဝန်ကြီးဌာနနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန Website တို့တွင် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် သာမန်စာရင်း၌ ကုန်သွယ်မှု (အရှုံးအမြတ်) စာရင်းအရ ရရှိသော အမြတ်ငွေအပေါ်တွင် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ ဝင်ငွေခွန်ပေးဆောင်ရန်နှင့် ကျန်ရှိသော အမြတ်ငွေများ အားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး က ပြောကြားသည်။

 

Most Read

Most Recent