ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ပတ်သက်၍ မကွေး၊ ပုသိမ်၊ ဘားအံ၊ လားရှိုးနှင့် ပခုက္ကူမြို့တွင် ဆန္ဒထုတ်ဖော်

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ပတ်သက်၍ မကွေး၊ ပုသိမ်၊ ဘားအံ၊ လားရှိုးနှင့် ပခုက္ကူမြို့တွင် ဆန္ဒထုတ်ဖော်
 မကွေးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ- အောင်သူငြိမ်း)
မကွေးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ- အောင်သူငြိမ်း)
Published 14 July 2019
အောင်သူငြိမ်း၊ နီလာစိုး၊ စိုးစိုး၊ ထွန်းနေလှိုင်၊ သက်ထိန်ဝင်း

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ပတ်သက်ပြီး မကွေး၊ ပုသိမ်၊ ဘားအံ၊ လားရှိုးနှင့် ပခုက္ကူမြို့တွင် ဇူလိုင် ၁၄ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

မကွေး

နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှု ရှာဖွေရေးနှင့် နောက်ထပ်ဗစ်တိုးရီးယားများ မပေါ်ပေါက်ရေး ဇူလိုင် ၁၄ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့တွင် လူဦးရေ ၅၀၀ ခန့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုုပါ  ဆန္ဒပြပွဲတွင် မကွေးမြို့ပေါ်ရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူကျောင်းသားများ၊ ကလေးသူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ပါဝင်ခဲ့ကြကြောင်း ဆန္ဒပြပွဲကို မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုုရားအနီးမှ စတင်ခဲ့ပြီး အထက (၁)လမ်း၊ ဆေးရုံလမ်း၊ ပြည်တော်သာလမ်း၊ ရွာသစ် (၁၆)လမ်း၊ မဲထီးလမ်း၊ သစ္စာလမ်းများသို့ လှည့်လည်ခဲ့ကြကြောင်း ယင်းသို့လှည့်လည်ရာလမ်းကြောင်းများတွင် ဒေသခံပြည်သူများကလည်း အားပေးဝန်းရံခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများသည် Justice for Victoria စာသားနှင့် Victoria တံဆိပ်ပါ တီရှပ်အဖြူများကို ဝတ်ဆင်၍ ယင်းစာသားနှင့်တံဆိပ်ပါ စတစ်ကာများကိုလည်း ရင်ဘတ်၊ ပါး၊ နဖူးတို့တွင်ကပ်ခဲ့ကြကြောင်း ဆန္ဒပြသူများသည် “နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ”၊ “NO MORE VICTORIAS” ၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေရေး၊ ကလေးသူငယ်များအတွက် လုုံခြုံသောပတ်ဝန်းကျင် ဖန်တီးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ စသည့်စာသားများပါ ဗီနိုင်းများကို ကိုင်ဆောင်ခဲ့ပြီး ထိုစာသားများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။      

ပုသိမ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မြို့ခံဦးရေ ၂၀၀၀ ခန့်မှ ဗစ်တိုးရီးယားအမှု မှန်ပေါ်ပေါက်ရေးနှင့် ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံသည့်ပတ်ဝန်းကျင် ရရှိရေးအတွက် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီခန့်က စတင်စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေပေးပါ၊ ကျွန်တော်တို့လူအဖွဲ့အသည်း တရားဥပဒေစိုးမိုးရေး နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေးနှင့် ကျွန်တော်တို့မျိုးဆက်များ လုံခြုံစိတ်ချသော လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးနိုင်ရေး၊ Justice For Victoria စသည့် ဗီနိုင်းစာစောင်များ ကိုင်ဆောင်ကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကလေးသူငယ်များအတွက် လုံခြုံသည့် ပတ်ဝန်းကျင်ရရှိရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။

pathein.jpg

ပုသိမ်မြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ- မင်းသူဝင်းထွဋ်)

အဆိုပါဆန္ဒထုတ်ဖော်ပွဲအား ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမအရှေ့တွင် စုဝေးကာ ဟောပြောမှုများပြုလုပ်ခဲ့ပြီး ကမ်းနားလမ်းမှ ကုန်သည်လမ်းမကြီး၊ ဗလီလမ်းမကြီးတို့မှ ကမ်းနားလမ်းအတိုင်း ပြန်လည်လှည့်လည်ကာ ရွှေစည်းခုံဘုရားမုခ်ဦးတွင် ကြွေးကြော်မှုများပြုလုပ်ကာ တစ်မိနစ်ငြိမ်သက်ဆုတောင်းခဲ့ပြီး အစီအစဉ်ပြီးဆုံးခဲ့ကြောင်း သိရသည်။

 

ဘားအံ

Justice for Victoria လှုပ်ရှားမှုနှင့် နောက်ထပ် Victoria ဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်ရန် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ဘားအံမြို့တွင် လူ ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် အသက်သုံးနှစ်မပြည့်သေးသည့် မူကြိုကျောင်းသူလေး မုဒိမ်းမှုကျူးလွန်ခံရမှုနှင့် ပတ်သက်၍ တစ်တိုင်းပြည်လုံးတွင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်ရေးအတွက် ဒေသခံပြည်သူများ ကျောင်းသား ကျောင်းသူကလေးငယ်များက ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် Victoria အတွက် တရားမျှတမှုကို ရှာဖွေပေးပါ၊ နောက်ထပ် Victoria ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်စေရေး ဒို့အရေး...ဒို့အရေး၊ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေး ပေါ်ပေါက်စေရေး ဒို့အရေး...ဒို့အရေး စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

bn.jpg

ဘားအံမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ- စိုးစိုး)

ဆန္ဒထုတ်ဖော်ရာတွင် ဘားအံမြို့လည်ကောင် နာရီစင်မှစတင်၍ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ဆန္ဒထုတ်ဖော် ထွက်ခွာခဲ့ပြီး အမှတ် (၉) ရပ်ကွက် ဘားအံ-မြဝတီ-လှိုင်းဘွဲလမ်းဆုံလမ်းဂွတွင် ရပ်နားကာ လူစုခွဲခဲ့ကြောင်း သိရသည်။

လားရှိုး

ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ လူတိုင်းအတွက် တရားမျှတမှုရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင် ဖန်တီးနိုင်ရေးတို့အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့တွင် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီအချိန်က လူဦးရေ ၂၀၀ ခန့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲကို လားရှိုးမြို့ ရပ်ကွက်(၄)၊ မန္တလေးလမ်းတွင် စတင်စုဝေးခဲ့ကြပြီး မန္တလေးလမ်းမှတစ်ဆင့်၊ ရေကန်လမ်း၊ လမ်းမတော်လမ်း၊ ဘူတာလမ်းအတိုင်း ဗျူဟာလမ်းထိပ်ထိ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ကြသူများက Justice For Victoria အတွက် တရားမျှတမှု ရှာဖွေပေးရေး.. ဒို့အရေး၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံသော ပတ်ဝန်းကျင်ဖန်တီးပေးရေး.. ဒို့အရေး၊ သက်ငယ်မုဒိမ်းပပျောက်ရန် အမြန်ဆုံးဆောင်ရွက်ပေးရေး.. ဒို့အရေး၊ Justice For All လူတိုင်းအတွက် တရားမျှတရေး.. ဒို့အရေး ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်တွင် ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

laiso.jpg

 

 

 

 

လားရှိုးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ- ထွန်းနေလှိုင်)

ဆန္ဒထုတ်ဖော်သူများသည် ဗျူဟာလမ်းထိပ်ရှိ မဇ္စျိမကဖေးဆိုင်ရှေ့အရောက်တွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး ကြွေးကြော်သံများဖြင့် ဟစ်ကြွေးကာ စုပေါင်းဆန္ဒထုတ်ဖော်ပွဲပြီးဆုံးခဲ့သည်။

ပခုက္ကူ

ပခုက္ကူမြို့ခံအင်အား ၃၀၀ ခန့် စုပေါင်း၍ နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုအတွက် တရားမျှတမှု ရရှိရေးနှင့် ကလေးများအတွက် လွတ်လပ်လုံခြုံသည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးတို့အတွက်  ယခု ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်သူများသည် ပခုက္ကူမြို့ ဗိုလ်ချုပ်ပန်းခြံတွင်စုဝေးပြီး ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး စာသားများရေးသားထားသည့် တီရှပ်များအားဝတ်ဆင်၍ “ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေရေး ဒို့အရေး”၊ “ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ဖန်တီးရေး ဒို့အရေး”၊ “နောက်ထပ် ဗစ်တိုးရီးယားများ အလိုမရှိ” စသည့် ကြွေးကြော်သံဖြင့် ရွှေမုဋ္ဌောဘုရားပရိဝုဏ်အနီးထိ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

pku.jpg

ပခုက္ကူမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်(ဓာတ်ပုံ- သက်ထိန်ဝင်း)

ဆန္ဒထုတ်ဖော်စဉ်အတွင်း “Safe environment For every Child”၊ “No More Victoria”၊ “Justice for Child, Justice For Victoria, No More Victoria” ၊ “ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ပတ်ဝန်းကျင် ဖန်တီးပေးပါ” စသည့် စာသားများပါဝင်သည့် ပိုစတာများအား ကိုင်ဆောင်ခဲ့ကြသည်။

 

Most Read

Most Recent