စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရာတွင် ဝန်ထမ်းအချို့က ဒဏ်ကြေးများ လျှော့ပေါ့တောင်းယူပြီး ၎င်းတို့၏အိတ်ထဲ ရောက်ရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရာတွင် ဝန်ထမ်းအချို့က ဒဏ်ကြေးများ လျှော့ပေါ့တောင်းယူပြီး ၎င်းတို့၏အိတ်ထဲ ရောက်ရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 10 July 2019
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်

စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရာတွင် ဝန်ထမ်းအချို့မှ ဒဏ်ကြေးလျှော့ပေါ့ တောင်းယူပြီး ၎င်းတို့၏အိတ်ထဲ ရောက်ရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး၌ မေးမြန်းစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“တချို့နေရာတွေမှာ ပွင့်လင်းမြင်သာစွာ ဆိုင်းဘုတ်များ ထောင်တာတွေ တွေ့ရသော်လည်း တချို့နေရာများတွင် လုံးဝမရှိတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်စျေးမှ မြို့ထဲသို့ပြန်မည့် မော်တော်ယာဉ်များ ဘုရင့်နောင်လမ်းပေါ်က ပြန်ကွေ့ရာမှာ ဂငယ်ကွေ့ကွေ့ရန်နေရာ သတ်မှတ်ချက် မရှိသလို မကွေ့ရန်လည်း သတ်မှတ်ဆိုင်းဘုတ်လည်း မရှိတာကို တွေ့ရပါတယ်။ အဲဒီလို ပွင့်လင်းမြင်သာစွာ အသိပေးတာမရှိဘဲနဲ့ တစ်ဖက်မှာစောင့်ပြီး ဖမ်းတဲ့အဖွဲ့များကို ရံဖန်ရံခါ တွေ့ရပါတယ်။ အဲဒါကြောင့်ကွေ့မိတဲ့ မော်တော်ယာဉ်မောင်းများဟာ တရားဝင်ဒဏ်ကြေးများ ပေးဆောင်ရသလို အများအားဖြင့်ကတော့ ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်နဲ့အညီ ကျပ်သုံးသောင်းကျမယ့်ဟာကို တရားရုံးသွားလို့ရှိရင် ကြာလည်းကြာနေမယ်၊ စောင့်လည်း စောင့်ရမယ်။ အဲဒီလိုနဲ့ နှစ်သောင်းလောက်ပေးပါ ဆိုပြီးတော့ ဖြေရှင်းပေးလိုက်တာတွေ ကြောင့်မို့လို့ နိုင်ငံတော်ရရှိမယ့် ဘဏ္ဍာငွေထဲကို မရောက်ဘဲနဲ့ ပုဂ္ဂလိက တခြားသော ဝန်ထမ်းများ အိတ်ထဲကို ရောက်ရှိသွားပြီး နစ်နာနေတာကို တွေ့ရှိနေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်းမကြီးများတွင် ဂငယ်ကွေ့ မကွေ့ရန် နေရာများ၊ လွတ်လပ်စွာ သွားလာခွင့် (Free လမ်းကြော) ပြောင်းလဲသတ်မှတ်မှုများအား ပွင့်လင်းထင်ရှားမြင်သာစွာ အသိပေးမှုများ၊ ဆိုင်းဘုတ်ဖြင့် အသိပေးမှုများဖြင့် ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိမရှိ၊ မီးပွိုင့်များတွင် တစ်ခါတစ်ရံ မီးအစိမ်း၊ မီးအဝါ၊ မီးအနီ ရောင်အစဉ်လိုက် ပြရမည့်အစား အဘယ်ကြောင့် အဆင့်ကျော်၍ မီးစိမ်းရာမှ မီးနီ တန်းပြမှုများ ပေါ်ပေါက်ရကြောင်း၊ အများပြည်သူ ကားအသွားအလာ ဝင်ထွက်သွားလာမှု များပြားသည့် ဌာနဆိုင်ရာများ အပါအဝင် နေရာများတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်းတကျ ယာဉ်ရပ်နားနိုင်ရေး တို့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မည်သို့ပံ့ပိုး ကူညီဆောင်ရွက်ပေးနေကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၁၉၈၉ ခုနှစ်မော်တော်ယာဉ် နည်းဥပဒေ ၁၅၀ (က)အပိုဒ် (၁) မှ (၇)အထိ ဂငယ်ကွေ့ မကွေ့ရသည့် နေရာများ ပြဋ္ဌာန်းထားကြောင်း ပြောကြားသည်။

ထို့ပြင် ဂငယ်ကွေ့ရန် နေရာများအား လမ်းညွှန်ဆိုင်းဘုတ်များဖြင့် ဖော်ပြထားရှိကြောင်း၊ ဥပမာ ပြည်လမ်းပေါ်တွင် မြေနီကုန်း ခုံးကျော် တံတားအောက်၊ လှည်းတန်းခုံးကျော် တံတားအောက်၊ ရှစ်မိုင်ခုံးကျော် တံတားအောက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ရွှေဂုံတိုင်ခုံးကျော် တံတားအောက်၊ ကုက္ကိုင်းခုံးကျော် တံတားအောက်ရှိ ဂငယ်ကွေ့ရန် သတ်မှတ်ထားသော နေရာများတွင် တွေ့နိုင်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ဆိုင်းဘုတ်များ စိုက်ထူထားရှိကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

 

Most Read

Most Recent