ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းများ တင်ပြရာတွင် စာရွက်ပေါ်နှင့်လက်တွေ့ ကွာဟနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းများ တင်ပြရာတွင် စာရွက်ပေါ်နှင့်လက်တွေ့ ကွာဟနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
ဇူလိုင် ၉ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ဇူလိုင် ၉ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
Published 9 July 2019
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းများ တင်ပြရာတွင် စာရွက်ပေါ်နှင့် လက်တွေ့ ကွာဟနေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ဇူလိုင် ၉ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကပေးပို့သော ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် စပ်လျဉ်းပြီး ဦးကျော်ဇေယျက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းတွေ တင်ပြတဲ့နေရာမှာ စာရွက်ပေါ်နဲ့ တကယ့်လက်တွေ့ ကွာဟနေပါတယ်။ ၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ Investment Forum မှာ ဒီလုပ်ငန်းကြီးက ကုမ္ပဏီတစ်ခုနဲ့ လုပ်ပြီးသား ကိုးနှစ်အတွင်း ဆောက်မယ်။ အမေရိကန်ဒေါ်လာ ကျပ်သန်း ၅၀၀ သုံးမယ်။ ဒါတွေဟာ ကျွန်တော်တို့ကို တရားဝင် မတင်ပြသေးပါဘူး။ ကျွန်တော် တင်ပြရရင်တော့ စာရွက်ပေါ်နဲ့ အပြင်မှာ လွဲနေတယ်ပေါ့။ ပွင့်ပွင့်လင်းလင်း တင်ပြရရင် မင်္ဂလာဆောင်ချင်တဲ့ အမျိုးသမီး ကိုယ်ဝန်ရှိလာမှ အမေရယ် ကျွန်မ မင်္ဂလာဆောင်ချင်တယ်လို့ ပြောတဲ့အနေအထား ဖြစ်နေပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြထားသည့် ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်သည် ရန်ကုန်မြို့တော် စည်ပင်သာယာ ကွပ်ကဲမှုအောက်ရှိ ပြင်ပ ၁၁ မြို့နယ်အား နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ပြုလုပ်ရန် လျာထားခဲ့ကြောင်း၊ လက်ရှိတွင် စက်မှုဥယျာဉ်မြို့တော် အသုံးအနှုန်း ပြောင်းလဲခဲ့ကြောင်း၊ ဖြစ်နိုင်အောင် ဆောင်ရွက်စေချင်ကြောင်း၊ ယခင်မှတ်တမ်းအဖြစ် တင်ပြထားသည့် စက်မှုဇုန် ၁၁ ဇုန်ဆောင်ရွက်ရာတွင် အပိုင်း ၁ သည် မြေသိမ်းခြင်း၊ အပိုင်း ၂ သည် တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခြင်း၊ အပိုင်း ၃ သည် ပြည်ထောင်စု အစိုးရသို့တင်ပြပြီး အတည်ပြုခြင်း၊ အပိုင်း ၄ သည် ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူကာ၊ အပိုင်း ၅ သည် တင်ဒါဖွင့်ဖောက်သည့်အခါ Switch Challenge ဖြင့်လုပ်ဆောင်မည်ကို သဘောကျကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ဝန်ကြီးတင်ပြသွားတယ် ၂၀-၈၀ မြေ သိမ်းပြီးပြီ၊ တောင်သူလယ်သမားတွေဆီကနေ ကန့်ကွက်သူမရှိ သိမ်းပြီးပြီဆိုပြီး အတည်ပြုတယ်ပေါ့။ ဒီနေရာမှာ တင်ပြချင်တာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြတဲ့အခါမှာ မြေသိမ်းအက်ဥပဒေ ၁၈၉၄ ခုနှစ် အက်ဥပဒေပုဒ်မ ၉၁(၃) အရ အဲဒါကြားထဲက အတော်လေးကို အံ့သြတုန်လှုပ်မိပါတယ်။ တင်ပြချင်တာကတော့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေက ကိုလိုနီအစိုးရ လက်ထက်က တောင်သူလယ်သမားကြီးတွေ မြေသိမ်းအောင် လုပ်ခဲ့တဲ့ဥပဒေ ဒီလိုဥပဒေမျိုးနဲ့ ကျွန်တော်တို့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ မြေသိမ်းမယ်ဆိုတော့ ကျွန်တော် သဘောမကျပါဘူး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

သို့သော် ၂၀-၈၀ ရာခိုင်နှုန်းဖြင့် မြေသိမ်းရာတွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ၏ မူအားဖြင့် သဘောတူသည် ဆိုပါက ၂၀၁၂ ခုနှစ် မြေယာဥပဒေပုဒ်မ ၆၇(ခ)(၂) အရ လုပ်ဆောင်သင့်ပါကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“မြေပိုင်ဆိုင်မှု သဘောတူဆိုတဲ့နေရာမှာ ထပ်ပြီးတော့ အကြံပေးရရင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီတို့ စိုက်မွေးကော်မတီတို့နဲ့ လယ်သမားတွေနဲ့ ထပ်မံတွေ့ဆုံပြီးတော့ ထပ်မံအတည်ပြု သင့်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ယခုစီမံကိန်းသည် ရေနက်ကွင်း၌ ဆောင်ရွက်မည် ဖြစ်သဖြင့် ရေနက်ကွင်းအား သဲများ၊ ကျောက်များဖို့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လှိုင်မြစ်နှင့် ကုက္ကိုလ်ဝမှ သဲ၊ ကျောက်များ စုပ်ယူအသုံးပြုရမည် ဖြစ်ကြောင်း၊ လူမှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား မည်ကဲ့သို့ ဆောင်ရွက်ထားသနည်း၊ ထပ်မံ၍ ပြည့်စုံအောင် တင်ပြရန် ဦးကျော်ဇေယျက ပြောကြားသည်။

“စက်မှုဇုန်လုပ်တဲ့နေရာမှာ စည်ပင် ပြင်ပ ၁၁ မြို့နယ်မှာပါတဲ့ မှော်ဘီမြို့နယ်၊ ထန်းတပင်နဲ့ လှည်းကူးကြားမှာ မြောင်းတကာ စက်မှုဇုန်ဆိုတာ ရှိပါတယ်။ ၁၂၅၁ ဒသ မ ၉၂ ဧကမှာ ဘယ်လောက် မြေကွက်လွတ်တွေ ကျန်နေသေးလဲဆိုရင် ဧက ၅၀၀ ကျော် ကျန်နေသေးတယ်။ ထန်းတပင် စက်မှုဇုန်က မြောင်းတကာ စက်မှုဇုန်နဲ့ ဟိုဘက်ဒီဘက် ကျန်နေတဲ့ မြေကွက်တွေကို ထန်းတပင်စက်မှုဇုန်နဲ့ပေါင်းပြီး ဆက်လက် အကောင်အထည် ဖော်လိုက်ရင် ပိုမကောင်းဘူးလား” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အပါအဝင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent