ယခုနှစ် H1N1 က ၂၀၁၇ စံချိန်ကိုကျော်ပြီး စိုးရိမ်စရာ ဖြစ်လာနိုင်သလား

ယခုနှစ် H1N1 က ၂၀၁၇ စံချိန်ကိုကျော်ပြီး စိုးရိမ်စရာ ဖြစ်လာနိုင်သလား
လူမှုကူညီရေးအသင်း (ဗဟန်း) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသွားသူတစ်ဦးကို ရေဝေးသုသာန်တွင် သဂြုႋဟ်ရန်ကူညီနေစဉ်
လူမှုကူညီရေးအသင်း (ဗဟန်း) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသွားသူတစ်ဦးကို ရေဝေးသုသာန်တွင် သဂြုႋဟ်ရန်ကူညီနေစဉ်
Published 7 July 2019
အိသဥ္ဇာကျော်

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဇူလိုင် ၅ ရက်အထိ တစ်နိုင်ငံလုံး၌ (Seasonal Influenza A(H1N1 2009 )သံသယလူနာ ၄၂၄ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၅၀ တွင် သေဆုံးသူ ၃၀ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ 

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲ အတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်၅ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၌ ဓာတ်ခွဲစစ်ဆေး သူ၂၂၃ ဦးအနက် အတည်ပြုလူနာ ၈၇ ဦးတွင် သေဆုံး ၂၄ ဦးရှိခဲ့ပြီး ဖြစ်ပွားသေဆုံးနှုန်းအများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်နေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေစာရင်းအရ ဖြစ်ပွားသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)၊မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်(အရှေ့)၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(မြောက်)၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတမြို့နယ်များ ဖြစ်ပြီး သေဆုံးသူဦးရေအများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(မြောက်)ပိုင်းတို့ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် စာရင်းများအရ သိရသည်။

 

နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းကျော်ရှိသော မြို့ရန်ကုန် 

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်ညတွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ လူဦးရေစုစုပေါင်း ၅၁၄၈၆၂၅၃ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေစုစုပေါင်း ၇၃၆၀၇၀၃ ဦးရှိသည်။ ရန်ကုန်တိုင်းဒေသကြီး၏လူဦးရေစုစုပေါင်းသည်  မြန်မာနိုင်ငံလူဦးရေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေသည် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ ၃၁၉၀၃၅၉ ဦး၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းနှင့်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကြားကာလတွင် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ ၈၅ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးသည် အခြားတိုင်းဒေသ ကြီးပြည်နယ်များနှင့် နှိုင်းယှဉ်ရာတွင် မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး တိုင်းဒေသကြီးဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့သည် ဒုတိယနှင့် တတိယ လူဦးရေအများဆုံး တိုင်းဒေသကြီး များဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေအချိုးအစားသည် ၁၉၈၃ ခုနှစ်တွင် မြန်မာ နိုင်ငံလူဦးရေ၏ ၁၁  ဒသမ ၂  ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ၁၄ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်လာ သည်ဟု ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာတွင် ၇၁၆ ဦးရှိနေပြီး မြန် မာနိုင်ငံ၏ လူဦးရေသိပ်သည်းဆ (တစ်စတုရန်းကီလိုမီတာလျှင် ၇၆ ဦး) နှင့်နှိုင်းယှဉ်လျှင် ကိုးဆခန့် မြင့် မားနေသည်ဟု သိရသည်။

“ရန်ကုန်တိုင်းပြီးရင် ဧရာဝတီတိုင်းက တစ်စတုရန်းကီလိုမီတာမှာ လူ ၂၀၀ နဲ့ မန္တလေးတိုင်းက တစ်စ တုရန်းကီလိုမီတာမှာ ၁၇၇ ဦးနဲ့ လူဦးရေသိပ်သည်းဆဒုတိယနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ရန်ကုန်တိုင်း  ကတော့ လူဦးရေသိပ်သည်းဆ အများဆုံးတိုင်း ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ လူဦးရေသိပ်သည်းဆက ၁၉၇၃ ခုနှစ်တုန်းက တစ်စတုရန်းကီလိုမီတာမှာ လူဦးရေ ၃၁၀ ဦး၊ ၁၉၈၃ ခုနှစ်မှာ တစ်စတုရန်းကီလိုမီတာမှာ ၃၈၇ ဦးရှိခဲ့ပြီး ၂၀၁၄ သန်းခေါင်စာရင်းမှာတော့ ၇၁၆ ဦးအထိ တိုးမြင့်လာပါတယ်”  ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သန်းခေါင်စာရင်းမှ ရရှိသော အချက်အလက်များအရ ရန်ကုန်တိုင်း ဒေသကြီးတွင် လူ ၁၀၀ လျှင် ၇၀ သည် မြို့ပြဒေသတွင်နေထိုင်ကြပြီး ၃၀ သည် ကျေးလက်ဒေသ တွင်နေထိုင်ကြသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကျေးလက်ဒေသတွင်  နေထိုင်သူ ရာခိုင်နှုန်း ၇၀ ရှိပြီး မြို့ပြဒေသ၌ နေထိုင်သူ ရာခိုင်နှုန်း ၃၀ ရှိသည်။

ရန်ကုန်တိုင်းဒေသကြီ၏ မြို့ပြတွင် နေထိုင်သူဦးရေသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြင့်မားဆုံးဖြစ်ပြီး ဒုတိယအများဆုံးဖြစ်သည့် ကချင်ပြည်နယ် (၃၆ ရာခိုင် နှုန်း) ထက် နှစ်ဆခန့်များပြားသည်ကို တွေ့ရကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

လူဦးရေသိပ်သည်းမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်) ဒေါက်တာရဲလင်းနိုင်က “ရန်ကုန်တိုင်းက အခြားပြည်နယ်တိုင်းနဲ့ယှဉ်ရင် လူနေထူထပ်တယ်။ လူဦးရေ သိပ်သည်းတဲ့အတွက် ရောဂါကူးစက်နှုန်း မြန်တယ်။ ဒီရောဂါကလည်း လူနေထူထပ်တဲ့နေရာမှာ ပို ကူးစက်နိုင်တယ်။ လေကတစ်ဆင့် ပြန့်တယ်။ ပြန့်ပြီးတော့ အသက်ရှူ လမ်းကြောင်းကတစ်ဆင့် ကူးစက် နိုင်တာဆိုတော့ လူတွေနီးကပ်နေရင် ပို ပြီး ကူးနိုင်တဲ့သဘောရှိတယ်။ မြို့ပြရဲ့ နေထိုင်မှုပုံစံအရ တိုက်ခန်း တွေမှာနေရတဲ့သူတွေများတယ်။ မိသားစုတစ်စုမှာ တုပ်ကွေးဖြစ်တဲ့ သူတစ်ယောက်ရှိရင် တစ်အိမ်လုံး ကူးတယ် ဆိုတာလည်း ဒါကြောင့်ပါ။ သေဆုံးမှုများတာကတော့ သေဆုံးတဲ့သူတွေ ကြည့်လိုက်ရင်အများစု ကတော့ ရောဂါအကြောင်းရင်းခံ တစ်ခုရှိနေတာ။ ဥပမာ ဆီးချိုရောဂါ၊ သွေးကင်ဆာ၊ နာတာရှည်အဆုတ် ရောဂါ။ အဲဒီလိုမျိုးတွဲနေရင် သေဆုံးတာ ပိုများတယ်။ H1N1 ကြီးပဲ သီးသန့်ဖြစ်တဲ့ Case ပြောမယ်ဆိုရင် နည်းနည်းပဲရှိသေးတယ်။ အချုပ်ပြောရရင် လူနေထူထပ်တော့ ကူးစက်နှုန်းမြန်ပြီး ရောဂါဖြစ်နှုန်းများတာပေါ့” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေအရေအတွက် များပြားခြင်း၊ သိပ်သည်းဆ မြင့်မားခြင်းနှင့်မြို့ပြ လူဦးရေအချိုးအစား မြင့်မားခြင်း တို့သည်အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ အလုပ်အကိုင်နှင့်လူမှုစီး ပွားရေး အခွင့်အလမ်းများအတွက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာမှုများကြောင့် ဖြစ်နိုင်သည်ဟု ပညာရှင်များက ဆိုသည်။

လူဦးရေများပြား၍ ဖြစ်ပေါ်လာနိုင်သည့် အလုပ်လက်မဲ့ ပြဿနာ၊ အိမ်ရာပြဿနာ၊ပတ်ဝန်း ကျင်သန့်ရှင်းမှုပြဿနာ၊ လူဦးရေထူထပ်မှု၊ အကြမ်းဖက်မှုများနှင့် အထွေထွေဒုစရိုက်မှုများ၊ လေထုညစ်ညမ်းမှု၊ သယ်ယူပို့ဆောင်ရေး နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် မူဝါဒများ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များ အရေးပေါ် ချမှတ်ရန်လိုအပ်ကြောင်း တွေ့ရှိရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်စံချိန်ကို ကျော်မှာလား     

“စောင့်ကြည့်လေ့လာမှုအရဆိုရင် အခုကတော့ ရန်ကုန်တိုင်းရဲ့ ဖြစ်တဲ့နှုန်းတွေက တက်တော့တက် နေဆဲဖြစ်နေဆဲပါ။ ရောဂါဖြစ်ပွားနှုန်းက ၂၁၀၇ ကို ကျော်သွားနိုင်လားဆို တာအတိအကျပြောလို့ မရသေးဘူး။ သူရဲ့ရာသီကာလ မကုန်သေးတဲ့အတွက် အချုပ်ကိုပြောလို့ မရသေးတာ။ ဒါကြောင့် စောင့်ကြည့်ရဦးမှာပါ။ ပိုဖြစ်လာနိုင်လား။ မဖြစ်နိုင်ဘူးလားဆိုတာ ပြောရခက်ပါတယ်။ ဒီရောဂါတွေရဲ့ သဘောတရားကလည်း တစ်နှစ်တစ်ခါ ဒါမှမဟုတ် တစ်နှစ်ခြား တစ်ခါလောက် ဖြစ်တာများတတ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှအဖွဲ့ ခေါင်းဆောင် (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်) ဒေါက်တာ ရဲလင်းနိုင်က ဆိုသည်။

Influenza A(H1N1) pdm 09 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေးရောဂါအနေဖြင့် နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး ယခုရာသီတွင် အိမ်နီးချင်းနိုင်ငံများ၌လည်း ဖြစ်ပွားနေသော ရောဂါတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၄၀၆ ဦးတွင်  Influenza A(H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၈ ဦး ရှိခဲ့သည်။ ပြီးခဲ့ သည့်၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးတွင် Influenza A (H1N1) pdm  09 ပိုးတွေ့ရှိကာ သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရာသီတုပ်ကွေးမှ မဟုတ်ဘူး။  ဘယ်ရောဂါမဆို ကိုယ်ခံအားနည်းတဲ့သူတွေမှာဖြစ်တတ်တယ်။ ကိုယ်ခံအားနည်းတဲ့သူဆိုတာ အသက်ငယ်တဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အသက်ငယ်တဲ့သူတွေ ကျတော့သူ တို့ခန္ဓာကိုယ်က ပြုပြင်တည်ဆောက်နေဆဲ ကာလဖြစ်တဲ့အတွက် သူ့မှာကိုယ်ခံအားက လူ ကြီးလောက် ခံနိုင်ရည်မရှိဘူး။ အသက်ကြီးလွန်းတဲ့သူမှာလည်း သူက နည်းနည်းဆုတ်ယုတ်လာတယ်။ ဆုတ်ယုတ်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ဖွဲ့ စည်းပုံတွေအကုန်ဆုတ်ယုတ်လာတဲ့အထဲမှာ ကိုယ်ခံအားလည်း တစ်ခု အပါအဝင်ပေါ့။ ဒါကြောင့် သာမန်လူလောက် ကိုယ်ခံအားစနစ် မကောင်းတော့ဘူး။ မကောင်းနိုင်တဲ့ကာလမှာ ရာသီတုပ်ကွေးဝင်သွားပြီဆိုရင် ခံရတာဟာ ပိုပြင်းထန်တယ်။ ဒါကြောင့် အသက်ကြီးလွန်းတဲ့သူတွေ အသက်ငယ်လွန်းတဲ့သူတွေ ပိုပြီး သေဆုံးတာကိုတွေ့ရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်) ဒေါက်တာရဲလင်းနိုင်က ပြော ကြားသည်။

ဇူလိုင် ၅ ရက်အထိ တစ်နိုင်ငံလုံး၌ ရာသီတုပ်ကွေး (Seasonal Influenza A(H1N1 2009) သံသယ လူနာ ၄၂၄ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၁၅၀၊ သေဆုံးသူ ၃၀ ရှိပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၁  ရက်မှ ဇူလိုင်  ၅ ရက်အထိ ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိမှု အခြေအနေအရ ရောဂါသံသယလူနာ ၄၂၄ ဦးတွင် Influenza A(H1N1) ပိုးတွေ့လူနာ ၁၂၃ ဦး၊ Influenza A(H3N2) ပိုးတွေ့ လူနာ ၁၆ ဦး၊ Influenza B ပိုးတွေ့လူ နာ ၁၁ ဦး၊ စုစုပေါင်း ၁၅၀ ရှိကြောင်းနှင့် သေဆုံးသူ ၃၀ အနက် နာတာရှည် ရောဂါအခံရှိသူ ၂၂ ဦး၊ ရောဂါ ကူးစက်ခံရပါက သေဆုံးနိုင်ခြေများသော အုပ်စု (အသက်အရွယ်ကြီးရင့်သူများ၊ အသက်အရွယ်ငယ်လွန်းသူများ) တွင် သုံးဦး၊ ရာသီတုပ်ကွေး ရောဂါဖြင့် သေဆုံးသူငါးဦး ရှိသည်ဟု ဆိုသည်။

သေဆုံးသူ ၃၀ ဦးကို လေ့လာဆန်းစစ်ချက်အရ အသက်အရွယ်ကြီးရင့်သူများ၊ အသက်အရွယ်ငယ် လွန်းသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ မွေးရာပါရောဂါစု များစသည့် နာတာရှည်ရောဂါအခံရှိ သူများတွင် သေဆုံးကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေး ပြဿနာဖြစ်ပွားနိုင်သော ကူးစက်ရောဂါများစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ ၂၀၀၅ နှင့်အညီ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တုပ်ကွေးဆန်သော ရောဂါလက္ခဏာ ဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ်မှစ၍ ဆေးရုံကြီးရှစ်ရုံတွင် ဆောင်ရွက်ခဲ့သည်။ ယခုနှစ်အတွင်း မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေး ရုံကြီး၊လှိုင်သာယာဆေးရုံကြီးနှင့် တိုင်းဒေသကြီးပြည်နယ်အဆင့် ဆေးရုံကြီးစုစုပေါင်း ၁၅ ခုတွင် ထပ် မံတိုးချဲ့ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ 

 

အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှု အခြေအနေ

မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၉၇၅၄၀ ရှိကာ ယင်းတို့အနက် တရုတ်နိုင်ငံက ၈၂၈၀၀ ဖြင့် ၈၄ ရာ ခိုင်နှုန်းကျော် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံက ၁၁၇ ဦးဖြင့် သုညရာခိုင်နှုန်း အောက်သာရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့်  အချက်အလက်များအရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လ ကုန်အထိ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဇုန်နိုင်ငံအချို့တွင် ရာသီ တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေအရ တရုတ်နိုင်ငံတွင် ဖြစ်ပွားသူ  ၈၂၈၀၀၊ အိန္ဒိယနိုင်ငံတွင် ၇၇၆၄ ဦး၊ ဘရာဇီးနိုင်ငံတွင် ၁၂၀၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၇၀၆ ဦး၊ ထိုင်းနိုင်ငံတွင် ၆၆၆ ဦး၊ မြန်မာ နိုင်ငံတွင် ၁၁၇ ဦး၊ သြစတြေးလျနိုင်ငံတွင် ၃၅၈၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၃၂ ဦး၊ လာအိုနိုင်ငံတွင် ၂၃၈ ဦး၊ နယူးဇီလန်နိုင်ငံတွင် ၃၂၃ ဦး တို့ဖြစ်ပွားမှုရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အထူးသဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာနှင့် ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့ အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တုပ်ကွေးဆန်သောရောဂါလက္ခဏာ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါပိုး ကူးစက်ဖြစ်ပွားမှုက မြန်မာနိုင်ငံမှာတင်မကဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖြစ်ပွားနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။  တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံကဖြစ်ပွားနှုန်း နည်းပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာဆို ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၈၀၀၀၀ ကျော်  အထိဖြစ်နေပါပြီ။ အခု ရာသီတုပ်ကွေးအမျိုးအစားတွေဖြစ်တဲ့ Influenza A(H1N1)၊ Influenza A(H3N2) ၊  Influenza B တွေက မြန်မာနိုင်ငံမှာတင်တွေ့ နေရတာမျိုး မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း ဖြစ်ပွားနေတာပါပဲ”  ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားနှုန်း များပြားနေခြင်းကြောင့် ပြည်သူလူထုစိုးရိမ်မှု မြင့်တက်နေပြီး ပြင်ပဆေးခန်းအချို့တွင် ရောဂါကာကွယ်ဆေးပြတ်လပ်မှုများပင် ကြုံတွေ့နေရသည်ဟု သိ ရသည်။

ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရောဂါကူးစက်လွယ်သော အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်အရွယ်ငယ်လွန်းသူများ(အသက်ခြောက်လမှ ငါးနှစ်)၊ အသက်အရွယ် ကြီးလွန်းသူများ(အသက် ၆၅ နှစ်အထက်)၊နာတာရှည်ရောဂါရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများတွင်သာ ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလော ရာသီတုပ်ကွေးရောဂါ ဖြစ်စဉ် နှင့်ပတ်သက်၍ ရာသီတုပ်ကွေးရောဂါ အပါအဝင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နိုင်ရန်လူနာဆောင်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ရောဂါဖြစ်ပွားလာပါက ထိရောက်စွာကုသခြင်းလုပ်ငန်း၊ရောဂါ စောင့်ကြပ်ကြည့် ရှုခြင်းလုပ်ငန်း၊ ဗဟိုနှင့်တိုင်းဒေသကြီး/ပြည်နယ်များအကြား ချိတ်ဆက်  ဆောင်ရွက် ခြင်းစသည်တို့ကို ဆောင်ရွက်လျက် ရှိသည်ဟု တရားဝင်ထုတ်ပြန်ကြေညာထားသည်။       

Most Read

Most Recent