အစိုးရ၊ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် မျှော်လင့်ရခက်သော အပစ်ရပ်သဘောတူညီမှု

အစိုးရ၊ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် မျှော်လင့်ရခက်သော အပစ်ရပ်သဘောတူညီမှု
 အစိုးရကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ ဇွန် ၃၀ ရက်တွင် မိုင်းလား၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ- Hla Maung Shwe Facebook)
အစိုးရကိုယ်စားလှယ်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ ဇွန် ၃၀ ရက်တွင် မိုင်းလား၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ- Hla Maung Shwe Facebook)
Published 7 July 2019
မင်းနိုင်စိုး

NLD အစိုးရအနေဖြင့် အစိုးရသစ်တာဝန် စတင်လွှဲပြောင်းရယူပြီးသည့်နောက် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ ဆောင်ရွက်ရသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးလာရေးအတွက် ကြိုးစားရခြင်းမှာလည်း အစိုးရ၏ အဓိက လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရသည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကို NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာတွင် ကနဦးအနေဖြင့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နှင့် အစိုးရတို့အကြား ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) ချုပ်ဆိုနိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။

အစိုးရကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့တို့မှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် မြောက်ပိုင်းအဖွဲ့များက ၎င်းတို့၏ အပစ်ရပ် စာချုပ်အဆိုပြုချက်မူကြမ်းများကို အစိုးရထံ ပေးအပ်ခဲ့သည်။

မြောက်ပိုင်းလေးဖွဲ့၏ ပဏာမ အပစ်ရပ် အဆိုပြုချက် မူကြမ်းတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲခြင်း၊ နှစ်ဖက်တပ်များ ပြန်လည်နေရာချထားခြင်း၊ NCA လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံရေးဆွေးနွေးမှုများကို NCA လက်မှတ်မထိုးရသေးသော မြောက်ပိုင်းခုနစ်ဖွဲ့စလုံးပါဝင်သည့် FPNCC နှင့် ဆွေးနွေးခြင်း၊ အပစ်ရပ်စောင့်ကြည့်ခြင်းကို နှစ်ဖက်ကိုယ်စားလှယ်များအပါအဝင် FPNCC နှင့် တရုတ်နိုင်ငံတို့ကို ပါဝင်စောင့်ကြည့်စေခြင်းတို့မှာ အဓိကအချက်များအဖြစ် ပါဝင်သည်။

FPNCC ဆိုသည်မှာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီဖြစ်ပြီး ယင်းကော်မတီကို “၀” အဖွဲ့ (UWSA)က ဦးဆောင်နေကာ အဆိုပါကော်မတီတွင် “၀” အဖွဲ့ (UWSA)နှင့်အတူ KIA, SSPP, NDAA, TNLA, AA တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

FPNCC ၏ ရည်ရွယ်ချက်မှာ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်စုတစ်ပေါင်းတည်း ဆွေးနွေးရန် ဖြစ်သော်လည်း အစိုးရကမူ FOBCC ကို တရားဝင် အသိအမှတ်ပြု လက်ခံဆွေးနွေးခြင်း မရှိပေ။

ဧပြီလကုန် မူဆယ်မြို့ တွေ့ဆုံဆွေးနွေးပွဲတွင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမည့်ရက်ကို မေလကုန်ပိုင်းတွင် ပြုလုပ်ရန် နှစ်ဖက်သဘောတူညီခဲ့ကြသော်လည်း တွေ့ဆုံမည့်နေရာ ညှိနှိုင်းရာတွင် နှစ်ဖက်သဘောတူညီမှု မရရှိသည့်အတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။

နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန်အတွက် အစိုးရက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမြို့တို့တွင် ပြုလုပ်ရန် အဆိုပြုခဲ့သော်လည်း မြောက်ပိုင်းလေးဖွဲ့ကမူ ပန်ဆန်း၊ တရုတ်နိုင်ငံ၊ ကူမင်းနှင့် မူဆယ်တို့တွင်ပြုလုပ်ရန် အဆိုပြုခဲ့သည်။

AA အဖွဲ့၏ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်ကြောင့် အစိုးရအဆိုပြုသောနေရာများတွင် တွေ့ဆုံပွဲပြုလုပ်ရန် ညှိနှိုင်းမှု အဆင်မပြေခြင်းများကြောင့် တွေ့ဆုံပွဲ နှောင့်နှေးကြန့်ကြာခဲ့သော်လည်း တပ်မတော်ကမူ AA အဖွဲ့၏ လုံခြုံရေးကို အာမခံကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ 

အကယ်၍ တွေ့ဆုံဆွေးနွေးဖြစ်ပါကလည်း မြောက်ပိုင်းလေးဖွဲ့၏ ပဏာမ အပစ်ရပ်စာချုပ်မူကြမ်းပါ အဆိုပြုချက်များအပေါ် တပ်မတော်ဘက်က လိုက်လျောပြီး သဘောတူညီမှုရရှိရန် ခက်ခဲမည်ဟု မေလ လယ်တွင် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောကြားသည်။

အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေသော်လည်း မေလကုန်ပိုင်းတွင် ပြုလုပ်ရန်သဘော တူထားသည့်တွေ့ဆုံပွဲမှာ ဇွန်လတတိယပတ်အထိ တွေ့ဆုံနိုင်ခြင်း မရှိပေ။

ဇွန်လကုန်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄)၊ မိုင်းလား၏ နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပခဲ့ပြီး အဆိုပါပွဲတော်သို့ အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်နှင့် PCG ကိုယ်စားလှယ်တို့လည်း တက်ရောက်ခဲ့ကြသည်။

အထူးဒေသ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲတော်တွင် အစိုးရကိုယ်စားလှယ်များနှင့် မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံရန်နှင့် အစိုးရဘက်ကပေးမည့် အပစ်ရပ်စာချုပ်မူကြမ်းကို လက်ခံရန် မစ္စတာဆွန်းကော့ရှန်က မြောက်ပိုင်းလေးဖွဲ့ကို တိုက်တွန်းခဲ့သည်ဟု ဗိုလ်မှူးချုပ် တားဘုန်းကျော်က ၎င်းအသုံးပြုနေသည့် ဖေ့စ်ဘွတ်အကောင့်တွင် ရေးသားခဲ့သည်။

အစိုးရ၏ ပဏာမအပစ်ရပ်စာချုပ် အဆိုပြုချက်မူကြမ်းတွင် မည်သည့်အချက်များ ပါဝင်သည်ကို အဓိကမထားဘဲ ယင်းအဆိုပြုချက်မူကြမ်းကို အကြောင်းပြုပြီး အထပ်ထပ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုရှိရန် လိုအပ်ကြောင်းကို မစ္စတာဆွန်းကော့ရှန်က အကြိမ်ကြိမ်ပြောခဲ့သည်ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ရေးသားသည်။

ထို့နောက် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် အစိုးရကိုယ်စားလှယ်များနှင့် မြောက်ပိုင်းလေးဖွဲ့ကိုယ်စားလှယ်များ မိုင်းလားတွင် အလွတ်သဘောတွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်အဖွဲ့က ၎င်းတို့၏ စာချုပ်မူကြမ်းကို မြောက်ပိုင်းလေးဖွဲ့ထံ ပေးအပ်ခဲ့သည်။

 

NMDAA ကို ဟုန်အိုင်းနယ်၊ TNLA ကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် AA ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)ထဲတွင်သာ ၎င်းတို့၏ တပ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားပါက တပ်မတော်၏ ဒေသအခြေစိုက်တပ်များမှလွဲ၍ အခြားသော စကခ တပ်များပြန်ဖယ်ပေးမည်ဟု အစိုးရ၏အဆိုပြုချက်မူကြမ်းတွင်ပါဝင်ကြောင်း ဗိုလ်မှူးချုပ်တားဘုန်းကျော်က ရေးသားသည်။

အစိုးရ၏ ယင်းအဆိုပြုချက်ကို ဆွေးနွေးသဘောတူပါက ရက်ပေါင်း ၉၀ အတွင်း မြောက်ပိုင်းလေးဖွဲ့တို့ NCA လက်မှတ်ရေးထိုးရေး ဆောင်ရွက်ကြမည်ဖြစ်ပြီး အဆိုပါအချက်များသည် အစိုးရ၏ ပဏာမ အပစ်ရပ်အဆိုပြုချက်မူကြမ်းတွင် ပါဝင်သော အဓိကအချက်များဖြစ်ကြောင်း ဗိုလ်မှူးချုပ်တားဘုန်းကျော်က ရေးသားဖော်ပြခဲ့သည်။

ထိုသို့ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်  မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်တို့ မိုင်းလားတွင် အလွတ်သဘော တွေ့ဆုံမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုတစ်ခုဖြစ်သည့်အပြင် တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း အစိုးရ၊ တပ်မတော်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်အချို့ရှိခဲ့သည့်အတွက် တပ်မတော်က ဇူလိုင် ၁ ရက်မှ သြဂုတ် လကုန်အထိ ၎င်း၏ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းကို နှစ်လထပ်မံတိုးမြှင့်ပေးခဲ့သည်။

တပ်မတော်အနေဖြင့် ရှမ်းမြောက်ဒေသအပါအဝင် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ ရပ်ဆိုင်းပေးခဲ့သည်။

ထို့နောက် မေ ၁ ရက်မှ ဇွန်လကုန်ပိုင်းအထိ တစ်ဖက်သတ်အပစ်ရပ်ကာလကို နှစ်လထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့သကဲ့သို့ ဇူလိုင် ၁ ရက်မှ သြဂုတ်လကုန်အထိလည်း နှစ်လသက်တမ်း တိုးမြှင့်ပေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း နိုင်ငံရေးဆွေးနွေးမှုများ ပိုမိုတိုးတက်အောင်၊ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရန် တပ်မတော်က တိုက်တွန်းခဲ့ပြီး တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကာလအတွင်း ယခုကဲ့သို့ သမိုင်းဝင်တစ်ဖက်သတ် အပစ်ရပ်ပေးခဲ့သည့်ကာလမျိုး မရှိခဲ့ဖူးကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော် တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ်နယ်မြေဖြစ်သည့် ရှမ်းမြောက်ဒေသတွင် တပ်မတော်နှင့် TNLA တို့  လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

ရှမ်းမြောက်ဒေသအတွင်းရှိ ကွတ်ခိုင်၊ လားရှိုးနှင့်မန်တုံမြို့နယ်တို့တွင် ဇူလိုင် ၁ ရက် မှ ၆ ရက်အတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲပေါင်း လေးကြိမ်ဖြစ်ပွားခဲ့သည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် သိန်းနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိနေသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ထိုင်းနိုင်ငံအတွင်းရှိ ကရင်နှင့်ကရင်နီတိုင်းရင်းသားအများစု နေထိုင်သည့် ဒုက္ခသည်စခန်းများ၌ ဒုက္ခသည်ပေါင်း ၉၇၀၀၀ ခန့်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ကချင်၊ တအန်းနှင့် ရှမ်း IDP ဦးရေ ၁၀၆၀၀၀ ခန့်ရှိကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင်လည်း ကရင်နှင့် မွန်တိုင်းရင်းသားအများစုဖြစ်သည့် IDP ဦးရေ  ၂၈၀၀၀၀ ခန့်ရှိနေသည်ဟု “အိမ်မလွမ်းသူ ဘယ်သူရှိမလဲ” ဟူသော အစီရင်ခံစာက ထုတ်ပြန်ထားသည်။

ယခု အစီရင်ခံစာပါ အချိန်ကာလ အပိုင်းအခြားအရ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားဒေသများ၌  ဖြစ်ပွားခဲ့သော တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများ၏ စာရင်းမှာ ပါဝင်ခြင်းမရှိပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ လေးသောင်းခန့်ကို ထည့်သွင်းတွက်ချက်ပါက ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ (IDP) များမှာ ငါးသိန်းကျော် ရှိမည်ဖြစ်သည်။

ထို့ကြောင့် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့တို့အကြား နိုင်ငံရေးဆွေးနွေးမှုရလဒ်များ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်ရန် လိုအပ်နေသေးသည်ကို တပ်မတော်နှင့် TNLA၊ AA တို့၏ တိုက်ပွဲများက မီးမောင်းထိုးပြနေသည်။

ယခုလ တတိယပတ်တွင် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြရန် မိုင်းလားတွင် ပြုလုပ်ခဲ့သော အလွတ်သဘောတွေ့ဆုံပွဲတွင် အစိုးရဘက်က အဆိုပြုထားပြီး အကယ်၍ တွေ့ဆုံပွဲ ဖြစ်မြောက်ပါက နှစ်ဖက်အပြန်အလှန် ပေးပို့ထားသော အပစ်ရပ်စာချုပ် အဆိုပြုချက်မူ ကြမ်းကို ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရ၏ အပစ်ရပ်အဆိုပြုချက်မူကြမ်းပါ အချက်များ ညှိနှိုင်းဆွေးနွေးသဘောတူပါက ရက်ပေါင်းကိုးဆယ်အတွင်း NCA လက်မှတ် ရေးထိုးရေး ဆောင်ရွက်ကြမည်ဖြစ်သော်လည်း ယင်းခြေအနေမှာ ခက်ခဲနေသည်။

ထိုသို့ ခက်ခဲရခြင်း၏ အဓိကအကြောင်းရင်းမှာ AA အဖွဲ့၏ နိုင်ငံရေးရည်မှန်းချက်က အဓိကအကြောင်းအရာတစ်ခုအဖြစ် ပါဝင်နေပြီး AA အဖွဲ့အနေဖြင့် ရခိုင်ပြည် နယ်ထဲတွင် ၎င်း၏တပ်ရင်းဌာနချုပ်များ အခြေစိုက်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။

တပ်မတော်ကမူ အဖြူရောင်နယ်မြေဖြစ်ခဲ့သော ရခိုင်ပြည်နယ်ထဲတွင် AA အဖွဲ့၏ တပ်ရင်းဌာနချုပ်များ အခြေချမည်ကို လိုလားခြင်းမရှိဘဲ ထိုသို့လိုလားခြင်းမရှိကြောင်းကိုလည်း တရားဝင်ဖွင့်ပြောထားသည်။

တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲများမှာ ရခိုင်ပြည်နယ်အတွင်း မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများ ရပ်တန့်ရေးအတွက် AA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့လာရန်လိုအပ်ပြီး အောက်ခြေတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပါက ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှည်ကြာနေလိမ့်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၅ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ လစဉ်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြား ခဲ့ခြင်းလည်းဖြစ်သည်။

“တိုက်ပွဲတွေရပ်ဖို့ကတော့ ကျွန်တော်တို့က စားပွဲဝိုင်းလာဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီမြောက်ပိုင်းလေးဖွဲ့နဲ့ Bilateral Ceasefire ရေးထိုးဖို့ လုပ်နေတယ်။ မူကြမ်းပေးထားပြီးပြီ။ မူကြမ်းအပေါ်မှာတော့ သူတို့ပြန်လာပြီးတော့ အမြန်ဆုံးတွေ့ပြီးတော့ Bilateral Ceasefire Agreement ရပြီဆိုရင် ရခိုင်မှာတိုက်ပွဲတွေ မဖြစ်တော့ဘူး” ဟု ဦး ဇော်ဌေးက ပြောသည်။

အစိုးရအနေဖြင့် မြန်မာပြည်၏ လွတ်လပ်ရေးနှင့် မရှေးမနှောင်း ပေါက်ဖွားလာခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် ဆန္ဒပြင်းပြနေသော်လည်း လက်ရှိ NCA စာချုပ်အရ ပုံမှန်လည်ပတ်ရမည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပင် စိန်ခေါ်မှုများ၊ တစ်ဆို့မှုများနှင့်ရင်ဆိုင်နေရသည်။

ထို့ကြောင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြားသော Bilateral Ceasefire Agreement မှာ လွယ်ကူစွာ ရနိုင်ဖွယ်ရှိသည့် အချက်မဟုတ်ဘဲ သဘောတူညီမှုရရှိရန်အတွက် အချိန်အတန်ကြာ ညှိနှိုင်းဆွေးနွေးရမည့် အနေအထားဖြစ်သည်။

သို့သော် ပြည်တွင်းစစ်မီးကြောင့် မြန်မာနိုင်ငံမှာ အခြားနိုင်ငံများထက် အစစအရာရာတွင် နိမ့်ကျနေသည်ကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးက သိရှိနေသည့်အတွက် အဆိုပါအခြေအနေကို လွန်မြောက်ရန် ဆွေးနွေးဖက်အားလုံးက ကြိုးစားရန်လို အပ်နေသည်။

လက်ရှိအစိုးရလက်ထက်တွင် ပြည်တွင်းစစ်မီးကို အဆုံးသတ်နိုင်မည်လား သို့မဟုတ် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင် ရေးဆောင်ရွက်နိုင်မည်လားဆိုသည်မှာ မကြာမီ ရောက်ရှိလာမည့် ဇူလိုင်တတိယပတ်တွင် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ဆုံပွဲကို အကဲခတ်နိုင်မည် ဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကို NCA တွင် ပါဝင်လက်မှတ်ရေးထိုးလာနိုင်အောင် ဆောင်ရွက်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင်မူ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကိုသာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်သေးသည်။

NLD အစိုးရအနေဖြင့် ၎င်း၏ အစိုးရသက်တမ်းအတွင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူများ ချမှတ်ပေးရန်လိုနေပြီး တပ်မတော်ကမူ ၂၀၂၀ တွင် ငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ်သို့ အပ်နှင်းလိုသည်ဟု ပြောကြားထားသည်။

ထို့ကြောင့် အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အကြား အထူးသဖြင့် စစ်ရေးအရ တင်းမာမှုရှိနေသည့် တပ်မတော်နှင့် TNLA, AA တို့အကြား Bilateral Ceasefire Agreement ရရှိအောင် အပေးအယူ၊ အလျှော့အတင်းပြုလုပ်၍ ငြိမ်းချမ်းရေးကို မည်သို့အရယူကြမည်ဆိုသည်ကို စောင့်ကြည့်ကြရမည်ဖြစ်သည်။                        

 

Most Read

Most Recent