တစ်နိုင်ငံလုံး၌ H1N1 သံသယလူနာ ၃၄၃ ဦးရှိပြီး စစ်ဆေးအတည်ပြုချက်အရ ရောဂါပိုးတွေ့ရှိသူ ၉၉ ဦးရှိကာ ဇူလိုင် ၁ ရက်အထိ သေဆုံးသူ ၂၁ ဦးရှိ

တစ်နိုင်ငံလုံး၌ H1N1 သံသယလူနာ ၃၄၃ ဦးရှိပြီး စစ်ဆေးအတည်ပြုချက်အရ ရောဂါပိုးတွေ့ရှိသူ ၉၉ ဦးရှိကာ ဇူလိုင် ၁ ရက်အထိ သေဆုံးသူ ၂၁ ဦးရှိ
Published 2 July 2019
ငြိမ်းငြိမ်းသူ

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေး (Seasonal Influenza A (H1N1 2009))သံသယလူနာ ၃၄၃ ဦးရှိပြီး စစ်ဆေးအတည်ပြုချက်အရ ရောဂါပိုးတွေ့ရှိသူ ၉၉ ဦးရှိကာ ဇူလိုင် ၁ ရက်အထိ သေဆုံးသူ ၂၁ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို ဇူလိုင် ၂ ရက်က ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းတွင် ပြုလုပ်သည့် SYMPOSIUM ON INFLUENZA UPDATE ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၂၁ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၈ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ နှစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ တစ်ဦးတို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တစ်နိုင်ငံလုံးမှာဆိုရင် H1N1 သံသယ လူနာက ၃၄၃ ယောက်ရှိတယ်။ ၉၉ ယောက်က ရောဂါပိုးတွေ့ရတယ်။ သေဆုံးသူကတော့ ဇူလိုင် ၁ ရက်အထိ ၂၁ ဦးရှိတယ်။ တစ်နိုင်ငံလုံးထဲကမှ ရန်ကုန်တိုင်းမှာ ရောဂါဖြစ်ပွားသူက ၆၉ ဦးဖြစ်ပြီးတော့ သေဆုံးသူက ၁၈ ဦး၊ စစ်ကိုင်းတိုင်းမှာတော့ လေးဦးပိုးတွေ့ရပြီးတော့ နှစ်ယောက်သေတယ်။ ဧရာဝတီတိုင်းကတော့ ငါးယောက်ပိုးတွေ့ပြီး တစ်ယောက်သေတယ်။ ဇွန်လက သေဆုံးမှု ပိုများတယ်” ဟု ၎င်းကပြောကြားသည်။

သေဆုံးသူများတွင် အသက်အရွယ်အားဖြင့် အသက်ခြောက်လအောက် ကလေးငယ်များနှင့် အသက်အရွယ်ကြီးသူများ အများဆုံး ဖြစ်ပွားခြင်းဖြစ်ပြီး အမျိုးသားများပို၍ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ က ရင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စ သည့်ဒေသများတွင် အဆိုပါရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုမတွေ့ရသေးကြောင်း သိရ သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေးရောဂါ Seasonal Infulenza A (H1N1) pdm 2009 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အပေါ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း၊ အကြံပြုချက်တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များသည့် ကာလများတွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ (SARI) လူနာများအား ရာသီတုပ်ကွေးရောဂါပိုး စစ်ဆေးပေးနိုင်ရန် Protocol များချမှတ်ဆောင်ရွက်ခြင်း၊ ဓာတ်ခွဲအတည်ပြု စစ်ဆေးခြင်းများကို SARI Surveillance ပြုလုပ်နေသည့် Sentinel Site ဆေးရုံများရှိ ပြင်ပလူနာဌာနများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (ILI Surveillance) ပါဆောင်ရွက်ခြင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနများ အနေဖြင့် Teleconferences များပုံမှန်ပြုလုပ် ဆောင်ရွက်ခြင်း၊ Hospital infection control committees မှဘဏ္ဍာငွေရရှိမှုနှင့်အညီ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်မှုလုပ်ငန်းများအား ဦးစားပေး သတ်မှတ်ခြင်း၊ National antibiotic stewardship Program ပေါ်ထွက်လာစေခြင်း၊ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး ဆေးရုံများ ပေါ်ထွက်လာစေရန် ဆောင်ရွက်ခြင်း၊ Hospital acquired infections များအတွက် စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် လုံခြုံစိတ်ချရသည့် ဓာတ်ခွဲခန်းများ တိုးမြှင့်တည်ဆောက်ခြင်းနှင့် ပဋိဇီဝဆေးဝါးများ ယဉ်ပါးမှု မဖြစ်စေရေးအတွက် အရေးကြီးလုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ သုတေသန လုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်သွားရန် ဦးစားပေး သတ်မှတ်ခြင်းများကို ပြုလုပ်ရန် အကြံပြုထားသည်။

ရာသီတုပ်ကွေးရောဂါသည် မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် ပိုမိုဖြစ်ပွား ကူးစက်တတ်ရာ ဝန်ကြီးဌာန အနေဖြင့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေး စီမံချက်ကို ရေးဆွဲ၍ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent