ရန်ကုန်တိုင်းအတွင်း ၄၅ မြို့နယ်တွင် လျှပ်စစ် ပျောက်ဆုံးယူနစ်တန်ဖိုး တစ်မြို့နယ်လျှင် လစဉ်ပျမ်းမျှ သိန်း ၃၀၀ ရှိပြီး နှစ်စဉ် ကျပ်သိန်း ၁၆၀,၀၀၀ ကျော် ဘဏ္ဍာငွေ ဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်တိုင်းအတွင်း ၄၅ မြို့နယ်တွင် လျှပ်စစ် ပျောက်ဆုံးယူနစ်တန်ဖိုး တစ်မြို့နယ်လျှင် လစဉ်ပျမ်းမျှ သိန်း ၃၀၀ ရှိပြီး နှစ်စဉ် ကျပ်သိန်း ၁၆၀,၀၀၀ ကျော် ဘဏ္ဍာငွေ ဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 2 July 2019
ပြည့်ဖြိုးအောင်၊  ဆန်းထူးအောင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်တွင် လျှပ်စစ် ပျောက်ဆုံးယူနစ်တန်ဖိုး တစ်မြို့နယ်လျှင် လစဉ်ပျမ်းမျှ သိန်း ၃၀၀ ရှိပြီး နှစ်စဉ် ကျပ်သိန်း ၁၆၀,၀၀၀ ကျော် ဘဏ္ဍာငွေများ ဆုံးရှုံးနေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

ဇူလိုင် ၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျောက်ဆုံး လျှပ်စစ်ယူနစ် (Losses) များနှင့် ပတ်သက်၍ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် မည်ကဲ့သို့ စနစ်တကျ စီမံချက်များ ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်းမေးမြန်းစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မီတာရဲ့ နည်းပညာ အားနည်းချက်၊ လူတွေရဲ့ အားနည်းချက်ကြောင့် မသမာမှုတွေ ဖြစ်ပေါ်လာရတာပါ။ ဒီမသမာမှုတွေကြောင့် လစဉ်၊ နှစ်စဉ် ဘဏ္ဍာငွေတွေ များစွာ ပျောက်ဆုံးလျက် ရှိနေပါတယ်။ ဥပမာအားဖြင့် လက်တွေ့ ရလဒ်တွေအရ ဒေါပုံမြို့နယ်မှာဆိုရင် Losses ပျောက်ဆုံးယူနစ် တန်ဖိုးဟာ တစ်လကို သိန်း ၂၈၀၊ ၂၉၀ ခန့်ရှိပြီး ပန်းဘဲတန်းမြို့နယ်မှာဆိုရင် တစ်လ သိန်း ၃၇၀၊ ၃၈၀ ခန့်ရှိတယ်လို့ စာရင်းဇယားအရ သေချာစွာ သိရှိရပါတယ်။ ဒါဆိုရင် ရန်ကုန်တိုင်း ၄၅ မြို့နယ်ကို တွက်ကြည့်လိုက်ရင် ပျမ်းမျှအရ ကျပ်သိန်း ၃၀၀ နဲ့ ၄၅ မြို့နယ် တွက်ကြည့်ရင် လစဉ် သိန်း ၁၃,၅၀၀ ကို ပျောက်ဆုံးယူနစ် တန်ဖိုး ဖြစ်နေပါတယ်။ ဒါဆိုရင် တစ်နှစ်ဆိုရင် သိန်း ၁၆၂,၀၀၀ ဖြစ်နေပါတယ်။ ဒါက ရန်ကုန်တိုင်း တစ်ခုတည်းမှာ ဆုံးရှုံးမှုတွေကို အကြမ်းဖျင်း တွက်ချက်ကြည့်တာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် မြောက်မြားလှစွာသော ဘဏ္ဍာငွေများ ဆုံးရှုံးနေမှာပါ”ဟု လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

ထို့ပြင် ပျောက်ဆုံး လျှပ်စစ်ယူနစ်များ ဖြစ်ပေါ်စေသည့်အချက် နှစ်ချက်ရှိပြီး စက်ကိရိယာ ရုပ်ဝတ္ထုပစ္စည်းနှင့် နည်းပညာကြောင့် ပျောက်ဆုံးမှုနှင့် လူကြောင့် ပျောက်ဆုံးမှုတို့ ရှိကြောင်း၊ စက်ကိရိယာကြောင့် ပျောက်ဆုံးမှုကို ထိန်းချုပ်ရန် မစွမ်းသာသော်လည်း လူကြောင့် ပျောက်ဆုံးမှုကို စနစ်တကျ စီမံချက်ချပြီး ဆောင်ရွက်ပါက ထိန်းချုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများ ပြန်လည် ရရှိမည်ဖြစ်ကြောင်း၊ လူကြောင့် ယူနစ် ပျောက်ဆုံးမှုများကို တာဝန်ရှိသူများက စနစ်တကျ ထိန်းသိမ်း ကြပ်မတ်၍ စီမံချက်ချပြီး မီတာဖတ်ခြင်း၊ မီတာပုံးများကို  စစ်ဆေးပြုပြင်ခြင်းနှင့် AMI (Advanced Metering Infacture) စနစ် Analog စနစ် မှ Digital စနစ်သို့ ပြောင်းလဲပြုခြင်းများတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်  ဦးရန်အောင်က ပြောကြားသည်။

လျှပ်စစ်ကို သုံးစွဲချင်တိုင်း သုံးစွဲပြီး ကျသင့်သလောက် မကျသင့်အောင် မီတာပုံးကို  ပြုပြင်ထိန်းချုပ်သည့် နည်း ၂၄ နည်းရှိပြီး လျှပ်စစ်ဓာတ် သုံးပါက သံလိုက်စက်ကွင်း ဖြစ်ပေါ်ပြီး လည်သင့်သလောက် မလည်အောင် သံလိုက်နှင့် မီတာပုံး၏ တစ်နေရာရာတွင် ကပ်ထားသည့်နည်း Regestation Counter ရှိနေသော ဘီးလုံး ပင်နယံများကို ကျောက်စက်ဖြင့် တိုက်စားထားခြင်း၊ ဂစ်တာကြိုး နံပါတ်တစ်ကြိုး အသေးဆုံးနှင့် Regestation Counter ကို အပေါက်ကြားထဲမှ ထိုးသွင်းကာ လှမ်းထောက်ခြင်း၊ အဆိုပါ ဂစ်တာကြိုးကို အိမ်အတွင်းမှ ကြိုးဖြင့် ချိတ်ဆက်ထားပြီး မီတာဖတ်လျှင် ကြိုးကို အိမ်အတွင်းမှ ဆွဲဖြုတ်ထားခြင်း စသည့်တို့ကို ပြုလုပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

“ဘယ်လောက်သုံးသုံး မီတာ ထိန်းသိမ်း စောင့်ရှောက်ခတွေက ၅၀၀ ကျပ်ပဲ ကျတာတို့ အများကြီးသုံးပြီး နည်းနည်းပဲ ကျတာတို့ ရှိနေပါတယ်။ ကျွန်တော့်မိတ်ဆွေ တချို့ဆီကိုလည်း မီတာခ ကျသင့်သလောက် မကျသင့်အောင် ပြုလုပ်ရန် လာရောက် ညှိနှိုင်းတဲ့ ဝန်ထမ်းအချို့တောင် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ မည်သူကိုမျှ နစ်နာစေလိုတဲ့ စိတ်ဆန္ဒမရှိဘဲ နိုင်ငံရေးအရ အဖြေရှာတင်ပြနေခြင်းသာ ဖြစ်ပါတယ်”ဟု ဦးရန်အောင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျောက်ဆုံး လျှပ်စစ်ယူနစ် (Losses) များနှင့် ပတ်သက်၍ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် ဘတ်ဂျက်ရရှိမှုအပေါ် မူတည်၍ လုပ်ငန်းစဉ် ၁၈ ချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“AMI စနစ်ကို ကျင့်သုံးနိုင်ပြီဆိုရင် မီတာတွေကို လူနဲ့ ပြောင်းလဲပြီးတော့ ခိုးယူသုံးစွဲတဲ့ ကိစ္စမျိုးတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီတာဖတ်ခြင်းကို Control Center ကနေ ဖတ်နိုင်တဲ့ အဆင့်အထိ သွားလိုက်ရင် ဒီကိစ္စတွေ ကျဆင်းသွားပြီးတော့ လွှတ်တော် ကိုယ်စားလှယ် ပြောထားတဲ့ ပျောက်ဆုံး လျှပ်စစ်ယူနစ်တွေ လေလွင့်ဆုံးရှုံးမှု နည်းပါးစေဖို့ ဒါအကောင်းဆုံးသော နည်းလမ်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။

ဇူလိုင်လမှ စတင်ကာ မီတာခများကို တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

 

Most Read

Most Recent