လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ကိုကျော်ဇင်ဝင်း၏နာရေး ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ကိုကျော်ဇင်ဝင်း၏နာရေး ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် ကိုကျော်ဇင်ဝင်း၏ နာရေးကို တွေ့ရစဉ်  (ဓာတ်ပုံ- လွင်မျိုးသူ)
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် ကိုကျော်ဇင်ဝင်း၏ နာရေးကို တွေ့ရစဉ် (ဓာတ်ပုံ- လွင်မျိုးသူ)
Published 26 June 2019
ဇော်မင်းနိုင်၊ လွင်မျိုးသူ

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုကြောင့် မိမိကိုယ်ကိုယ် သတ်သေခဲ့သည့် ကိုကျော်ဇင်ဝင်း၏နာရေး ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း Myanmar Imperial University ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုကျော်ဇင်ဝင်း၏ နာရေးအား ကျီစုသုသာန်တွင် ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ၎င်း၏ မိသားစုဝင်များ၊ LGBT ထောက်ခံသူများ အပါအဝင် စုစုပေါင်း လူ ၄၀၀ နီးပါးခန့် လိုက်ပါပို့ဆောင် ခဲ့ကြသည်ကို တွေ့ရသည်။

နာရေးတွင် ကိိုကျော်ဇင်ဝင်း သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် နာရေးလိုက်ပါသူများက နှစ်မိနစ် ငြိမ်သက်ခဲ့ကြပြီး ကိုကျော်ဇင်ဝင်းအား LGBT နှင့် ပတ်သက်ပြီး အာဇာနည်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

“ပြည်နယ်အသီးသီးက နိုင်ငံရဲ့ နေရာဒေသအနှံ့မှာ ရှိနေတဲ့လူတွေက LGBT အပေါ် စာနာစိတ်နဲ့ စုစည်းမိအောင် လုပ်ဆောင်ပေးခဲ့တဲ့ အတွက် မောင်ကျော်ဇင်ဝင်းကို သူသိသွားသည် ဖြစ်စေ၊ မသိသွားသည် ဖြစ်စေ ကျွန်မတို့က အာဇာနည်လို့ ဂုဏ်ပြုရင်းနဲ့ ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကို ပြရခြင်းဖြစ်ပါတယ်” ဟု LGBT အရေး တက်ကြွလှုပ်ရှားသူ မိတ်ကပ်အန်တီမင်းက ပြောကြားသည်။

ကိုကျော်ဇင်ဝင်းမှာ Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ် ပြီး ၎င်း၏နာရေးသို့ အဆိုပါ MIU မှတာဝန်ရှိသူများ လာရောက်ခဲ့သည်ကို တွေ့ရပြီး အမိန့်ပြန်တမ်း များကိုလည်း ဖတ်ကြားခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် ကိုကျော်ဇင်ဝင်းမှာ သာကေတမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိဘများနှင့်အတူ နေထိုင်ခြင်း မရှိဘဲ အဘွားဖြစ်သူနှင့်အတူ နေထိုင်ခြင်း ဖြစ်ကြောင်း၊ အဘွားဖြစ်သူအား စောင့်ရှောက်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သူ တစ်ဦးဖြစ်ကြောင်း ကိုကျော်ဇင်ဝင်းတို့ နေအိမ်အနီးတွင် နေထိုင်သူများက ပြောကြားသည်။

သေဆုံးခဲ့သည့် ကိုကျော်ဇင်ဝင်း၏ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်ကို တွေ့ရသည်။

သေဆုံးခဲ့သူ ကိုကျော်ဇင်ဝင်းမှာ ဆေးသောက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း လှောင်ပြောင်မှုများ ကြုံတွေ့ခဲ့ရပြီး ယင်းသို့သတ်သေ ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်များတွင် ရရှိသည့် အချက်အလက်များအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ အာဏာပိုင်များက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ချိန်တွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဖြေမထွက်သေးခင် စပ်ကြားတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူ သုံးဦးအား အလုပ်မှ ယာယီရပ်ဆိုင်းထားသည်ဟု Myanmar Imperial University က ဇွန် ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဇွန် ၂၆ ရက်တွင် မောင်ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်သူများအား တရားဥပဒေအတိုင်း စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် Myanmar Imperial University အုပ်ချုပ်ရေးအဖွဲ့က သာကေတမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ကလည်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း Myanmar Imperial University က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်စေရန်အတွက် ရဲတပ်ဖွဲ့သာမက မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း Myanmar Imperial University ကထုတ်ပြန်သည်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် ကိုကျော်ဇင်ဝင်း အလုပ်လုပ်ကိုင်ခဲ့သော Myanmar Imperial University မှာ စီးပွားရေး လုပ်ငန်းများအတွင်း ခေါင်းဆောင်မှု အရည်အသွေးများ၊ ဘဝတွင် အောင်မြင်လိုသူ လူငယ်များ၊ စီးပွားရေးနယ်ပယ်တွင် အောင်မြင်သည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တည်ထောင်လိုသူများ၊ MBA ဘွဲ့များကို သင်ကြားနေသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး အဆိုပါကျောင်း တည်ထောင်သူများမှာ ဦးဖြိုးမောင်မောင်နှင့် ဒေါ်ပို့ပို့ကြည်တို့ ဖြစ်ကြောင်း Myanmar Imperial University (MIU) ၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာထားချက်အရ သိရသည်။                            

 

Most Read

Most Recent