တေးသံရှင် တင်ဇာမော်နှင့် တွေ့ဆုံခြင်း

တေးသံရှင် တင်ဇာမော်နှင့် တွေ့ဆုံခြင်း
Published 25 June 2019
လင်းလင်းခိုင်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပရိသတ် စိတ်ဝင်စားအားပေးသည့် သီချင်းဆိုပြိုင်ပွဲ တစ်ခုဖြစ်သော Myanmar Idol ၏ Season 4 အတွက် လူတွေ့စစ်ဆေး ရွေးချယ်မှုများ စတင်ပြုလုပ်လျက်ရှိပြီဖြစ်ကာ စက်တင်ဘာလအတွင်း စတင်ထုတ်လွှင့်ပြသမည်ဖြစ်သည်။  ပြိုင်ပွဲကာလအတွင်း လှုပ်ခတ်သည့်ဝေဖန်မှု၊ အားပေးမှုများဖြင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လေ့ရှိသည့် Myanmar Idol ပြိုင်ပွဲ၏ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်မည့် တေးသံရှင် တင်ဇာမော်နှင့်တွေ့ဆုံကာ ပြိုင်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှု၊ ခံယူချက် နှင့်အမြင်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး- Myanmar Idol Season 4 မှာ အကဲဖြတ်ဒိုင်အဖြစ် ထပ်ပြီး ပါဝင်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။

ဖြေ- အစ်မက Myanmar Idol Season 2 နဲ့ 3  လျှောက်လှမ်းခဲ့ပြီဆိုတော့ အတွေ့အကြုံကောင်းတွေ ရှိနေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်ပါတယ်။ ကိုယ်တကယ် ၀ါသနာပါ တဲ့သီချင်းတွေနဲ့အတူ လုပ်ရတဲ့ အစီအစဉ်ဖြစ်တဲ့အပြင် ရှေ့မှာလည်း လုပ်ခဲ့ပြီးပြီ။ နောက်တစ်ခေါက်ထပ်လုပ်ဖို့ကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါတယ်။ သင်ယူစရာ ရှိတာတွေကိုလည်း သင်ယူချင်တယ်။ ကိုယ်တကယ်ချစ်တဲ့ သီချင်းတွေနဲ့လုပ်ရမယ့် အလုပ်ဖြစ်တဲ့အပြင် ကိုယ့်လိုပဲ ငယ်ငယ်ကတည်းက သီချင်းကိုဝါသနာပါတဲ့ အနုပညာရှင်အလောင်းအလျာတွေကို တွေ့ချင်တယ်။ သူတို့အတွက် အလုပ်လုပ်ပေးချင်သလို ကိုယ့်ကိုယ်ကိုယ်အတွက်လည်း အလုပ်လုပ်ချင်တယ်။ ဒါကြောင့် ပြန်ပြီးပါဝင်ဖို့ လက်ခံဖြစ်တာပါ။

 

မေး- ရှေ့မှာဖြတ်သန်းခဲ့တဲ့ Season နှစ်ခုလုံးမှာ တကယ်အရည်အချင်းရှိတဲ့ Talent တွေကို ရွေး ထုတ်နိုင်ခဲ့ပေမယ့် Challenge တွေ Stress တွေကတော့အများကြီးပဲလေ။ အဲဒါတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ- ပြင်ဆင်မယ်ဆိုရင်တော့ အရေးကြီးဆုံးကတော့ ပြိုင်ပွဲဝင်တွေရဲ့အဆင့်ဆင့်ယှဉ်ပြိုင်မှုကနေ Finalist အထိရောက်လာမယ့် သူတွေအတွက် သူတို့ရဲ့အသံပိုင်းဆိုင်ရာအရည်အချင်းတွေ၊ အနုပညာနဲ့ပတ်သက်လို့ လေ့လာသင်ကြားထားတဲ့၊ နောင်တစ်ချိန်မှာ ပိုပြီးတော်လာနိုင်တယ်လို့ ယူဆရတဲ့ပြိုင်ပွဲဝင်တွေကို ရွေးချယ်နိုင်ဖို့ နံပါတ်(၁)ထားပြီး ပြင်ဆင်ပါတယ်။ တကယ်ရွေးချယ်တဲ့အခါ အစ်မတို့မျှော်လင့်ထားတဲ့ ပြိုင်ပွဲဝင် တွေက မျှော်လင့်ထားတဲ့နေရာအထိ ပါလာမှာလား၊ မပါလာဘူးလား၊ ထပ်ပြီးသင်ပေးမှ အရမ်းတော်တဲ့ နေရာကိုရောက်လာမှာလား ဆိုတာတွေက လက်တွေ့ရွေးချယ်ခွင့်ရတဲ့အချိန်ရောက်မှပဲ သိရမှာပေါ့နော်။ အစ်မကတော့ ဆုတောင်းသလို မျှော်လင့်ပါတယ်။ တကယ်တော်တဲ့ ၀ါသနာရှင်တွေ ထွက်လာပြီး လာပြိုင် ကြပါစေလို့ဆုတောင်းတယ်။ အဲဒါမှလည်း အစ်မတို့ ရွေးချယ်ခွင့်ရမှာလေ။

 

မေး- တကယ်တော်တဲ့ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေကို Finalist အထိ ပါဝင်လာအောင် ရွေးချယ်ရာမှာ ဘယ်လောက်အထိ တာဝန်ကြီးတယ်လို့ ပြောလို့ရမလဲ။

ဖြေ- Finalist ထွက်လာဖို့က အရမ်းအရေးကြီးတယ်။ ဒိုင်တွေအားလုံး Stress အရဆုံးအချိန်က အဲဒီအချိန်ပါပဲ။ ပြိုင်ပွဲဝင် ထောင်သောင်းချီတဲ့အထဲကမှ ၁၀ ယောက် ၁၅  ယောက်လောက်ကို ပြန်ရွေးရတဲ့အခါ အဘက်ဘက်က ပြန်စဉ်းစားရတယ်။ ရှုထောင့်မျိုးစုံနဲ့ စဉ်းစားရတယ်။အားလုံးကို သေချာစဉ်းစားပြီးမှ ရွေးရတဲ့အခါ ကိုယ်တစ်ယောက်တည်းက ကြိုက်ပေမယ့် အများအမြင်မှာ လိုအပ်နေသေးတဲ့အခါ ဒိုင်တစ်ဦးတည်းအနေနဲ့ ရှေ့ကိုအများကြီးတိုးလို့မရ ဘူး။ အားလုံးရဲ့ဆုံးဖြတ်ချက်တွေနဲ့ ဒီအခွင့်အရေးတစ်ခုအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ပေးရတာ။ ကိုယ့်ရဲ့ပုဂ္ဂလိက ခံစားချက်နဲ့တော့မရဘူး။ ဒါပေမဲ့ကိုယ့်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာအရတော့ အမှတ်ပေးထားပြီးသား ဖြစ်တဲ့အတွက် Finalist တွေ အားလုံးက အရည်အချင်း ကိုယ်စီရှိပြီးသားဖြစ်သလို လိုအပ်ချက်တွေလည်းရှိကြတာပဲ။ ရည်ရွယ်တာတော့  တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နိုင်မယ့်၊ အရည်အချင်း ရှိမယ့်သူတွေကို ရွေးထုတ်နိုင်ဖို့ပါပဲ။

 

မေး- Live Show ယှဉ်ပြိုင်မှုအဆင့်မှာ ဒိုင်အနေနဲ့က ပြိုင်ပွဲဝင်ရဲ့လိုအပ်ချက်တွေကို ထောက်ပြဝေဖန်ခွင့်ပဲ ရှိတဲ့အခါ ပရိသတ်ရဲ့အမြင်နဲ့ ကိုယ့်ရဲ့အမြင် ကွဲလွဲတာမျိုးလည်းရှိနိုင်တော့ အဲဒီအပေါ် ဘယ်လိုစဉ်းစားထားလဲ။

ဖြေ-အဲဒါကတော့ဖြစ်မှာပဲ၊ ဖြစ်လာမှာပဲ။ ဖြစ်ဦးမှာပဲ။ အစ်မတို့ အနုပညာရှင်အချင်းချင်းတောင် စံထားပုံချင်း မတူဘူး။ ကိုယ့်ကိုယ်ကိုယ် နမူနာပြောရရင်အစ်မက Result တွေ အရမ်းကြိုက်တယ်။ အရမ်းလည်း ဆိုချင်တယ်။ ဒါပေမဲ့ သီချင်းတိုင်းက ကိုယ်နဲ့မလိုက်ဖက်ဘူးဆိုတာ  သိရမယ်။ သိမှဆုံးဖြတ်နိုင်မှာ။ အဲဒီလိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ဆိုတာလည်း မလွယ်ဘူး။ တစ်ခါတလေ ပရိသတ်နဲ့ သဘောထား မတူတာတွေလည်း ရှိလာနိုင်ပါတယ်။

 

မေး-အစ်မတို့ခေတ်က သီချင်းဆိုပြိုင်ပွဲနဲ့ ဒီဘက်ခေတ် သီချင်းဆိုပြိုင်ပွဲတွေရဲ့ ခြားနားချက်တွေဆိုရင်ရော။

ဖြေ- အစ်မတို့ခေတ်တုန်းက အခုခေတ်ပြိုင်ပွဲတွေလောက် စိန်ခေါ်မှု မပြင်းထန်ဘူး။ Winner ရလာတဲ့အချိန်ကျရင်လည်း ပုံစံချင်းမတူဘူး။ ပထမဆုရှင် ဖြစ်တာချင်းကတော့ အတူတူပဲ။ Winner တစ်ယောက်ရဲ့အခွင့်အရေး ရတာချင်းကတော့ ကွာခြားပါတယ်။ အခုခေတ်လူငယ်ဝါသနာရှင်တွေက အရမ်းကံကောင်းပါတယ်။ အနာခံမှ အသာစံရတယ်ဆိုတဲ့ စကားလုံးနဲ့လည်း သူတို့အလုပ်လုပ်နေရတာက ကိုက်ပါတယ်။ သီချင်းတစ်ပုဒ်ကောင်း ဆိုနေရုံနဲ့မရဘူး။  အပတ်စဉ်ဆိုတဲ့ Stress တွေက နည်းတာမှမဟုတ်တာ။ အစ်မတို့ အဆိုတော်တွေတောင် ရှိုးဆိုတော့မယ်ဆိုရင် ပင်ပန်းကြသေးတာလေ။ ဒါကြောင့် ပြိုင်ပွဲဝင်တွေကို ချီးမွမ်းပါတယ်။

 

မေး- အခုနှစ်မှာ ပြိုင်ပွဲဝင်တွေအနေနဲ့ Myanmar Idol မှာ ဆုရရုံတင် မဟုတ်ဘဲ American Idol မှာပါ ယှဉ်ပြိုင်ဖို့အထိ ရည်မှန်းထားတယ်ဆိုတော့ ပြိုင်ပွဲဝင်တွေအနေနဲ့ ဘာတွေ အဓိကပြင်ဆင်ထားသင့်လဲ။

ဖြေ- Myanmar Idol ခေါင်းစဉ်အောက်မှာတော့ မြန်မာသီချင်းတွေကို မြန်မာပရိသတ်တွေ အကောင်းဆုံးခံစားနိုင်အောင် ဖျော်ဖြေဖို့ပြင်ဆင်ထားပါ။ နောက်တစ်ဆင့်တက်လှမ်းရမှာ ကတော့ နိုင်ငံတကာထိ ဖြစ်တဲ့အတွက် နိုင်ငံတကာ သီချင်းတွေလည်းပြင်ဆင်ထားပါ။ ကိုယ့်ရဲ့မွေးကတည်းက ကြီးပြင်းလာတဲ့မြန်မာပြည်မှာ အကောင်းဆုံးဖျော်ဖြေနိုင်မယ်ဆိုရင် နိုင်ငံတကာကို တက်လှမ်းနိုင်ဖို့ လေ့လာရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့တော့ ကြိုပြီးလေ့လာထားပါ။

 

မေး- ဒီနှစ်ထဲမှာ အစ်မရဲ့ One Lady Show ကြည့်ခွင့်ရမလား။

ဖြေ- မသေချာသေးဘူး။ အစ်မစိတ်ထဲမှာ ရှစ်ခွေမြောက် အယ်လ်ဘမ်သစ်ကို ပရိသတ်တွေဆီ ပေးပို့ပြီးမှပဲ One Lady Show လုပ်မယ်လို့တော့ စိတ်ကူးထားတယ်။

 

မေး- ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ- Myanmar Idol Season 4 အတွက် တကယ်အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေ မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ အားပေးပါဦးလို့ပြောချင်ပါတယ်။                   

 

Most Read

Most Recent