နေရပ်စွန့်ခွာ ထွက်ပြေးသူများ၏ ဂုဏ်သိက္ခာရှိသော အိမ်ပြန်ချိန်

နေရပ်စွန့်ခွာ ထွက်ပြေးသူများ၏ ဂုဏ်သိက္ခာရှိသော အိမ်ပြန်ချိန်
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ယာယီတဲများ ဆောက်လုပ်နေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ယာယီတဲများ ဆောက်လုပ်နေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
Published 23 June 2019
မင်းနိုင်စိုး

(၁)

အစိုးရအနေဖြင့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူများ မူလနေရပ်တွင် ပြန်လည် အခြေချနေထိုင်ရေး သို့မဟုတ် နေရာအသစ် တစ်ခုတွင် ပြန်လည်နေရာချထား နိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

အဆိုပါ ကိစ္စသည် အစိုးရ၏ ဝန်ကြီးဌာနတစ်ခုဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ အဓိက လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် တစ်ရပ်တွင် ပါဝင်နေပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယင်းကိစ္စအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်။

သဘာဝဘေး အန္တရာယ်ကြောင့်သော် လည်းကောင်း၊ ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့်သော် လည်းကောင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိခဲ့သော်လည်း အဓိကအားဖြင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုကို ဖြစ်စေသည်မှာ ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ဆိုသည်ကို ငြင်းမရပေ။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် သိန်းနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိနေသည်။

 ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ထိုင်းနိုင်ငံအတွင်းရှိ ကရင်နှင့် ကရင်နီတိုင်းရင်းသားအများစု နေထိုင်သည့် ဒုက္ခသည် စခန်းများ၌ ဒုက္ခသည်ပေါင်း ၉၇၀၀၀ ခန့်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ကချင်၊ တအန်းနှင့် ရှမ်း IDP ဦးရေ ၁၀၆၀၀၀ ခန့် ရှိကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင်လည်း ကရင်နှင့် မွန်တိုင်းရင်းသား အများစုဖြစ်သည့် IDP ဦးရေ ၂၈၀၀၀၀ ခန့်ရှိနေသည်ဟု “အိမ်မလွမ်းသူ ဘယ်သူရှိမလဲ” ဟူသော အစီရင်ခံစာက ထုတ်ပြန်သည်။

ယခု အစီရင်ခံစာပါ အချိန်ကာလ အပိုင်းအခြားအရ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများ၏ စာရင်းမှာ ပါဝင်ခြင်း မရှိပေ။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ လေးသောင်းခန့်ကို ထည့်သွင်းတွက်ချက်ပါက ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ (IDP) များမှာ ငါးသိန်းကျော် ရှိမည်ဖြစ်သည်။

ဇူလိုင် ၂၀ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (IDP) များ နောက်ထပ်မပစ်ပယ်ခံရစေရေး အာမခံနိုင်ရန်အတွက် ၎င်းတို့အား တန်းတူအခွင့်အရေးရှိသော နိုင်ငံသားများအဖြစ် အသိအမှတ်ပြုကာ ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်အားလုံးတွင် လုံလောက်စွာ တိုင်ပင်ညှိနှိုင်းပြီး အပြည့်အဝ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ပေးရန် “အိမ်မလွမ်းသူ ဘယ်သူရှိမလဲ” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သော မြန်မာအရပ်ဘက် အဖွဲ့အစည်း ၁၅  ဖွဲ့က တောင်းဆိုခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ရန်ကုန်မြို့၌ ရှေ့ပြေး အသံအဖွဲ့နှင့်အတူ နေရပ်စွန့်ခွာသူများ ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသည့် ကချင်၊ ကရင်၊ မွန်၊ ကရင်နီ၊ ရှမ်း၊ တအန်း၊ ပအိုဝ်း အရပ်ဘက် အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများသည် အမျိုးသားနိုင်ငံရေးနှင့် မူဝါဒရေး ဆွဲချမှတ်ခြင်း ကိစ္စရပ်များတွင် ဖယ်ကြဉ်ခံနေရပြီး ၎င်းတို့သည် နိုင်ငံ၏ အစွန်အဖျား ဒေသများတွင် တည်ရှိနေကြသကဲ့သို့ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များတွင် အရေးမပါသည့် ကိစ္စရပ်တစ်ခု အဖြစ်သာ သဘောထား ခံနေရသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရနှင့် KHCC တို့က  ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသော်လည်း မူရင်းနေရပ်တွင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည့်အတွက် စစ်ရှောင်များမှာ စိတ်ဖိစီးမှုများ ခံစားနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး၏ အကြံပေးအဖွဲ့ဝင် မာရီယာဘောက်ဂျာက ပြောကြားသည်။

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် အစိုးရနှင့် KHCC တို့က ဆောင်ရွက်နေသော်လည်း တစ်ဖက်တွင် နိုင်ငံရေး အာမခံချက်မရှိခြင်းက တစ်ဖန်ပြန်လည် နေရပ်စွန့်ခွာနိုင်မှုအပေါ် သက်ရောက်မှုများ ရှိနေသည်ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ အတွင်းရှိ ဒုက္ခသည်စခန်းများ၊ ပြည်တွင်းရှိ IDP စခန်းများ၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ကူညီနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုပေးနေသော တိုင်းရင်းသား အဖွဲ့အစည်းများကို ပေးအပ်နေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမှုများ ကျဆင်းလာပြီး လာမည့်နှစ်များတွင် ပိုမိုဖြတ်တောက်ခံရမည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။

နိုင်ငံတကာ အလှူရှင်များ အနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူများအပေါ် လူသားချင်း စာနာမှုဆိုင်ရာ ရန်ပုံငွေများ လျှော့ချနေပြီး နေရပ်ပြန်ရေး အားပေးသည့် အခြေအနေများ ဖန်တီးမှုကို ဦးတည်ခြင်း၊ ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် ၎င်း၏ပုံစံကို ပုံဖော်ရာတွင် ထောက်ပံ့ခြင်းနှင့် ပြည်တွင်းရှိ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း ကိစ္စများကိုသာ ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့ ပေးနေသည်။

ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်နိုင်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သော်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးအတွက် သော်လည်းကောင်း အဆင်ပြေစွာ ရှင်သန်နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုသည် အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်ခန့် လိုအပ်သေးသည်ဟု KHCC က ယူဆထားသည်။

(၂)

မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီနည်းကျသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲမည့် မည်သည့်နိုင်ငံရေး ဖြစ်စဉ်တွင်မဆို နေရပ်စွန့်ခွာသူများ၏ ရည်မှန်းချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များသည် အဓိကကျသော အစိတ်အပိုင်း တစ်ခုအဖြစ် ပါရှိရမည်ဖြစ်ပြီး ၎င်းတို့၏ အရေးသည် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် မေ့လျော့ဘေးဖယ်ခံ ကိစ္စတစ်ခု မဖြစ်သင့်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ Paulo Sergio Pinheiro က ပြောကြားသည်။

“အိမ်မလွမ်းသူ ဘယ်သူရှိမလဲ” ဟူသော အစီရင်ခံစာတွင် Paulo Sergio Pinherio က အမှာစာ ရေးသားခဲ့ပြီး အဆိုပါ အမှာစာတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားထားခြင်းဖြစ်သည်။

နေရပ်စွန့်ခွာသူများ အနေဖြင့် ၎င်းတို့အတွက် အခွင့်အလမ်းများ မရှိဟု ခံစားရသောကြောင့် သို့မဟုတ် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို မယုံကြည်သဖြင့် လုံခြုံမှု မရှိဟု ခံစားရသောကြောင့် နေရပ်မပြန်ဟု ဆုံးဖြတ်ပါကလည်း ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်ပြီး ယင်းအချက်အတွက် မြန်မာအစိုးရ၊ လက်ခံထားသည့် အိမ်ရှင်နိုင်ငံများနှင့် အခြားသော ဒေသအာဏာပိုင်များတွင်သာမက နိုင်ငံတကာ အသိုင်းအဝိုင်းတွင်လည်း တာဝန်ရှိသည်ဟု Paulo Sergio Pinherio က ဆိုသည်။

လုံခြုံရေးကို အာမမခံနိုင်ရုံသာမက မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးချိန်တွင် လုံလောက်သည့် သတင်းအချက်အလက် ရရှိခြင်း မရှိဘဲ သို့မဟုတ် ရိက္ခာ သို့မဟုတ် မရှိမဖြစ် ဝန်ဆောင်မှုများကို ဖြတ်တောက်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ အတွင်းသို့ နေရပ်ပြန်ရန် တွန်းအား သို့မဟုတ် ဖိအားပေးခြင်းသည် ‘အတင်းအကျပ် နေရပ်ပြန်ပို့ခြင်း’ ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာ ရောက်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ဖြစ်လာခဲ့ပါက အတိတ်က အတွေ့အကြုံများတွင် တွေ့ခဲ့ရပြီးသည့်အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းများမှ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော ယုံကြည်မှုနှင့် ပေးအပ်ခဲ့သော ကူညီထောက်ပံ့မှုများသည် သဲထဲရေသွန်ဖြစ်ကာ ‘လုံခြုံမှုရှိရှိ ဂုဏ်သိက္ခာရှိရှိနှင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေး’ ဆိုသည့် အခြေခံမူများမှာလည်း လှောင်ပြောင်စရာ ဖြစ်သွားလိမ့်မည်ဟု ၎င်းကဆိုသည်။

အတင်းအကျပ် ပြန်မပို့ရေး အခြေခံမူကို နိုင်ငံများအားလုံး လိုက်နာရန် တာဝန်ရှိသည့် ဓလေ့ထုံးတမ်း ဥပဒေတစ်ခုအဖြစ် သတ်မှတ်ထားပြီး အတင်းအကျပ် ပြန်မပို့ရေး ဆိုသည်မှာ ဒုက္ခသည်များအတွက် အသက် သို့မဟုတ် လွတ်လပ်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ကြောက်ရွံ့နေရသည့် နိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းကို ဥပဒေဖြင့် တားမြစ်ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု “အိမ်မလွမ်းသူ ဘယ်သူရှိမလဲ”  အစီရင်ခံစာတွင် ဖော်ပြထားသည်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ လိုလားတောင့်တနေသော အရေးကြီးသည့် အချက်မှာ ၎င်းတို့၏ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုများ ပြန်လည်ဖြည့်ဆည်းပေးခြင်း အခွင့်အရေးများပင်ဖြစ်ပြီး ယင်းအခွင့်အရေးများကို ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုများ ပြန်လည် ဖြည့်ဆည်းပေးခြင်းဆိုင်ရာ ကုလသမဂ္ဂ၏ အခြေခံမူများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ဟု Paulo Sergio Pinherio က ဆိုသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံး အနေဖြင့် ထွက်ပြေးတိမ်းရှောင်ရသူ အသိုင်းအဝိုင်းများ ကိုယ်တိုင်ပါဝင်သည့် ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်ခြင်းဖြင့် ယင်းအခြေခံ အခွင့်အရေးများကို လေးစားလိုက်နာရမည်ဖြစ်ပြီး အဆိုပါ အချက်သည် ရေရှည်တည်တံ့သော အနာဂတ် နေရပ်ပြန်ရေးတိုင်း အတွက် အလွန်အရေးကြီးသကဲ့သို့ စစ်ပွဲများ အချိန်ကြာမြင့်စွာ ခံစားနေခဲ့ရသည့် ဒေသများ၏ ငြိမ်းချမ်းရေး အတွက်လည်း အလွန်အရေးကြီးကြောင်း Paulo Sergio Pinherio က ဆိုသည်။

ထို့ပြင် ဒုက္ခသည်များနှင့် IPD များ၏ ပြန်လည် ဖြည့်ဆည်းပေးခြင်းဆိုင်ရာ အခွင့်အရေးများ ရရှိရေး သေချာစေရန် ကာကွယ်ပေးခြင်းသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းဖြစ်ချိန်တွင် တရားမျှတမ လုပ်ငန်းစဉ်နှင့် တာဝန်ယူမှု တာဝန်ခံမှုသည် ဒုက္ခသည်များနှင့် IDP များ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် မရှိမဖြစ် အလွန်အရေးကြီးသော အချက်ဖြစ်ကြောင်း Paulo Sergio Pinherio က ပြောကြားသည်။

(၃)

“အစိုးရက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်း ပြောနေပြီး တိုင်းရင်းသားတချို့နဲ့ NCA ကို လက်မှတ်ထိုးထားပေမယ့်လည်း တစ်ဖက်မှာ စစ်အစိုးရက တချို့တိုင်းရင်းသား နယ်မြေတွေမှာ စစ်ဆင်ရေးတွေ လုပ်နေတုန်းပဲလေ။ အဲဒီတော့ ကျွန်မတို့အနေနဲ့ နေရပ်ပြန်ဖို့ စိတ်ချရပြီလို့ မထင်သေးဘူး” ဟု ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းမှ ကရင်နီ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပြောကြားချက်ကို “အိမ်မလွမ်းသူ ဘယ်သူရှိမလဲ” ဟူသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ် သို့မဟုတ် ကယားပြည်နယ်တွင် တပ်မတော်နှင့် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့အကြား NCA စာချုပ်တွင် သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ပစ်ခတ်တိုက်ခိုက်မှု နည်းသည့်အတွက် ဒေသတွင်း အခြေအနေမှာ အတန်ငယ် ငြိမ်သက်သည်ဟု ပြောနိုင်သည်။

သို့သော်လည်း ရှမ်းပြည်နယ်တွင်မူ NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် တပ်မတော်တို့သည် မဝေးသေးသော ကာလတစ်ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

ထို့ပြင် ရှမ်းမြောက်ဒေသတွင် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည့် အတွက် အကျိုးဆက်အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူများ ရှိခဲ့သည်။

လက်ရှိအချိန်မှာပင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြား ရှမ်းမြောက်ဒေသတွင် တိုက်ပွဲတချို့ ဖြစ်ပွားခဲ့သည့်အတွက် ခေတ္တနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ယခုအခါ ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ လေးသောင်းခန့်ရှိနေသည်။

ကရင်ပြည်နယ်တွင် တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ အကြား ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင် ဒုက္ခသည်စခန်းများရှိနေပြီး အဆိုပါ ဒုက္ခသည် စခန်းများတွင် သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိနေခြင်းမှာ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည်ဟု ယူဆစရာ ရှိနေသည်။

ထို့ကြောင့် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲပြီး နေရပ်စွန့်ခွာသူများ နေရပ်ပြန်ပို့၍ IDP စခန်းများ ပိတ်သိမ်းရန် ကြိုးစားဆောင်ရွက်နေသော်လည်း ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရသူများအတွက် ဂုဏ်သိက္ခာရှိသော အိမ်ပြန်မှုနှင့် တရားမျှတမှုတို့အတွက် အရပ်ဘက် အဖွဲ့အစည်းများ၏ တန်ပြန်မေးခွန်း ထုတ်မှုများကို ခံနေရသည်။

ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများ၏ မူလနေရပ်တွင် လုံခြုံစွာ အသက်ရှင်သန်နိုင်မှု၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လက်လှမ်းမီမှုများအတွက် အစိုးရက မည်သို့ဆောင်ရွက် ထားသည်ကို   သေချာစွာ ရှင်းလင်းချပြမှု မရှိဘဲ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေခြင်းသည် ဒုက္ခသည်များကို ဒုက္ခတွင်းထဲသို့ ပြန်လည် စေလွှတ်သည့် အဖြစ်မျိုး ရောက်သွားမည့် အခြေအနေကို IDP အရေးဆောင်ရွက်သူများက စိုးရိမ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တွင် အရိပ်မည်း တစ်ခုဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကြိုးစားနေကြသော်လည်း အဆိုပါ ကြိုးစားမှုများမှာ လက်ရှိအချိန်တွင်ပင် အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ကြုံနေရသည်။

မျှတမှုကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စုပေါင်းဆောင်ရွက်မှု ဖြစ်စဉ်တွင် တစ်ဆို့မှုများ ကြုံတွေ့နေရသကဲ့သို့ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးရေး ဆောင်ရွက်မှုမှာလည်း ထူးခြားသည့် အခြေအနေ မပြသေးပေ။

လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် တပ်မတော်က တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော်လည်း နိုင်ငံရေး ဆွေးနွေးမှုများမှာ ထင်သလောက် အရာမရောက်ဘဲ ရှိနေသည်။

နိုင်ငံရေးနှင့် လုံခြုံရေးအရ တည်ငြိမ်မှု မရှိသေးသည့် အချိန်တွင် အချိန်မရွေး ဖြစ်ပွားနိုင်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ အချိန်မရွေး ဖြစ်ပေါ်လာမည်သာ ဖြစ်သည်။

တပ်မတော် အပါအဝင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသည့် တိုင်းရင်းသားများအကြား သဘောထားကြီးမှု၊ နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေး ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးတို့ ချိန်ခွင်လျှာ ညှိမရသေးသမျှ နိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိနေဦးမည်ဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူများ၏ ဂုဏ်သိက္ခာရှိသော အိမ်ပြန်မှု၊ လုံခြုံစွာ အသက်ရှင်သန်မှု၊ တရားမျှတမှုရှိစွာ ဆက်ဆံခံရမှုတို့အတွက် အချိန်မည်မျှ ကြာရှည်အောင် စောင့်မျှော်ရဦးမည်နည်း။

နိုင်ငံရေးနှင့်လုံခြုံရေးတွင် တည်ငြိမ်မှုရှိပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရအနေဖြင့် ၎င်း၏လက်ကျန် အစိုးရ သက်တမ်းအတွင်း မည်မျှ ဆောင်ရွက်ပေးနိုင်မည် ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။                                  

 

Most Read

Most Recent