ရန်ကုန်တိုင်းရဲ့ လျာထားဘတ်ဂျက်နဲ့ လွှတ်တော်တွင်းက တိုက်ပွဲ

ရန်ကုန်တိုင်းရဲ့ လျာထားဘတ်ဂျက်နဲ့ လွှတ်တော်တွင်းက တိုက်ပွဲ
သုံးခွမြို့နယ်အတွင်း နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ မြင်းဇောင်းအား ရဲဝန်ထမ်း အိမ်ရာအဖြစ် အသုံးပြုထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ရန်အောင်)
သုံးခွမြို့နယ်အတွင်း နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ မြင်းဇောင်းအား ရဲဝန်ထမ်း အိမ်ရာအဖြစ် အသုံးပြုထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ရန်အောင်)
Published 16 June 2019
ဇော်မင်းနိုင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည့်တိုင်းအစိုးရအဖွဲ့၏ အသုံးစရိတ် ဘတ်ဂျက်များနှင့် ပတ်သက်ပြီး တင်သွင်းသည့်အခါတိုင်းတွင် ဝေဖန်မှုများနှင့် အမြဲကြုံ တွေ့နေသည်။

ဇွန် ၁၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရသုံး ခန့်မှန်းခြေငွေစာရင်းကို တင်သွင်းခဲ့သည်။

ယခုအကြိမ်တွင်လည်း အစဉ်အလာမပျက် ဝေဖန်မှုများနှင့် ထပ်မံ ကြုံတွေ့နေရသည်ကို တွေ့ရသည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၈၈ ဦးရှိသည့်အနက် ၃၃ ဦးက ဝင်ရောက်ဆွေးနွေးခဲ့သည်။ ဝင်ရောက်ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ်များ အနက်အများစုက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

 

ရဲရုံး၊ ရာဇဝတ်တရားရုံးနဲ့ကိုကိုးကျွန်းသင်္ဘောအတွက် တောင်းတဲ့ဘတ်ဂျက်

ယခုအကြိမ်တွင် တင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဘတ်ဂျက်၏ အငြင်းပွားစရာ ဖြစ်စဉ်များအနက် အထင်ရှားဆုံးဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရေး၊ အင်းစိန်အကျဉ်း ထောင်အနီးတွင် စုပေါင်းရာဇဝတ်တရားရုံး တည်ဆောက်ရေးနှင့် ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘော ဝယ်ယူရေးကိစ္စများဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရေးအတွက်  ကျပ်သန်း ၅၀၀၀ ကုန်ကျမည်ဖြစ်ပြီး အဆိုပါရုံးမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း ဆောက်လုပ်မည်ဖြစ်သည်။

အင်းစိန်အကျဉ်းထောင်အနီးတွင် ဆောက်လုပ်မည့်စုပေါင်း ရာဇဝတ်တရားရုံးမှာ ကျပ်သန်း ၆၀၀၀  ကုန်ကျမည်ဖြစ်သည်။ ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရေးအတွက်မှာလည်း ကျပ်သန်း ၅၀၀၀ ကုန်ကျမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းသုံးခုအတွက် ကျပ်သန်း ၁၆၀၀ ကုန်ကျမည် ဖြစ်သည်။

ယင်းကိစ္စသုံးခုစလုံးမှာ ယခင်က တင်သွင်းခဲ့သည့် RE ဘတ်ဂျက်များတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ တောင်းခံထားခြင်း ဖြစ်သည်။

အင်းစိန်အကျဉ်းထောင်တွင် ဆောက်လုပ်မည့် စုပေါင်းရာဇဝတ်တရားရုံးနှင့် ရန်ကုန်တိုင်းလွှတ် တော်ဝင်းအတွင်း တည်ဆောက်မည့် ရဲတပ်ဖွဲ့ရုံးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိပေးထားသည့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အကြောင်းပြချက်ပေးခဲ့သည်။

လွှတ်တော်ဝင်းအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အင်းစိန်ထောင်အတွင်းမှာ စု ပေါင်းရာဇဝတ်တရားရုံး ဆောက်လုပ်မယ့်ကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး ၂၀၁၂  ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေကို ကတိကဝတ်ပေးခဲ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးမှာ တရား ဥပဒေစိုးမိုးရေးသည် မဖြစ်မနေလိုအပ်ကြောင်း ကတိတစ်ခုအဖြစ်ပေးထားခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလိုပေးထားခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ ရဲတပ်ဖွဲ့ရုံးများ၊ စုပေါင်းတရားရုံးများ၊ ဥပဒေရုံးများနဲ့ အရေးကြီးတာက ထောင်ကို ပြန်လည်ပြုပြင်ဖို့ ကိစ္စရပ်များလည်း အားလုံးပါပါတယ်။ဒီကိစ္စဟာ တရားဥပဒေစိုးမိုးရေး  အထောက်အကူဖြစ်တဲ့လုပ်ငန်းကြီးဖြစ်တဲ့အတွက်၊ ကတိကဝတ်လည်းရှိနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ တည်ဆောက်ပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်ဟု ဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရသုံး ခန့်မှန်းခြေငွေစာရင်းတင်သွင်းရာတွင် ပြောကြားခဲ့သည်။

အလားတူ ကိုကိုးကျွန်းရှိ ပြည်သူများအတွက် သွားလာရေးအဆင်ပြေစေရေးနှင့် ဘဏ္ဍာငွေအလေ အလွင့်မဖြစ်စေရေးစသည့် အချက်များကြောင့် အင်မတန်အကျိုး ထိရောက်စေမည့် ကိစ္စတစ်ခုဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေ အခန်း (၈) တွင် ဖော်ပြထားတဲ့အတိုင်းပဲ နိုင်ငံသားများကို မူလ အခွင့်အရေးပေးဖို့ရှိရမယ်လို့ ဖော်ပြထားတဲ့အတိုင်းပဲ ကိုကိုးကျွန်း ပြည်သူများကို အခြားပြည်သူ များနည်းတူ ဘာမှခွဲခြားမှုမရှိဘဲနဲ့ တန်းတူအခွင့်အရေး ရရှိနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေးစီစဉ် ပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောဝယ်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီစဉ်ပေးခြင်းဖြစ်ပါတယ်။ လျာထားတဲ့ အသုံးစရိတ်များကလည်း ကိုကိုးကျွန်းနေ ပြည်သူများအတွက်သော်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာနေထိုင်ကြတဲ့ အခွန်ထမ်းများအတွက်သော်လည်းကောင်း အင်မတန် အကျိုးထိရောက်စေမယ့် ဆောင်ရွက်ချက်ဖြစ်တယ်လို့ ယူဆပါတယ်ဟု ဝန်ကြီး ဦးမြင့်သောင်း က ပြောကြားသည်။

 

နှစ်ပေါက်တစ်ပေါက် ရိုက်ခံရသလို ဖြစ်စေသလား

ယခုလွှတ်တော်တွင် တောင်းခံခဲ့သည့် ဘတ်ဂျက်မှာ ယခင်နှစ်က တောင်းခဲ့သည့် ဘတ်ဂျက်၏ အ ဆက်ဖြစ်သည်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ယခုနှစ်ဘတ်ဂျက်တွင်ပါဝင်လာသည့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး တည်ဆောက်မည့်ကိစ္စ၊ ကိုကိုး ကျွန်းသင်္ဘောကိစ္စနှင့် စုပေါင်းရာဇဝတ် တရားရုံးတည်ဆောက်မည့်ကိစ္စ များမှာ ယခင်နှစ်က တိုင်းလွှတ် တော်သို့တင်သွင်းခဲ့သည့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် One Line Figure ဖြင့်တင်သွင်းခဲ့သည့် ကိစ္စ များဖြစ်သည်ဟု ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ဆို သည်။

စာရင်းဇယားကိုအတိအကျ နဲ့ တင်ခဲ့တာမဟုတ်ဘူး။ လွှတ်တော်မှာ မေးတော့လည်း တိတိကျကျ ဖြေကြားပေးတာလည်းမရှိဘူး ဟု မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

ကိုကိုးကျွန်းအတွက် သင်္ဘောဝယ်ယူမည့်ကိစ္စကို ယခင်နှစ် ဘတ်ဂျက်တွင် ထည့်သွင်းခဲ့ခြင်းကြောင့် ယခင်နှစ်က ကန့်ကွက်ခဲ့သော်လည်း ယခုနှစ်တွင် ထပ်မံတင်သွင်းခဲ့သည်ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ပထမ RE  ဘတ်ဂျက်တုန်းက ကျပ်သန်း ၅၀၀ တင်ခဲ့တယ်။ ကျွန်တော်တို့ ကန့်ကွက်ခဲ့ပါတယ်။ အခု ကျပ်သန်း ၅၀၀၀ ထပ်တင်တယ်။ ဒီနေရာမှာ ထပ်ပြီး ကန့်ကွက်ရင် နောက် ၅၀၀၀၀ ထပ် တင်မယ်ထင်တယ် ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အလားတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရှင်းလင်းချက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး အဆောက်အအုံ သစ်ဆောက်လုပ်ခြင်းဆိုသည့် စာသားတစ်ကြောင်းသာပါပြီး မည်သည့်နေရာတွင် ဆောက်လုပ်မည်၊ မည်သည့်ပုံစံရှိသည်များကို အသေးစိတ် ရှင်းလင်းထားခြင်းမရှိ ချေ။ ယခင်နှစ်က တောင်းခံထားသည့် ဘတ်ဂျက်မှာ ကျပ်သန်း ၂၀၀၀ တောင်းခံထားသည်။         

ထို့ပြင် အင်းစိန်အကျဉ်းအနီးတွင် ဆောက်လုပ်မည့် ရာဇဝတ်စုပေါင်း တရားရုံးအတွက်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ရှင်းလင်းချက်တွင် ခေါင်းစဉ်တစ်မျိုးဖြင့် တင်သွင်းထားသည်ကို တွေ့ရသည်။

အဆိုပါခေါင်းစဉ်မှာ တရားရုံး ဆောက်လုပ်ရန်အတွက် တောင်းခံခြင်းဖြစ်သည်ဟု ရေးသားထားခြင်း မရှိဘဲ အကျဉ်းထောင်မြေစမ်းသပ်ခ၊ ဒီဇိုင်းဆွဲခြင်းနှင့် မြေသားပြုပြင် ခြင်းဟုဆိုကာ ကျပ် ၁၆၆၄  သန်း တောင်းခံထားသည်ကို တွေ့ရသည်။

စုပေါင်းရာဇဝတ်တရားရုံး (အင်းစိန်) တည်ဆောက်ဖို့အတွက် ကျပ်သန်း ၆၀၀၀ တောင်းခံထားပြီးတော့ မနှစ်က တောင်းခံထားတဲ့ ကျပ် ၁၆၆ သန်း လုပ်ငန်းတွေကိုတောင် ပြီးပြတ်အောင် ဆောင်ရွက်ထားခြင်း မရှိသေးတဲ့အတွက် အသေးစိတ်တွက်ချက်မှု လုံးဝမပါဘဲ နဲ့ ခန့်မှန်းတွက်ချက်မှုတစ်ခုတည်း နဲ့သာ သန်း ၆၀၀၀ တင်ပြတောင်းခံထားမှုကို ပြန်လည်သုံးသပ်သင့်ပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောကြားသည်။

ယင်းသို့ ဘတ်ဂျက်တွင် အ သေးစိတ်ရှင်းလင်းခြင်းမရှိဘဲ အ သုံးစရိတ်များ တောင်းခံခြင်းမှာ လွှတ်တော်ကို လေးစားမှုမရှိခြင်း ပင်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

စုပေါင်း တရားရုံးကိစ္စနဲ့ လွှတ်တော်ထဲဆောက်မယ့် ရဲတပ်ဖွဲ့မှူးရုံးခန်းအတွက် ၁ ဒသမ ၁ ဘီလျံ ထပ်တောင်းတာကို ကိုယ်စားလှယ်တွေ ကန့်ကွက်နေတာနဲ့ပတ်သက်ပြီး အရင်နှစ်က ပိုက်ဆံတွေ ခွင့်ပြု ထားပြီး အခုမှ ကန့်ကွက်နေတယ်ဆိုတဲ့အသံမျိုး ကြားလာရတယ်။ အရင်နှစ်က စုပေါင်း တရားရုံးအတွက် ၁၆၆၆ ဒသမ ၄၀ သန်း ခွင့်ပြုပေးလိုက်ပေမဲ့ တောင်းတာက အကျဉ်းထောင်မြေစမ်းသပ်ခ၊ ဒီဇိုင်းဆွဲခြင်းနှင့် မြေသားပြုပြင်ခြင်းလို့ပဲ ရေးထားတယ်။ (စုပေါင်း တရားရုံးလို့မပါ) ရဲတပ်ဖွဲ့မှူးရုံးအတွက်ကိုလည်း ၂၀၀၀ သန်းခွင့် ပြုပေးလိုက်ပေမယ့် တောင်းတာက ပုံမှာ ပြထားသလိုပဲ လွှတ်တော်ဝင်းထဲ ဆောက်မယ်လို့လည်းမပါ၊ ပထမအဆင့်တောင်းခံခြင်းလို့လည်း မပါခဲ့တာကိုတွေ့ရပါမယ်။ ဒါကို ကြည့်ရင် ကိုယ်စားလှယ်တွေ ဒီနှစ်မှ ဘာလို့ ထကန့်ကွက်ကြသလဲဆိုတာကို မြင် နိုင်ပါလိမ့်မယ်။ အဲဒီလိုပဲ လွှတ်တော်ကို လေးစားမှုမရှိဘဲ One Line Figure တစ်ကြောင်းတည်းရေးစနစ်နဲ့ ဘတ်ဂျက်တွေ ဘယ်လို တင်တောင်းနေတယ်ဆို တာကိုလည်း မြင်နိုင်ပါလိမ့်မယ် ဟု ဦးနေဘုန်းလတ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးနေဘုန်းလတ်အား ထပ်မံမေးမြန်းရာတွင် “အစောကတည်းက တိတိကျကျလည်း မတောင်းဘူး။ ဂရုမစိုက်တဲ့ ပုံစံမျိုးဖြစ်နေတာပေါ့ ဟု ဦးနေဘုန်းလတ်က ပြောကြား သည်။

လွှတ်တော်ကိုယ်စားလှယ်များက တောင်းခံသည့်အခါတိုင်းတွင် စည်းစနစ်ကျနစွာ တောင်းခံ ခြင်းဖြစ်သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ရဲရုံးနှင့် ရာဇဝတ်ရုံးအတွက် တောင်းခံမှုပုံစံကို မည်သို့ မျှ လက်ခံနိုင်စရာမရှိကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်က ပြော ကြားသည်။

ဒီလောက်ချွေတာနေရတဲ့ အချိန်၊ အခြေခံလိုအပ်ချက်တွေ အများကြီးရှိနေတဲ့အချိန်မှာ ဒီလိုငွေ ပမာဏကို အလွယ်တကူ သုံးစွဲတာကတော့ ငွေစာရင်းကော်မတီရဲ့ အကြံပြုသုံးသပ်ချက်အတိုင်း သုံး သပ် အကြံပြုလိုပါတယ်။ တည့်တည့်ပြောရရင် ကိုကိုးကျွန်းသင်္ဘော ဝယ်ယူမယ့် ကျပ်ငါးဘီလျံကို ကန့်ကွက်ပါတယ် ဟု ဦးသာအောင်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းတစ်ခုလုံးတွင် အသုံးပြုမည့်ငွေစာရင်းကို လွှတ်တော်၌ ကိုယ်စားလှယ်များ မဆွေးနွေးမီ သုံးရက်ခန့်အလိုမှသာ ကိုယ်စားလှယ်များ လက်ဝယ်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ယင်းသို့လုပ်ဆောင်မှုမှာ ရေးဆွဲထားသည့် ဘတ်ဂျက်ကို လေ့လာရန် အချိန်မလောက်ခြင်း၊ သေ ချာစစ်ဆေးမှုမပြုနိုင်ခြင်း စသည့် အခက်အခဲများကို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ ကြုံ တွေ့ခဲ့ရသည်။

လွှတ်တော်အစည်းအဝေးကို   ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ဇွန် ၁၂ ရက်တွင် အဆိုပါဘတ်ဂျက်အား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ရခြင်းဖြစ်သည်။

ဘတ်ဂျက်ဆွေးနွေးတိုင်းလည်းပြောတယ်။ ဘတ်ဂျက်ရော၊ စီမံကိန်းတွေရော အဲဒီလိုမျိုး ခဏခဏဖြစ်တယ်။ ဘတ်ဂျက်စာအုပ် ကို ဇွန် ၉ ရက်က အိမ်ကိုလာပေးတယ်။ ဒါပေမဲ့ အသေအလဲကြည့်ရတယ်။ စာအုပ်က အုပ် ၂၀ လောက် ရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာဘတ်ဂျက်ကိုပဲ အသည်းအသန် ကြည့်လိုက်ရ တယ်။ ဒါတွေကို အမြန်စစ်လိုက်ရတယ်။ အဲဒါ အခက်အခဲလုံးဝဖြစ်တယ်။ ဦးတို့ဆီမှာ ဝန်ထမ်းမရှိတဲ့အတွက် ဒီစာအုပ်တွေကို ဖတ်ခိုင်းဖို့ လူလည်း မရှိဘူး။ သူတို့ရှင်းလင်းချက်တွေက လုံးရှင်းထားတာတွေ ရှိတယ် ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

လွှတ်တော်စတင်ချိန်ထက် နှစ်ရက်သုံးရက်သာ အချိန်ရသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စာရင်းကို သေသေချာချာ စစ်ဆေးနိုင်မှုမရှိခြင်း၊ တောင်းဆိုထားသည့် ဌာနအတွက် အမှန် တကယ်လိုအပ်သည့် အရာများ ဖြစ် မဖြစ် ဆိုသည်ကို စိစစ်နိုင်မှုမရှိခြင်း စသည့်အခက်အခဲများမှာ ရန်ကုန် တိုင်း လွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် အခြေအနေ ဖြစ်သည်။ ယင်းဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တာဝန်စယူသည့်အချိန်မှစ၍ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များမှာ တက်သုတ်ရိုက်စိစစ်နေရ ခြင်းဖြစ်သည်။

အခက်အခဲကတော့ သေးသေးမွှားမွှားကအစ မစစ်နိုင်တော့ တာရယ်၊ တောင်းဆိုတဲ့ဌာနက တ ကယ်လိုလား၊ မလိုလားမစိစစ်နိုင်တော့ဘူး ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး သန်းနိုင်ဦးက ပြောကြားသည်။

စုပေါင်းတရားရုံး ကိစ္စနဲ့ လွှတ်တော်ထဲဆောက်မယ့် ရဲတပ်ဖွဲ့မှူး ရုံးခန်းအတွက် ၁ ဒသမ ၁ ဘီလျံ ထပ်တောင်းတာကို

ကိုယ်စားလှယ်တွေ ကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး အရင်နှစ်က ပိုက်ဆံတွေခွင့်ပြုထားပြီး အခုမှ ကန့်ကွက်နေတယ်ဆိုတဲ့အသံမျိုး ကြားလာရတယ်။

အရင်နှစ်က စုပေါင်း တရားရုံးအတွက် ၁၆၆၆ ဒသမ ၄၀ သန်း ခွင့်ပြုပေးလိုက်ပေမဲ့ တောင်းတာက  . . .

ရဲတပ်ဖွဲ့မှူးရုံး အမှန်တကယ် လိုအပ်နေပြီလား

ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လျာထားချက်တွင် ပါ ဝင်သည့် အဆိုပါလုပ်ငန်းစဉ် သုံးခုမှာ မဖြစ်သင့်သည့် အခြေအနေ ဖြစ်သဖြင့် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်လျက်ရှိသည်ကို တွေ့ရသည်။

ရဲဝန်ထမ်းများအတွက် လိုအပ်ထောက်ပံ့မှုများ ပေးနိုင်ခြင်းမရှိသေးသည့်အခြေအနေတွင် ယင်းသို့ ရဲတပ်ဖွဲ့ရုံးတည်ဆောက်ရန် စီစဉ်မှုမှာ မဖြစ်သင့်သည့်အခြေအနေ တစ်ခုဖြစ်သည်ဟု မင်္ဂလာ တောင်ညွန့်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။

ဦးရန်အောင်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဝင်တစ်ဦးဖြစ်သည်။

အဆိုပါကော်မတီအနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများ၊ ရဲအိမ်ရာများ၊ အကျဉ်းထောင်နှင့် ရဲအချုပ်များကို လိုက်လံကြည့်ရှု၍ လိုအပ်ချက်များကို ဝေဖန်ထောက်ပြနေသည့် ကော်မတီတစ်ခုလည်း ဖြစ် သည်။

ဝန်ကြီးက လွှတ်တော်မှာ ပြောသွားတယ်။ တရားဥပဒေစိုးမိုးရေးအတွက် လုပ်တာတဲ့။ ဒီရုံးဆောက်မှ တရားဥပဒေစိုးမိုးမှာ မဟုတ်ဘူး။ အခုလက်ရှိ ရဲတပ်ဖွဲ့တွေ နေနေရတဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲပေးမှရမယ်။ ရဲလိုင်းခန်းတွေကို သွားကြည့်ခဲ့တာ အင်္ဂလိပ်လက်ထက်က မြင်းဇောင်းလုပ် ထားတဲ့နေရာမှာနေရတဲ့ ရဲဝန်ထမ်းအိမ်ရာတောင်ရှိတယ်။ အခုထိဘာမှ မပြောင်းလဲသေးဘူး။ ရဲတစ် ယောက်က တာဝန်ထမ်းဆောင်ပြီး ရင် သူနေတဲ့နေရာလေးတော့ စိတ်ချမ်းချမ်းသာသာလေး နေစေ့ချင်တယ်။ တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့အချိန် အောက်မှာရေက အဖွေးသား၊ အပေါ်က အမိုးက ရေ ယိုနေတယ်ဆိုရင် သူတို့အတွက် စိတ်ပျက်စရာ အခြေအနေတစ်ခုပဲ။ အစ်ကိုတို့ သွားကြည့် သွားစစ် တဲ့နေရာတွေ အကုန်လုံးနီးပါးက ဒီလို ဖြစ်နေတာ အများစုပဲ ဟု ဦးရန်အောင်က ပြောကြားသည်။

တိုင်းလွှတ်တော်ဝင်းအတွင်း ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရန် စီစဉ်မှုကို  ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်ရသည့်အကြောင်းရင်းမှာ ရဲ တပ်ဖွဲ့အတွက် ဖြည့်ဆည်းပေးရန် လိုအပ် ချက်များစွာ ရှိနေသည့်အချိန်တွင် ကျပ်သန်း ၅၀၀၀ အနည်းဆုံးကုန် ကျမည့်စီမံကိန်းကို မလုပ်စေလို ခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေးအတွက် အဓိကမောင်းနှင်အားတွေ ဖြစ်တဲ့ ရဲဝန်ထမ်းတွေရဲ့အိမ်ရာတွေ ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်တဲ့အခါမှာ အရမ်းအံ့သြ သွားတယ်။ စိတ်ထဲလည်း တော်တော် မကောင်းဖြစ်တယ်။ ခေတ်အဆက် ဆက်ပုံရိပ်တွေ ကျဆင်းခဲ့ရတယ်။ ကျွန်တော်တို့လည်း ရဲအရာရှိတွေနဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့လည်း ၀ိုင်းပြီးတော့ ကြိုးစားဆောင်ရွက်ပေးမယ်ဆိုတာလည်း ပြောခဲ့တယ်။ ကျွန်တော်တို့က မပြည့်မစုံဘဲနဲ့ တရားဥပဒေစိုးမိုးရေးကို အတင်းအကျပ်ခိုင်းလို့မရဘူး ဟု ဦးရန်အောင်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း တည်ဆောက်မည်ဆိုသည့် ကိစ္စမှာလည်း အရပ်သားအစိုးရတက်လာသည့် အချိန်တွင် အကောင်အထည်ပေါ် လာမည်ဆိုပါက မည်သည့်အ ကြောင်းပြချက်နှင့်မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက တညီတညွတ်တည်း ပြောကြားသည်။

ဘယ်လိုမှ လက်ခံနိုင်တဲ့အရာမဟုတ်ဘူး ဟု ဦးရန်အောင်က ပြောကြားသည်။

လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေး မဏ္ဍိုင်တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်မှာလည်း ယှဉ်တွဲရှိနေခြင်းမှာ လက်မခံနိုင်သည့်အခြေအနေမျိုးလည်း ဖြစ်နေသည်ဟု ဦးရန်အောင်က ဆက်လက်ပြောကြားသည်။

လွှတ်တော်ဝင်းထဲမှာ အခုလည်း ရဲတပ်ဖွဲ့တွေရှိတယ်ဆိုပေမယ့် အခုတည်ဆောက်မည့် အခြေ အနေအရဆိုရင် မရှိသင့်တဲ့နေရာမှာ အင်အားအလွန်အကျွံချထားမှာပဲ။ အဲဒီအချိန်ကျရင် မနေပါနဲ့ ဆိုပြီး သွားပြောလို့လည်းမရဘူး။ ရုံးက ဆောက်ပြီးသွားပြီကိုး။ အဲဒါကြောင့် ဒီရုံးဆောက်မည့်အစီအစဉ်ကတော့ နေရာကိုလည်း ကန့်ကွက်တယ်။ ငွေရေးကြေးရေးကိုလည်း ကန့်ကွက်တယ်။ ပြည်ထဲရေးရဲ့ မြေနေရာတွေ အများကြီးပါ ဟု ဦးရန်အောင်က ဆိုသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း “တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်မယ်ဆိုရင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို လွှတ်တော်ဝင်းအတွင်းမှာ မဟုတ်ဘဲ အခြားသော ပြည်ထဲ ရေးဝန်ကြီးဌာနပိုင် မြေနေရာမှာပဲ ဆောက်ပါ။ အဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းပါလွှတ်တော်တွေ အားကောင်းဖို့နဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် လွှတ်တော်ဝင်းအတွင်းမှာ ရန်ကုန်တိုင်းလွှတ်တော်ကြီး ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေခံ အဆောက်အအုံတွေ ဖြစ်ထွန်းလာရေးကိုပဲ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အကြီးအကဲတွေကို တောင်းဆိုပါတယ် ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည် ကို တွေ့ရသည်။

ယင်းသို့လက်နက်ကိုင် တပ်ဖွဲ့ကို တစ်နေရာတည်း၌ထားရှိခြင်းမှာ လုံးဝသင့်တော်သည့် အခြေ အနေတစ်ခုမဟုတ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြော ကြားသည်။

လွှတ်တော်ရုံးထဲမှာ တည်ဆဲရဲတပ်ဖွဲ့ရှိတာ မေးခွန်းထုတ်စရာ ကောင်းလှပြီ။ အခုလက်ရှိရှိနေတဲ့ အဖွဲ့တွေကိုတောင် ရွှေ့သင့်တယ်။ အန်တီက မလိုအပ်ဘူးပြောတာမဟုတ်ဘူး။ တိုင်းပြည်မှာ စစ်မှန်တဲ့ အရပ်သားအစိုးရဆိုရင် တိုင်းပြည်မှာ အကြောက်တရား ကင်းစင်တဲ့ ဥပဒေပြုရေး ရှိသင့်တယ်။ ရှိသင့်ရှိ ထိုက်တဲ့လက်နက်ကိုင်တပ်ဖွဲ့ထက် ပိုမရှိသင့်ဘူး ဟု ဥပဒေပညာရှင် တစ်ဦးလည်းဖြစ်သည့် ဒေါ်ညိုညို သင်းက သုံးသပ်ပြောကြားသည်။

လက်ရှိမြန်မာ့နိုင်ငံရေး အခြေ အနေမှာ တပ်နှင့်အရပ် အားပြိုင်မှု ဖြစ်နေသည့်အချိန်တွင် လက်နက် ကိုင်တပ်ဖွဲ့တစ်ခုကို ဥပဒေပြုရေး မဏ္ဍိုင်နှင့် တစ်ဝင်းတည်း ထားရှိမည့်အစီအစဉ်ကို  ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဒေါ်ညိုညိုသင်းက ဆက်လက်ပြောကြားသည်။

အင်းစိန် အကျဉ်းထောင်နားမှာ ဆောက်မယ့် ရာဇဝတ်တရားရုံးနှင့် ကိုကိုးကျွန်းသွား သင်္ဘော

 အလားတူ အင်းစိန်အကျဉ်းထောင်အနီးတွင် ဆောက်လုပ်မည့် စုပေါင်းရာဇဝတ်တရားရုံးမှာလည်း တည်ဆောက်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုုသည်။

ရာဇဝတ်တရားရုံးကို စုပေါင်းရုံးလုပ်လိုက်လို့ရှိရင် လုံခြုံရေးအတွက် အဆင်ပြေသွားတာ မှန်ကောင်းမှန်နိုင်တယ်။ တရားရုံးကို လာရတဲ့ မိသားစုတွေ၊ သက်သေတွေ အားလုံးအတွက် ဒုက္ခမရောက် ဘူးလားဆိုတဲ့ မေးခွန်းရှိတယ် ဟု ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်ခြင်းမှာ အောက်ခြေလူတန်းစားများအတွက် မကြည့်ဘဲလုပ်ကိုင်သည့် အစီ အစဉ်ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ဥပမာ ဗဟန်းမှာ အမှုဖြစ်တယ်ဆိုရင် ဗဟန်းတရားရုံးမှာပဲ အဆင်ပြေတယ်။ ဒီလိုလုပ်မယ်ဆိုရင် အဆင်မပြေနိုင်တော့ဘူး။ စီမံကိန်း တစ်ခုလုပ်မယ်ဆိုရင် အောက်ခြေလူတန်းစားကို ပြန်ကြည့်ဖို့လိုတယ် ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ထို့ပြင် မလိုလားအပ်သည့် အနိုင်ကျင့်မှုများလည်း ပေါ်ပေါက်လာနိုင်ကြောင်း၊ တိတ်တဆိတ် တရား စီရင်မှုများရှိလာနိုင်ကြောင်း ဥပဒေပညာရှင် ဒေါ်ညိုညိုသင်းက သုံးသပ်သည်။

ပြည်သူလူထု မျက်ကွယ် တရားစီရင်မှုတွေရှိလာနိုင်တယ်။အခုက မြေအောက်လမ်းပါထားမယ် ဆိုတာတွေပါ ပါလာတာကိုး။ ထောင်နဲ့ တရားရုံးကို မြေအောက်လမ်း ထားမယ်ဆိုတာက အန်တီလေ့လာ ခဲ့တဲ့နိုင်ငံတချို့ရှိတယ်။ ကွန်မြူနစ် နိုင်ငံတွေမှာထားတယ်။ ထောင်နဲ့ တရားရုံးကို မြေအောက်လမ်းထား ပြီး နိုင်ငံရေးသမားတွေ၊ အစိုးရကို ဝေဖန်တဲ့ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေကို သူတို့တွေက ညဘက်တွေမှာ တရားစီရင်တယ်။ ပြည်သူလူထု မသိတဲ့အချိန်မှာ အထူးတရားသူကြီးတွေကို ခေါ်တယ်။ စီရင်ချက်ချတယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက်ကို ပြည်သူ့အစိုးရက လမ်းခင်းပေးနေသလိုဖြစ်နေတယ်။ ဒါကြောင့် ဒီစီမံကိန်းကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ရန်ကုန်လွှတ်တော်က ဒီကိစ္စတွေကို အဖြစ်မခံပါနဲ့။ အဖြစ်ခံမယ်ဆိုရင် ရန်ကုန်လွှတ်တော်ရဲ့သမိုင်း ရိုင်းသွားပါလိမ့်မယ် ” ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

အလားတူ ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။

ဒီသင်္ဘောယူဝယ်ဖို့ဟာကို သင်္ဘောမဝယ်ဘဲနဲ့ ကျပ်သန်း ၅၀၀၀ ကို ငွေစုဘဏ်မှာထားပြီးတော့ သွားလာဖို့ အခက်အခဲရှိတဲ့ အခါမှာ ဘဏ်တိုးရမယ်။ အဲဒီက အတိုးစရိတ်ကို ထုတ်နုတ်ပြီးတော့ ကူညီပေးရင်ရကြောင်း အကြံပြုအပ်ပါတယ်။ အဲဒီတော့ သင်္ဘောဝယ်ယူမည့်ကိစ္စကို ကျွန်တော်ကန့်ကွက်ပါတယ် ဟု ဒဂုံမြို့နယ်မဲ ဆန္ဒ နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောကြားသည်။

အဲဒီမှာနေတဲ့သူတွေဆိုတာလည်း ကိုယ့်လူတွေပဲ။ အခုဝယ်မယ်ဆိုတဲ့ သဘောက ၂၅ မီတာရှိတယ်။ အလူမီနီယံကိုယ်ထည်။ ကိုကိုးကျွန်းကို သွားတဲ့ခရီးစဉ်ကို ဒီလို သင်္ဘောမျိုးနဲ့ လုပ်လို့မရဘူး။ လှိုင်း လေကြမ်းတယ် ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဧရိယာတွင် ပါဝင်သည့် ကိုကိုးကျွန်းတွင် နေထိုင်သူ ၁၁၀၀ ကျော်ရှိပြီး ၎င်းတို့၏ ဘဝတိုးတက်ရေးအတွက် သင်္ဘောဝယ်ယူပြေးဆွဲခြင်းထက် အခြေခံကျသည့် လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်ပေးရန်သာ လွှတ်တော်ကိုယ်စားလှယ်များက လိုလားလျက်ရှိသည်။

ကိုကိုးကျွန်းက ပြည်သူတွေအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးသင့်တယ်ဆိုတဲ့ကိစ္စဟာ ထည့်သွင်း စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ ဒါကြောင့် အခုထက် ပိုမို သွားလာရေးအဆင်ပြေအောင် ဦးစားပေးမယ်ဆိုတဲ့အစိုးရအဖွဲ့ သ ဘောထားကို လက်ခံပါတယ်။ ဒါပေမဲ့ ငါးဘီလျံရင်းပြီးတော့ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုတဲ့ နည်းလမ်းထက် အခြားပိုမိုကောင်းမွန်တဲ့ နည်းလမ်းကိုစဉ်းစားသင့်ပါတယ်ဟု ကျောက်တံတားမြို့နယ်မဲဆန္ဒ နယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

 

 

ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း အရာမထင်သေးသည့် ဘတ်ဂျက်

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင်သွင်းထားသည့် လျာထားချက်တွင် ရဲတပ်ဖွဲ့ရုံးနှင့် စုပေါင်းတရား ရုံးများအတွက် တောင်းခံထားမှုများမှာ အခြားဌာနများက တောင်းခံထားသည်ထက် ပိုမိုများပြားနေ ကြောင်း၊ လက်ရှိတင်ပြထားမှုများမှာ အသေးစိတ် တွက်ချက်ထားခြင်းမရှိဘဲ One Line Estimate ဖြင့် တွက်ချက်ထားခြင်းကြောင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူသင့်ကြောင်း၊ ကိုကိုးကျွန်းသို့ ပြေးဆွဲ မည့် သင်္ဘောဝယ်ယူရာတွင်လည်း ယင်းဘဏ္ဍာငွေ မပျောက်ပျက်အောင် တိတိကျကျ အာမခံထားမှု မရှိကြောင်း၊ ကိုကိုးကျွန်းခရီးစဉ်ကို အစိုးရက လုပ်ကိုင်သည်ဖြစ်စေ၊ ပုဂ္ဂလိကက လုပ်ကိုင်သည်ဖြစ်စေ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိခြင်းစသည့် အခြေအနေများကို တွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်သို့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘတ်ဂျက်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၃၃ ဦးက ဝင်ရောက် ဆွေးနွေးခဲ့ရာတွင် ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း ကျန်သည့်လွှတ် တော်ကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်ကို တွေ့ရသည်။

သို့သော် ဇွန် ၁၃ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်ချက်တစ်ခုပြတ် ပြတ်သားသားချမှတ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အများစုက တောင်းဆိုခဲ့သော်လည်း အရာမထင်ခဲ့ချေ။

လွှတ်တော်ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသည့် ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၀ နှင့်အညီ ပြည်သူ့ငွေစာရင်း၏ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်၊ သဘောထား မှတ်ချက်အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်ထံပြန်လည်ပေးပို့မည်ဟု ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၁၄၉ တွင် တိုင်းဒေ သကြီးလွှတ်တော်သို့မဟုတ် ပြည် နယ်လွှတ်တော်သည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်၏ ရငွေ သုံးငွေလျာထားချက်ကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ တင်သွင်းလာလျှင်ဆုံးဖြတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။

ယင်းအခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်များက အခြေခံ ဥပဒေပြဋ္ဌာန်းချက်အတိုင်းဆက် လက်လုပ်ဆောင်ရန် ဆန္ဒရှိသော်လည်း လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၀ အတိုင်း ဆုံးဖြတ်ခဲ့ရာ ဥပဒေနှစ်ခုမှာ ကွဲလွဲချက်များဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

အဲဒီနေ့က ကျွန်တော်ရှင်းပြ တယ်။ လုံးဝအဆင်မပြေဘူး။ သုံးကြိမ်ထက် ပြောရင်မကောင်းလို့ ကျွန်တော်မပြောတော့ဘူး။ ဥပဒေနဲ့ နည်းဥပဒေယှဉ်ရင် အခြေခံဥပဒေကိုလိုက်နာရမယ်။ ဒီဥပဒေကို မပြင်နိုင်သေးသရွေ့ ဒီအတိုင်းပဲ လိုက်နာရမယ်။ ၁၉၄ ကိုကျော်လို့ မရဘူး။ ၁၄၀ က ၁၉၄ အရဖြစ်လာတာ တွေ ကို ပို့လိုက်ရင်ရပြီ ဟု ပြည်သူ့လွှတ်တော်ငွေစာရင်း ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောကြားသည်။

ဘတ်ဂျက်နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ရယူခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သည့်ဖြစ်စဉ်မှာ ယခင်နှစ်များကလည်းဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်များအနက် လွှတ်တော်တွင်း ပွဲဆူခဲ့သောဖြစ်စဉ်တစ်ခုဖြစ်သည့် မော်တော်ယာဉ်ဝယ်ယူ ခြင်းကိစ္စတွင် ပြည်ထောင်စုအစိုးရက စီစဉ်ပေးခြင်းကြောင့် တိုင်းလွှတ်တော်ဘတ်ဂျက်တွင် ပြန်လည်ပါ ဝင်လာခဲ့ခြင်းမရှိခဲ့ပေ။

သို့သော် ယင်းသို့လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးပြီး ဝန်ကြီးချုပ်ထံမှ ပြန်လည်ပေးပို့ရာတွင် ဆွေးနွေးညှိနှိုင်းခြင်း မရှိခဲ့ပေ။

ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက  “အစိုးရ အဖွဲ့ကို တင်ပြမယ်ဆိုပြီးတော့ ၂၀၁၈-၂၀၁၉ တုန်းကလည်းခံခဲ့ ရပြီးပါပြီ။ တင်ပြပြီးတော့ return ပြန်မလာပါဘူးဟု ပြောကြားသည်။

ယင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ပြန်ကျလာပါ က ပြန်လည်ဆွေးနွေးပေးရန် တောင်းဆိုခဲ့သည်။

မနှစ်တုန်းကဆိုရင် ကျွန်မ တို့ဆွေးနွေးလိုက်တဲ့အတိုင်း အပေါ်ကနေ လုပ်ပြီးသွားလို့ရှိရင် ပြန်လာတဲ့အခါမှာ ပြန်ပြီးတော့ဆွေး နွေးခွင့်မရှိပါဘူး။ ပြန်လည်ဆွေးနွေးဖို့အတွက် တောင်းဆိုပါတယ်ဟု သာကေတမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ထို့ပြင် အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘတ်ဂျက်အား ပြည်ထောင်စု အစိုးရက ကျခံသုံးစွဲရမည့်အခြေအနေသာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျခံစရာမလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ယူဆလျက်ရှိသည်။

သူတို့ နဂိုကတည်းကက ကြိုပြီး စဉ်းစားသင့်တယ်။ နဂိုတည်းကို မထည့်သင့်တဲ့အကြောင်းအရာတွေ။  ဒါတွေက ပြည်ထောင်စုဘတ်ဂျက်နဲ့ပဲ သွားရမယ်ဆိုတာ။ အခု လက်ရှိ ဖွဲ့စည်းပုံအနေအထားအရရော ဆိုတော့ ပြည်ထောင်စုနဲ့ပဲသွားရမယ့်ကိစ္စ။ ဘာဖြစ်လို့ ရန်ကုန်တိုင်း ဘတ်ဂျက်တွေထဲက သုံးစွဲချင်ရတာလဲဆိုတာကို ကာယကံရှင်တွေက ပိုသိလိမ့်မယ်ဗျ ဟု လွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင် ကပြောကြားသည်။

တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်မယ်ဆိုရင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို လွှတ်တော်ဝင်းအတွင်းမှာမဟုတ်ဘဲ

အခြားသော ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေနေရာမှာပဲ ဆောက်ပါ။ အဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းပါလွှတ်တော်တွေ အားကောင်းဖို့နဲ့

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးကို အထောက်အကူဖြစ်စေဖို့အတွက်လွှတ်တော်ဝင်းအတွင်းမှာ  . . .

လက်ရှိရန်ကုန်အစိုးရနှင့် ယခင်အစိုးရ နှိုင်းယှဉ်ကြည့်ခြင်း

ရန်ကုန်အစိုးရ၏ နှစ်စဉ်အသုံးစရိတ်များအနက် ၂၀၁၉-၂၀၂၀ အသုံးစရိတ်မှာ ယခင်နှစ်များထက် ပိုများနေသည်ကို တွေ့ရသည်။ (နှစ်စဉ်ဘတ်ဂျက်အသုံးစရိတ်များအား ဇယားဖြင့် သီးခြားဖော်ပြထားသည်။)

ယင်းဘတ်ဂျက်အသုံးစရိတ်များတွင် ဝေဖန်မှုအများဆုံးခံနေရသည့် ရဲတပ်ဖွဲ့ရုံးတည်ဆောက်ရေး၊ ကိုကိုးကျွန်းသွား သင်္ဘောဝယ်ယူရေး၊ စုပေါင်းရာဇဝတ်တရားရုံး တည်ဆောက်ရေး လုပ်ငန်းများလည်း ပါဝင်နေသည်။

ယင်းသို့အသုံးပြုရန် လျာထားခြင်းကြောင့် အမှန်တကယ်လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင် ခွင့်မရရှိခဲ့ပေ။ ယင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်တွင်း ပြင်းထန်စွာဝေဖန် ခဲ့သည်ကို တွေ့ရသည်။

သူတို့ကျတော့ ဒီဇိုင်းကို ကြီးမားတဲ့ ပမာဏတွေ ပြောင်းလိုက်၊ လွှဲလိုက်အလွယ်တကူ၊ ဒီထက်ပိုပြီး အရေးကြီးပါတယ်ဆိုတဲ့ လမ်းတောင်းတာတောင် အခုထိအဆင် မပြေချင်သေးဘူး။ ဘတ်ဂျက်ဟာ အောက်ခြေ  Bottom up သွားရမှာ ကို အချို့အချို့သော ကိစ္စရပ်တွေမှာ ကျွန်တော်တို့တင်ပြတာကို ပစ်ပယ်ပြီးတော့ မတင်ပြတာကို ထည့်ပေးတဲ့ သာဓကတွေရှိနေပါတယ်။ ဘယ်လိုလုပ်တာလဲဟု အင်းစိန်မြို့ နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောကြားသည်။

ယခုအစိုးရလက်ထက်တွင် ထင်သာမြင်သာသည့် ပြောင်းလဲမှုများအဖြစ် လမ်းများကောင်းမွန်လာသည်ကို တွေ့မြင်ရသော်လည်း ရန်ကုန်တိုင်းအတွင်းအချို့နေရာများတွင် တိုးတက်ခြင်းမရှိသည့်နေရာများ ရှိနေကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

ရန်ကုန်မြို့က မြို့သစ်တွေမှာ အရမ်းဆင်းရဲတယ်။ အထူးသဖြင့် မိုးတွင်းပေါ့။ မိုးရွာတဲ့ရက်တွေ မှာ ဖိနပ်တွေချွတ်ပြီး သွားနေရတဲ့ သူတွေမြို့သစ်တွေမှာ အများကြီးပဲ။ သောင်းချီ သိန်းချီ ရှိနေတယ်။ ဒါက မျက်စိရှေ့မှာတင်။ အဲဒီတော့ ရွ့ံတွေဗွက်တွေထဲမှာ သွားနေတဲ့သူတွေ ကျောက်ခဲလမ်းလေးမှာ သွားကြပါစေ ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်၊ ဥပဒေပညာရှင် တစ်ဦးလည်းဖြစ်သည့် ဒေါ်ညိုညိုသင်းက ယခင်အစိုးရလက်ထက်တွင် လုပ်ငန်းတစ်ခုအတွက် အများဆုံး သုံးစွဲခဲ့သည့် ငွေ ကြေးမှာ ၃၅၀ ဘီလျံရှိကြောင်း၊ ယခု အစိုးရလက်ထက်တွင် ယင်းပမာဏထက် နှစ်ဆကျော်အသုံးပြုနေသည်ကို တွေ့ရကြောင်း၊ သုံးစွဲမှုများပြားလာသည်ဆိုပါက လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်ခဲ့ရသည်ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

အရင်လွှတ်တော်ဥက္ကဋ္ဌက စာရွက်အလွတ်ဆိုရင် နှစ်ဖက်စလုံး သုံးတယ်။ တဖက်တည်း မသုံးဘူး။ တခြားချို့ယွင်းချက်ရှိကောင်းရှိနိုင်ပေမဲ့ စိစစ်ချွေတာတဲ့ နေရာမှာတော့ မမှီဘူး။ အန်တီက စာပို့လိုက်ပြီဆိုရင် လွှတ်တော်ဥက္ကဌက ဝန်ကြီးချုပ်ဆီ ဖုန်းလှမ်းဆက်ပြီ။ သူက ဒါတင်နေတယ်။ ခင်ဗျားတို့ ပြန်စစ်လိုက်ဦးဆိုပြီး ပြောတာတွေရှိတယ်။ ဥပမာ အဲကွန်း ကိစ္စဆိုရင် ဒီနေ့ သုံးသိန်းနဲ့ တွက်ထားပေမယ့် နောက် နေ့ဆို တစ်သိန်းခွဲဖြစ်သွားတယ်။ ဒီလိုဖြစ်စဉ်တွေရှိတယ် ဟုဒေါ်ညို ညိုသင်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက်လွှတ်တော်တွင် ငွေကြေးသုံးစွဲမှုများလာပြီး ပွင့်လင်းမြင်သာမှုမရှိပါက လွှတ်တော်တွင် မေးခွန်းများ ထမေးခြင်း၊ အဆိုများတင်သွင်းခြင်းများ ပြုလုပ်ခဲ့ရာ ယင်းသို့ပြုလုပ်သည့်နေ့များ တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြီးဆုံးသည်အထိ နားထောင်ပေးကြောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တယ်ဆိုရင်လည်း သူကအစည်းအဝေးပြီးတဲ့အထိ ထိုင်နားထောင်တယ်။ ရှင်းပြနိုင်တဲ့ဟာဆိုရင် ထပ်ပြီးဖြေပေးတာတွေ ရှိတယ်။ အစည်းအဝေး တဝက်နဲ့ ထသွားတာတွေ မရှိခဲ့ဘူး ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

သူတို့ နဂိုကတည်းက ကြိုပြီးစဉ်းစားသင့်တယ်။ နဂိုကတည်းကကို မထည့်သင့်တဲ့အကြောင်းအရာတွေ။  ဒါတွေက ပြည်ထောင်စုဘတ်ဂျက်နဲ့ပဲ သွားရမယ်ဆိုတာ။

အခု လက်ရှိ ဖွဲ့စည်းပုံအနေအထားအရရောဆိုတော့ ပြည်ထောင်စုနဲ့ပဲသွားရမယ့်ကိစ္စ။ ဘာဖြစ်လို့ ရန်ကုန်တိုင်းဘတ်ဂျက်တွေထဲက သုံးစွဲချင်ရတာလဲဆိုတာကို

ကာယကံရှင်တွေက ပိုသိလိမ့်မယ်ဗျ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က  . . .

ပြည်သူကို ကိုယ်စားပြုရသော လွှတ်တော်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လုပ်ဆောင်ချက်များမှာ လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိ ခိုက်စေနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေး လေ့လာသူများက ဝေဖန်ထောက်ပြ လျက်ရှိသည်။

ယခင်ဖြစ်စဉ်များဖြစ်သည့်  YBS ယာဉ်လိုင်းများတွင် ကျပ်ငါးဘီလျံအား လွှတ်တော်သို့တင်ပြ ခြင်းမရှိဘဲ သုံးစွဲခဲ့သည်ဟုဆိုကာ  ဝေဖန်ခံခဲ့ရသည်။

အလားတူဘတ်ဂျက်ကိစ္စများတွင်လည်း လွှတ်တော်တွင် ဆွေးနွေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့မှုများ ရှိနေသဖြင့် ကိုယ်စားလှယ်များမှာ စိုးရိမ်မကင်းဖြစ်ကာ မေးခွန်းထုတ်မှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ဘတ်ဂျက်များ လွှတ်တော်သို့တင်သွင်းရာတွင် ရှင်းလင်း ပြတ်သားမှုမရှိဘဲ တင်သွင်းခြင်းများမှာ မေးခွန်းထုတ်ရမည့်အခြေ အနေများလည်းဖြစ်နေသည်။

သူတို့သာ မနှစ်ကတည်းက ရှင်းရှင်းလင်းလင်းပြောထားရင် အဲ ဒီကတည်းက ကန့်ကွက်တယ်။ ဒီ အထိ ရောက်လာစရာကို မရှိဘူး ဟု ဦးရန်အောင်က ပြောကြားသည်။

ယခင်နှစ်ကလည်း လွှတ်တော်သို့ တင်သွင်းသည့် ငွေစာရင်း အစီရင်ခံစာတွင်လည်း ကော်ထိုင်ခုံတစ်ခုလျှင် ကျပ် ခုနစ်သောင်းဟု ဖော်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ထောက်ပြမှသာ လျှင် စာရိုက်မှားခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့ရခြင်းလည်း ရှိခဲ့သည်။

ဒီမိုကရေစီစနစ်တွင် လွှတ်တော်ဆိုသည်မှာ ပြည်သူလူထုကို ကိုယ်စားပြုသူများသာ တက်ရောက်ခွင့်ရှိသည့် နေရာတစ်ခုဖြစ်သည်။ ယင်းကိုယ်စားပြုသူများမှာလည်း ပြည်သူများ၏အသံကို နားထောင်ကာ လုပ်ကိုင်ဆောင်ရွက်ရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

ပြည်သူများက ရွေးချယ်တင်မြှောက်ထားသူများကို မလေးမစား ပြုလုပ်မည်ဆိုပါက ဒီမိုကရေစီစနစ်မှာ တည်မြဲမည် ဟုတ်ပေ။

 

Most Read

Most Recent