ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို စင်ပြိုင်တင်လာပါက မည်သို့လုပ်ရမည် ဆိုသည့် နည်းဥပဒေ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် NLD ကိုယ်စားလှယ်ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို စင်ပြိုင်တင်လာပါက မည်သို့လုပ်ရမည် ဆိုသည့် နည်းဥပဒေ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် NLD ကိုယ်စားလှယ်ပြောကြား
Published 16 May 2019
စိုးမင်းထိုက်၊ စည်သူ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို စင်ပြိုင်တင်လာပါက မည်သို့ လုပ်ရမည် ဆိုသည့် နည်းဥပဒေ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် NLD လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

နေပြည်တော်၌ မေ ၁၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်က ရွေးချယ်နိုင်မည့် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက တင်သွင်းလာမည့် မူကြမ်းတွင် တပေါင်းတည်း လေ့လာစိစစ်ရန် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေကို စင်ပြိုင် တင်လာခဲ့ရင် လွှတ်တော်မှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ နည်းဥပဒေက မရှိဘူး။ ဒါကြောင့် အဲဒီလို မရှိတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ အပိုဒ် ၈ ရဲ့ ပုဒ်မခွဲ (ပ) မှာ ဘာဖော်ထားလဲ ဆိုတော့ ရှိနေပြီးသား နည်းဥပဒေအတိုင်း ဆောင်ရွက်လို့ မရဘူး (သို့) ဆောင်ရွက်ရင် အခက်အခဲ ဖြစ်နေမယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို နာယက ရယူရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားတယ်။ အငြင်းပွားမှု ဒီနှစ်ခု ရှိနေတဲ့အခါမှာ နာယက ကလည်း သူ့ဘာသာ ဆုံးဖြတ်ခွင့် မရှိတော့ နည်းဥပဒေ ၈ ၊ အပိုဒ် (ပ) အရ  ပြည်ထောင်စု လွှတ်တော်ကြီးရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူရတော့မယ်။ ပြည်ထောင်စု လွှတ်တော်ကြီးရဲ့ အဆုံးအဖြတ် ခံယူတယ် ဆိုတာ လိုအပ်ရင် မဲခွဲတဲ့ကိစ္စ။ ဒါကြောင့်မို့ ဥပဒေနဲ့အညီ ဆောင်ရွက်ရတာ။ ဥပဒေအညီ ဆောင်ရွက်တဲ့ အခါ မှာ ဒါကို မဲ မခွဲရဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ကန့်ကွက်ဖို့က ဥပဒေမှာ မရှိဘူး” ဟု ဦးအောင်ကြည်ညွှန့် ကပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာမည့် မူကြမ်းတွင် တပေါင်းတည်း လေ့လာ စိစစ်ရန် ပြည်ထောင်စ ုလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်မည့်ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးက မတ်တတ်ရပ်၍ တစ်စုံတစ်ရာ တင်ပြရန် တောင်းဆိုသော်လည်း ပြည်ထောင်စု လွှတ်တော် နာယက က ခွင့်ပြုပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးပြီး ဥပဒေ အားလုံးထဲတွင် အရေးကြီးဆုံး ဥပဒေဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေး တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စိတ်ရင်း စေတနာမှန်ဖြင့် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော ပုဒ်မများကို အားလုံး ဝိုင်းဝန်း ဆန်းစစ် ဆွေးနွေးကာ ပူးပေါင်း ဆောင်ရွက်ကြမှသာလျှင် ပြည်ထောင်စုကြီးနှင့်တကွ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား အားလုံးအတွက် အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာမည့် မူကြမ်းကို တပေါင်းတည်း လေ့လာ စိစစ်ရန် ကိစ္စအား မဲခွဲရာတွင် ထောက်ခံမဲ ၃၈၀၊ ကန့်ကွက်မဲ ၁၉၈ မဲရှိကာ ကြားနေမဲ ခြောက်မဲ ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent