ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ရှိ အာလူးနှင့် ကြက်သွန်ဖြူစိုက်တောင်သူများ အရှုံးပေါ်ပြီး အရင်းပြုတ်သူများလည်းရှိဟု သိရ

ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ရှိ အာလူးနှင့် ကြက်သွန်ဖြူစိုက်တောင်သူများ အရှုံးပေါ်ပြီး အရင်းပြုတ်သူများလည်းရှိဟု သိရ
ဟဲဟိုးမြို့ရှိ အာလူးစိုက်တောင်သူတစ်ဦး၏ နေအိမ်တွင် အာလူးများသိုလှောင်နေစဉ်
ဟဲဟိုးမြို့ရှိ အာလူးစိုက်တောင်သူတစ်ဦး၏ နေအိမ်တွင် အာလူးများသိုလှောင်နေစဉ်
Published 13 May 2019
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ အာလူးနှင့် ကြက်သွန်ဖြူစိုက် တောင်သူများ အရှုံးပေါ်ကြပြီး၊ အရင်းပြုတ်သော တောင်သူများလည်း ရှိနေကြောင်း မေ ၁၁ ရက် တွင် သတင်းရရှိသည်။

ယခုနှစ် အာလူးပေါ်ချိန်ရာသီကာလတွင် စျေးနှုန်းနည်းပါးသဖြင့် အရင်းသာသာ ပြန်ရပြီး၊ တစ်ပိဿာလျှင် ငါးရာကျပ်သာ ရရှိကြောင်း၊ ကြက်သွန်ဖြူစိုက်ရာတွင် နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သဖြင့် အရင်းပြုတ်ပြီး ခြံရောင်းလိုက်ရသော စိုက်တောင်သူများ ၁၀ ဦးထက်မနည်း ရှိနေကြောင်း ဟဲဟိုးမြို့မှ စိုက်တောင်သူတစ်ဦးဖြစ်သူ ဦးချမ်းသာက ပြောသည်။

“ဒီနှစ် အာလူးစိုက်တာ အရင်းသာသာလောက်ပဲ ရတယ်။ ဦးလေးစိုက်ထားတာ မှိုးနှစ်ထောင်လောက် စိုက်ထားတယ်။ တစ်ဧက ခွဲလောက်ရှိတယ်။ အာလူးစိုက်တာ ဦးရေတစ်သောင်းလောက် စိုက်ကြတယ်။ အာလူး အဓိကစိုက်တဲ့နေရာလို့ ပြောလို့ရတယ်။ ကြက်သွန်ဖြူက စျေးမကောင်းတော့ဘူး။ တရုတ်တွေ တအားသွင်းတော့ စျေးမရှိဘူးလေ။ တစ်ပိဿာမှ သုံးရာငါးရာပဲ။ မနှစ်ရှေ့တစ်နှစ် ကတော့ တစ်ပိဿာ သုံးထောင်လောက် ရောင်းရတယ်။ ခုက တစ်ပိဿာမှ သုံးရာပဲ။ ဆယ်ဆလောက် ကျသွားတယ်။ ကျွန်တော်တို့ သိန်း ၃၀၊ သိန်း ၄၀ လောက်ရှုံးတယ်။ နှစ်နှစ်ဆက်တိုက်ကို ရှုံးတယ်။ ဆိုးဆိုးရွားရွားရှုံးတဲ့  သူတွေ စီးပွားပျက်တဲ့သူတွေ မစိုက်နိုင်တဲ့သူတွေ ရှိတယ်။ အရင်းပြုတ်သွားတယ်။ အာလူးမှိုးက တစ်ပိဿာကို တစ်ထောင်ကျပ်ပေးပြီးတော့ ဝယ်စိုက်ရတယ်။ ပြန်ရောင်းတော့ ၄၅၀ ပဲရတယ်။ တရုတ်မှိုးတွေက ရန်ကုန်ကို တိုက်ရိုက်သွားတယ်။ စျေးကလည်း တရုတ်အာလူးက ၃၅၀ ကျပ်ပဲဆိုတော့ စျေးချင်း မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ အာလူးက ဒီနှစ်လောက်ပဲထိတာ။ အာလူးကို ငါးရာကျပ်၊ ခြောက်ရာကျပ်လောက်တော့ စျေးတန်းသွားအောင် ရစေချင်တယ်။ နောက်တစ်ခုက ဆေးနဲ့ မြေသြဇာလေးတွေပေါ့ဗျာ။ သင့်တော်တဲ့စျေးလေးနဲ့ ချရောင်းပေးဖို့ တောင်းဆိုချင်တယ်။ မြေသြဇာတွေ စျေးကြီးပြီး ဆေးတွေ စျေးတက်တော့ တောင်သူတွေ ဘာမှလုပ်လို့ မရဘူးဖြစ်နေတယ်။ တရုတ်အာလူးကို ဝယ်စိုက်တာက တစ်ထောင်ပြန်ရောင်းတော့  ၄၅၀ ပဲ ရတယ်။ သူတို့ ငါးရာရတဲ့အချိန် ကျွန်တော်တို့လဲ ငါးရာကျပ်ရချင်တယ်။ သူတို့ငါးရာရောင်းချိန်မှာ ကျွန်တော်တို့  ၃၅၀ ရောင်းတာဆိုတော့ အများကြီ်းကွာဟနေတယ်။ အဲဒါလေး တောင်းဆိုချင်တယ်။ ကျွန်တော်တို့ အာလူးပေါ်ချိန်ဆိုရင် သူတို့က ထိုးသွင်းတယ်။ ကြက်သွန်ပေါ်ချိန်ဆိုရင် တရုတ်က ကြက်သွန်တွေဖိသွင်းတော့ ကျွန်တော်တို့ တောင်သူမှာ ကသိကအောက်တွေ ဖြစ်ကုန်ရော၊ ဟဲဟိုးကထွက်လာချိန် တရုတ်ကလည်း ရန်ကုန်ကို အာလူးပြန်သွင်းတယ်ဗျ။ ကျွန်တော်တို့ ကြက်သွန်ကိုလည်း စျေးသက်သာအောင် ချရောင်းတော့ တောင်သူတွေ တအားကို ရှုံးကုန်ကြတယ်။ မယှဉ်နိုင် ကြဘူးဗျ။ အရင်းပြုတ်သွားတဲ့သူတွေ၊ ခြံတွေရောင်းလိုက်ရတဲ့သူတွေ အများကြီးပဲရှိတယ်” ဟု ဟဲဟိုးမြို့မှ အာလူးနှင့် ကြက်သွန်စိုက်တောင်သူ ဦးချမ်းသာက ပြောကြားသည်။

ဟဲဟိုးမြို့တွင် ဘုရားဖြူရွာ၊ ညောင်ခါးရှည်ရွာ၊ ဘော်နှင်းကုန်းရွာ၊ မြက်ဆက်ရွာ၊ အာလူးအဓိက အများဆုံး စိုက်ပျိုးကြပြီး၊ အောင်ပန်းမြို့အနီးတွင်လည်း စိုက်ပျိုးကြောင်း၊ ဟဲဟိုးမြို့သည် ရှမ်းပြည်နယ်တွင် အာလူးအများဆုံး စိုက်ပျိုးထွက်ရှိသော နေရာတစ်ခုလည်းဖြစ်ပြီး၊ ပြည်နယ်၏ ရာခိုင်နှုန်း ၈၀ ခန့်  စိုက်ပျိုးထုတ်လုပ်ကြောင်း သိရသည်။

တရုတ်မှ ဝင်လာသော အာလူးနှင့် ကြက်သွန်များကြောင့် စိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး၊ ကြက်သွန်ဖြူများ စျေးနှုန်းကျဆင်းသဖြင့် ပအိုဝ်းတိုင်းရင်းသားများ ဒေသဖြစ်သော ဆီဆိုင်၊ ပင်လောင်း၊ နောင်တရားတို့အပါအဝင်၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်အတွင်းရှိ ကြက်သွန်ဖြူစိုက် တောင်သူများသည် နှစ်နှစ်ဆက်တိုက် အရှုံးနှင့်ရင် ဆိုင်နေကြရပြီး၊ အရှုံးပေါ်သူများ အရင်းပြုတ်သူများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါသီးနှံများ စျေးနှုန်းတည်ငြိမ်စေရန်၊ စျေးကွက်အာမခံချက်ရရှိစေရန် တောင်သူများ လိုလားနေပြီး၊ စိုက်ပျိုးရေးသွင်း အားစုပစ္စည်းများ၊ မှိုးစေ့များကိုလည်း သက်သာသော စျေးနှုန်းဖြင့်ရရှိနိုင်ရန် အစိုးရကို တောင်းဆိုပါကြောင်း၊ ဟဲဟိုးမြို့မှ စိုက်တောင်သူများက ပြောကြားသည်။

 

Most Read

Most Recent