အသက် (၃၂) နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် မေလ (၉) ရက်က ၎င်း၏ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်း၏ ယခုရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။
ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်သည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့သည့်အတွက် (၄)ပတ်မှ (၆)ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် မေလ (၉) ရက်က ၎င်း၏ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်း၏ ယခုရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။
ဘာစီလိုနာအသင်း၏ ထုတ်ပြန်ချက်တွင် "ဘာစီလိုနာအသင်း၏ ပွဲထွက်ကစားသမားဖြစ်သူ ဆွာရက်ဇ်သည် မေလ (၉) ရက်က ၎င်း၏ညာဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းအတွက် ဆွာရက်ဇ်အနေဖြင့် (၄) ပတ်မှ (၆) ပတ်အထိ အနားယူရမည်ဖြစ်ကြောင်းနှင့် ဘာစီလိုနာအသင်း၏ ယခုရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း" ပါရှိသည်။
ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၄၉) ပွဲတွင် (၂၅) ဂိုးအထိ သွင်းယူထားပြီး ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ခြင်းကြောင့် ဂီတာဖေး၊ အီဘာတို့နှင့်ကစားမည့် လာလီဂါပွဲစဉ်များအပြင် မေလ (၂၅) ရက်နေ့ ကစားမည့် ဗလင်စီယာအသင်းနှင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်မည်ဖြစ်သည်။
ထို့ပြင် ယခု ဆွာရက်ဇ်၏သတင်းမှာ လာမည့်ဇွန်လ (၁၄) တွင် ဘရာဇီးလ်နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲဝင် ဥရုဂွေးအသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ဥရုဂွေးအသင်းသည် ၂၀၁၉ ကိုပါအမေရိကအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ (၁၆) ရက်တွင် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ရမည့်ဖြစ်ပြီး ဆွာရက်ဇ်အနေဖြင့် ဒဏ်ရာမှ အလျင်အမြန်သက်သာလာခြင်းမရှိပါက အဆိုပါပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။