လုခ်ရှောသည် မေလ (၉) ရက်က ကျင်းပခဲ့သည့် မန်ယူအသင်း၏ ဆုပေးပွဲတွင် အသင်းကစားသမားများ မဲပေးရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ပရိသတ်များ မဲပေးရွေးချယ်သည့် ဆာမတ်ဘတ်စ်ဘီဆုတို့ကို ရရှိခဲ့သည်။
မန်ယူအသင်းနောက်ခံလူ လုခ်ရှောသည် အသင်း၏တစ်နှစ်တာအကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ လုခ်ရှောသည် မေလ (၉) ရက်က ကျင်းပခဲ့သည့် မန်ယူအသင်း၏ ဆုပေးပွဲတွင် အသင်းကစားသမားများ မဲပေးရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ပရိသတ်များ မဲပေးရွေးချယ်သည့် ဆာမတ်ဘတ်စ်ဘီဆုတို့ကို ရရှိခဲ့သည်။
၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းမှ ပေါင်သန်း (၃၀) ဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် အင်္ဂလန်ဘယ်နောက်ခံလူ လုခ်ရှောသည် ဒဏ်ရာပြဿနာများကြောင့် ယခင်ရာသီများတွင် တစ်ရာသီလျှင် ပြိုင်ပွဲစုံ ပွဲ (၂၀) ကစားနိုင်အောင်ပင် ရုန်းကန်ခဲ့ရသူဖြစ်သည်။
သို့သော် လုခ်ရှောသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) အထိ ကစားနိုင်ခဲ့သလို၊ ခြေစွမ်းပြနိုင်ခဲ့သဖြင့် မန်ယူအသင်း၏ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း (၃) ကြိမ်အထိ ရယူနိုင်ခဲ့သည်။
လုခ်ရှောသည် ဆာမတ်ဘတ်စ်ဘီဆုကို နောက်ခံလူ လင်ဒီလော့ဖ်နှင့် ကွင်းလယ်လူ ပေါ့ဘာတို့ကို ကျော်ကာ ရရှိခဲ့ခြင်းဖြစ်ပြီး ကစားသမားများရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း လင်ဒီလော့ဖ်ကို တစ်မဲအသာဖြင့် ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
လုခ်ရှောက "ကစားသမားတွေ မဲပေးရွေးချယ်တဲ့ဆုကို ရရှိတာက ကျွန်တော့်အတွက် အဓိပ္ပာယ်အလွန်ရှိပါတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အသင်းဖော်တွေက ကူညီခဲ့ကြတာပါ။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကို ရရှိခဲ့တဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယင်းဆုပေးပွဲတွင် အသက် (၁၇) နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးဂိုးဆုကိုမူ ဆောက်သမ်တန်နှင့်ပွဲတွင် သွင်းယူခဲ့သည့် ကွင်းလယ်လူ ပါရဲရား၏ဂိုးက ရရှိခဲ့ကြောင်း သိရသည်။
ယခုရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၂) ပွဲကစားခွင့်ရထားသည့် နယ်သာလန်လူငယ်တောင်ပံကစားသမား တာဟစ်ချောင် (၁၉ နှစ်)က အရန်အသင်းအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုမူ အင်္ဂလန်တိုက်စစ်မှူး ကေတီဇီလန်က ရရှိခဲ့သည်။