အာဆင်နယ်အသင်းနည်းပြ အမ်မရီက ဗလင်စီယာအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်မှ အသင်းကစားသမားများ၏စိတ်ဓာတ်ကို ချီးကျူးစကားဆိုခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အမ်မရီက ဗလင်စီယာအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်မှ အသင်းကစားသမားများ၏စိတ်ဓာတ်ကို ချီးကျူးစကားဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် မေလ (၈) ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် တိုက်စစ်မှူးများဖြစ်သော အူဘာမီယန်း (၃ ဂိုး)နှင့် လာကာဇက် (၁ ဂိုး) တို့၏သွင်းဂိုးများဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း (၇-၂) ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
အမ်မရီက "ကစားသမားတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဒီနေ့ပွဲမှာ အသင်းတိုက်စစ်ပိုင်းကရော ခံစစ်ပိုင်းပါက စိတ်ဆန္ဒပြင်းပြစွာနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဗလင်စီယာနဲ့ ပွဲမတိုင်ခင်တုန်းက ဟိုတယ်မှာ အသင်းအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စကားပြောခဲ့ကြပြီး အကောင်းဆုံးစွမ်းဆောင်ဖို့ ကတိပေးခဲ့ကြပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းဗိုလ်လုပွဲကို မေလ (၂၉) ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ရှိ ဘာကူအိုလံပစ်ကွင်း၌ ကစားမည်ဖြစ်သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၄) ရရှိရန် ဖြစ်နိုင်ဖွယ်အလွန်နည်းပါးနေသည့်အတွက် ယူရိုပါလိဂ်တွင် ချန်ပီယံဆုရယူကာ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရယူသွားမည်ဟု အမ်မရီက ဆိုခဲ့သည်။
အမ်မရီက "ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် ကျွန်တော်တို့မှာ ဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ ပရီးမီးယားလိဂ်မှာ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ယူရိုပါလိဂ်မှာ ကျွန်တော်တို့ ရှိနေတုန်းပါတယ်။ ပရီးမီးယားလိဂ်မှာ ရှုံးပွဲတွေ တွေ့ပြီးကတည်းက ယူရိုပါလိဂ်ကို ကျွန်တော်တို့ အားခဲထားခဲ့တာပါ"ဟု ပြောကြားခဲ့သည်။