လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဂျပန်နိုင်ငံမှချေးယူမည့်ချေးငွေတွင် အကြံပေးနှင့် မမျှော်မှန်းနိုင်သည့် အသုံးစရိတ်သည် တိုက်ရိုက်ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၅၀ ခန့် ဖြစ်နေသောကြောင့် ပြန်လည်စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဂျပန်နိုင်ငံမှချေးယူမည့်ချေးငွေတွင် အကြံပေးနှင့် မမျှော်မှန်းနိုင်သည့် အသုံးစရိတ်သည် တိုက်ရိုက်ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၅၀ ခန့် ဖြစ်နေသောကြောင့် ပြန်လည်စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
Published 6 May 2019
စိုးမင်းထိုက်၊ စည်သူ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဂျပန်နိုင်ငံမှချေးယူမည့် ချေးငွေတွင် အကြံပေးနှင့် မမျှော်မှန်းနိုင်သည့် အသုံးစရိတ်သည် တိုက်ရိုက်ကုန်ကျစရိတ်၏ ရာခိုင်နှုန်း ၅၀ ခန့် ဖြစ်နေသောကြောင့် ပြန်လည်စိစစ်သင့်ကြောင်း လှိုင်းဘွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ထောက်ပြပြော ကြားခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်း အခြေခံအဆောက်အအုံ မြှင့်တင်ခြင်းစီမံကိန်း ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂ ဘီလျံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ နေပြည်တော်၌ မေ ၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ချေးငွေနဲ့ပတ်သက်လို့ ကရင်မှာ ဓာတ်အားခွဲ ရုံကိုးရုံနဲ့ ဓာတ်အားလိုင်း မိုင် ၁၄၀၊ မွန်ပြည်နယ်မှာ ဓာတ်အားခွဲရုံ ငါးရုံနဲ့ ဓာတ်အားလိုင်း ၅၈ ဒသမ ၄ မိုင်၊ ရခိုင်ပြည်နယ်မှာ ဓာတ်အားခွဲရုံ ခုနစ်ရုံနဲ့ ဓာတ်အားလိုင်း ၆၁ ဒသမ ၈ မိုင်၊ ချင်းပြည်နယ်မှာ ဓာတ်အားခွဲရုံ ခုနစ်ရုံနဲ့ ဓာတ်အားလိုင်း ၁၄၉ ဒသမ ၅ မိုင်နဲ့ တနင်္သာရီတိုင်းဒေသမှာ ဓာတ်အားခွဲရုံတစ်ရုံနဲ့ ဓာတ်အားလိုင်း ၁၂ မိုင် စုစုပေါင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးငါးခုမှာ ဓာတ်အားခွဲရုံ ၂၉ ရုံနဲ့ ဓာတ်အားလိုင်း ၄၂၁ ဒသမ ၇ မိုင် တည်ဆောက်ပေးဖို့ဖြစ်ပြီးတော့ ဒီလုပ်ငန်းတိုက်ရိုက်ကုန်ကျမယ့် လျာထားငွေက ဂျပန်ယန်း ၆ ဒသမ ၁၀ ဘီလျံ (၆၉ ရာခိုင်နှုန်း) နဲ့ အကြံပေးနဲ့ မမျှော်မှန်းနိုင်တဲ့ အသုံးစရိတ်က ဂျပန်ယန်း ၂ ဒသမ ၇၆၄ ဘီလျံ (၃၁ ရာခိုင်နှုန်း) စုစုပေါင်း ဂျပန်ယန်း ၈ ဒသမ ၈၆၆ ဘီလျံ ခန့်မှန်းတွက်ချက်ထားလို့ အကြံပေးနဲ့ မမျှော်မှန်းနိုင် တဲ့ အသုံးစရိတ်က တိုက်ရိုက်ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်နေလို့ ဒါကိုလည်း ပြန်လည်စိစစ်သင့်တယ်လို့ ယူဆပါတယ်” ဟု ဦးခင်ချိုက ပြောကြားသည်။

ဆက်လက်ပြီး ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းသည် နှစ်စဉ်လိုလို အရှုံးဖြစ်ပေါ်နေ၍ ယခုကဲ့သို့ NEP စီမံကိန်းအရ ဓာတ်အားတစ်နှစ်ထက်တစ်နှစ်တိုးပြီး ထုတ်လွှတ်ပေးနေရမည်ဖြစ်သည့်အတွက် အရှုံးသည် တစ်နှစ်ထက်တစ်နှစ် ပိုလာမည်ဖြစ်သောကြောင့် ကုစားနိုင်ရန် နည်းလမ်းရှာသင့်ပြီဖြစ်ကြောင်း နှင့် နှစ်စဉ်တိုးမြှင့်သုံးစွဲလာမည်ဖြစ်သော ဓာတ်အားအနေဖြင့် ထုတ်လုပ်နိုင်သည့် ပမာဏ၊ လက်ရှိသုံးစွဲနေသည့် ပမာဏ၊ ပိုလျှံသည့် ဓာတ်အားပမာဏ၊ နောင် ၂၀၃၀ အထိ သုံးစွဲနိုင်မည့်ဓာတ်အားပမာဏ၊ ထပ်မံတိုးချဲ့ ထုတ်လုပ်ရန် လိုအပ်လာမည့် ဓာတ်အားပမာဏများကိုလည်း ကြိုတင်တွက်ချက်ထားရန် လိုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

NEP လုပ်ငန်း တိုးချဲ့ဆောင်ရွက်ရာတွင် အများပြည်သူအကျိုးကို ရည်ရွယ်ဆောင်ရွက်သည်ဆိုသော်လည်း အချို့ဒေသများမှ ကျေးရွာမီးလင်းရေး လုပ်ငန်းများရှိ လျှပ်စစ်အရာ ထမ်းအချို့က နယ်စားပယ်စားပုံစံမျိုးဖြင့် ကျေးရွာမီးလင်းရေးအဖွဲ့များအပေါ် သြဇာလွှမ်းမိုးခြင်းများ၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်၍ မိမိနှင့်ပတ်သက်သည့် ကုမ္ပဏီအဖွဲ့အစည်းဖြင့် မဆောင်ရွက်သည့် ကျေးရွာများကို လျှပ်စစ်မီး ချိတ်ဆက်သွယ်တန်းပေးမှု ကြန့်ကြာအောင် ဆောင်ရွက်ခြင်း၊ မီတာချထားပေးရာတွင် ပလပ်ဆောင်ရွက်ခြင်းနှင့် အဂတိလိုက်စားခြင်းများရှိပြီး မသိမသာ သွယ်ဝှိုက်ချမ်းသာနေခြင်းများ ကြားသိတွေ့ရှိနေရကြောင်း ဦးခင်ချိုက ပြောကြားသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံက ဂျပန် ယန်း ၃၈ ဒသမ ၆၄၂ ဘီလျံကို ချင်း၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတို်င်းတို့တွင် အကောင်အထည်ဖော်မည့် လမ်း၊ တံတား၊ လျှပ်စစ်နှင့် ရေရရှိရေးလုပ်ငန်း စီမံကိန်းအတွက် ချေးငွေရယူမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဂျပန်ယန်း ၅ ဒသမ ၄၈၃ ဘီလျံ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဂျပန်ယန်း ၈ ဒသမ ၈၆၆ ဘီလျံနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဂျပန်ယန်း ၂၄ ဒသမ ၂၉၃ ဘီလျံ ချေးယူ မည်ဖြစ်ကာ ချေးငွေသည် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဖြင့် အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

 

Most Read

Most Recent