မွန်ပြည်နယ်အစိုးရအဖွဲ့၌ လစ်လပ်လျက်ရှိသည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ်ရန် ပြည်နယ်လွှတ်တော် သဘောတူ

မွန်ပြည်နယ်အစိုးရအဖွဲ့၌ လစ်လပ်လျက်ရှိသည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ်ရန် ပြည်နယ်လွှတ်တော် သဘောတူ
Published 6 May 2019
ဘိုဘိုမြင့်

မွန်ပြည်နယ်အစိုးရအဖွဲ့၌ လစ်လပ်လျက်ရှိသည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ်ရန်  ပြည်နယ်လွှတ်တော်က သဘောတူကြောင်း  မေ ၆ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းတွင် ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက ်ပုံမှန်အစည်းအဝေး (တတိယနေ့) ၌ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ကြေညာသည်။

“တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းကိစ္စနှင့် စပ်လျဉ်းပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က  ၂-၅-၂၀၁၉ ရက်စွဲပါ စာအမှတ် (၂၀၀/၁-၁၈/အခရ (မွန်) ၀၀၂၀) ဖြင့် ပေးပို့လာသော ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ် တာဝန်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၆၂၊ ပုဒ်မခွဲ (ဂ)၊ ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ - ၅၄ နှင့်အညီ တင်ပြဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ၃-၅-၂၀၁၉ ရက်က ကြေညာခဲ့သည်။ သို့သော် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မျှ အမည်စာရင်း တင်သွင်း မထားသည့်အတွက် ပြည်နယ် လွှတ်တော်ဆိုင်ရာ  နည်းဥပဒေ - ၅၂ အရ ဦးလှထွန်းအား ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေညာလိုက်သည်” ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ဝန်ကြီးအဖြစ် ခန့်အပ်လွှာ ရရှိမှသာ လွှတ်တော်တွင် ကတိသစ္စာပြုမည့် အစီအစဉ်အား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်တင်အိက ဆက်လက် ပြောကြားသည်။

အသက် (၆၁) နှစ်အရွယ်ရှိ ဦးလှထွန်းသည် ရန်ကုန်ဇာတိဖြစ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ်မှ B.E(လျှပ်စစ်စွမ်းအား) ဘွဲ့ ရရှိထားသူ ဖြစ်ကြောင်းနှင့် နောက်ဆုံး တာဝန်ထမ်းဆောင်မှုအဖြစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဌာန၊ ဒုတိယ အင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ယခင်က မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၎င်းအား ၂၀၁၈ ခုနှစ် မေ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် (၂၈/၂၀၁၈)၊  ၁၃၈၀ ပြည့်နှစ် နယုန်လဆန်း ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ မေ ၂၉ ရက်၊ မွန်ပြည်နယ်ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်အရ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ယင်း၏ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နုတ်ထွက်ခွင့် ပြုခဲ့ကြောင်းနှင့် လစ်လပ်သွားသည့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးဝဏ္ဏကျော်အား ပူးတွဲ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။                          

 

Most Read

Most Recent