၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စပါးသီးနှံ တစ်ဧက ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများ တစ်ဧက တစ်သိန်းနှုန်းဖြင့် လာမည့် မေ ၆ ရက်တွင် စတင်ထုတ်ချေးမည်

၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စပါးသီးနှံ တစ်ဧက ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများ တစ်ဧက တစ်သိန်းနှုန်းဖြင့် လာမည့် မေ ၆ ရက်တွင် စတင်ထုတ်ချေးမည်
တောင်သူများ၏ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
တောင်သူများ၏ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 1 May 2019
နီလာ

၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို စပါးသီးနှံတစ်ဧက ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများ တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် မေ ၆ ရက်တွင် စတင်ထုတ်ချေးမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအတွက် ချေးငွေနှုန်းထားများမှာ စပါးသီးနှံကို တစ်ဧက ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲနှုန်း)၊ အခြားသီးနှံများကို တစ်ဧက ကျပ် ၁၀၀၀၀၀ (တစ်သိန်းနှုန်း)ဖြင့် ယခင်နှစ်ကကဲ့သို့ တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့် စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုအစိုးရကာလ ၂၀၁၆-၂၀၁၇ ခု နှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧက ကျပ်တစ်သိန်းမှ တစ်သိန်းခွဲသို့ လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်နှစ်သောင်းမှ ငါးသောင်းသို့လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ်ငါးသောင်းမှ တစ်သိန်းသို့လည်းကောင်း ချေးငွေနှုန်းထား သုံးကြိမ်တိုးမြှင့်ခဲ့သည်။

၂၀၁၉ ခုနှစ် မိုးချေးငွေထုတ်ချေးရေး ကာလနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလမှာ ချေးငွေထုတ်ချေးကို ၂၀၁၉ ခုနှစ် မေလမှ စက်တင်ဘာလကုန် အထိဖြစ်ပြီး ချေးငွေပြန်လည် ပေးဆပ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၅ ရက် နောက်ဆုံးထားပြီး ပေးဆပ်ရမည်ဖြစ်သည်။

တောင်သူများ အနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီ တင်ပြနိုင်ရေးအတွက် မိမိတို့ရပ်ကွက်၊ ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ် ဆောင်ရွက်ကြပါရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အသိပေး နှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်စပါးစိုက် ဧက ၁၇ ဒသမ ၉ သန်းခန့် စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တန် ၂၅ ဒသမ ၆ သန်းခန့် ထွက်ရှိကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ဆန်စပါး စိုက်ဧကနှင့် အထွက်နှုန်း ထွက်ရှိမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၉ သန်း ကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧက အနေဖြင့် ၁၇ ဒသမ ၁ သန်းကျော်ရှိကာ အထွက်နှုန်းမှာ မူ တန်၂၆ ဒသမ ၃ သန်းကျော်အထိ ရှိသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၇ သန်းကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧက အနေဖြင့် ၁၆ ဒသမ ၉ သန်းကျော်ရှိကာ အထွက်နှုန်းမှာမူ တန် ၂၆ ဒသမ ၄ သန်းကျော်အထိရှိသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၈ သန်းကျော် စိုက်ပျိုးပြီး ရိတ်သိမ်းဧက အနေဖြင့် ၁၆ ဒသမ ၇ သန်းကျော်ရှိကာ အထွက်နှုန်းမှာမူ တန် ၂၆ ဒသမ၂ သန်းကျော် ထွက်ရှိကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၆ သန်းကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧက အနေဖြင့် ၁၆ ဒသမ ၆ သန်းကျော်ရှိကာ အထွက်နှုန်းမှာ တန်၂၅  ဒသမ  ၆  သန်း ကျော်အထိ ထွက်ရှိကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ ဒသမ ၉ သန်း ကျော်စိုက်ပျိုးပြီး ရိတ်သိမ်းဧက အနေဖြင့် ၁၆ ဒသမ ၆ သန်း ကျော်ရှိကာ အထွက်နှုန်း မှာ တန် ၂၅ ဒသမ  ၆  သန်းကျော်ထွက်ရှိကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နွေစပါးရေ ပေးရာသီအတွက် သိုလှောင်ရေဧကပေ ပေါင်း ၁၂ ဒသမ ၁၁ သန်းခန့် သိုလှောင်ထားပြီး ယခင် နှစ်နွေစပါး စိုက်ဧကများထက် ပိုမိုတိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါးဧက ၁၅ ဒသမ ၂၉ သန်းကျော်၊ နွေစပါးဧက ၂ ဒသမ ၆၁ သန်းကျော် စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။                              

 

Most Read

Most Recent