တရားခံ အချုပ်သားများကို စစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ဘဲ ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်း ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်များသို့ ညွှန်ကြားထား 

တရားခံ အချုပ်သားများကို စစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ဘဲ ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်း ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်များသို့ ညွှန်ကြားထား 
Published 26 April 2019
နေမျိုးဝင်း

 တရားခံ အချုပ်သားများကို စစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ဘဲ ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်း ဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာရန် ရဲတပ်ဖွဲ့ဝင်များသို့ ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ခေတ္တအမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောကြားသည်။

နိုင်ငံတော်အစိုးရ၏ သုံးနှစ်တာ သက်တမ်းကာလ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည် ။

ပြည်တွင်း လုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှစ်ရုံး၊ နယ်မြေရဲစခန်း ၁၇ ခု၊ ရဲကင်းစခန်း ခြောက်ခုတို့ကို အသစ်တိုးချဲ့ ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ ရဲစခန်းတွေမှာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး တရားခံ အချုပ်သားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ မရှိစေရေးနဲ့ ဥပဒေနဲ့အညီသာ စစ်ဆေးမေးမြန်း ဆောင်ရွက်ရေး စတာတွေကို အလေးအနက်ထား လိုက်နာဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေကို အသိပေး ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်တွေကို လိုက်နာမှုမရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးခြင်းတွေ ဆောင်ရွက်လျက် ရှိပါတယ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်  ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေကာ မူဝါဒနဲ့ ကိုက်ညီမှုရှိပြီး ပြည်သူလူထု အကျိုးစီးပွားအား ကာကွယ်သည့် ဥပဒေဖြစ်စေရေး တို့အတွက် ပြင်ဆင်ရေးဆွဲခြင်း၊ ရုပ်သိမ်းကာ အသစ်ရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည် ။

နိုင်ငံတော် အစိုးရရဲ့ သုံးနှစ်တာ သက်တမ်းကာလ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေတွေကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ လိုက်လျောညီထွေ ရှိပြီး မူဝါဒနဲ့ ကိုက်ညီမှုရှိပြီး ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေဖြစ်စေရေး တို့အတွက် လက်ရှိ စီမံခန့်ခွဲလျက်ရှိတဲ့ ဥပဒေ ၂၂ ခုအနက် မူလအတိုင်း ထားရှိမယ့် ဥပဒေ ရှစ်ခု၊ ပြင်ဆင်ရေးဆွဲခဲ့တဲ့ ဥပဒေ တစ်ခု၊ ရုပ်သိမ်းပြီး အသစ်ရေးဆွဲခဲ့တဲ့ ဥပဒေ နှစ်ခု၊ ရုပ်သိမ်းရန် အသစ်ရေးဆွဲလျက် ရှိတဲ့ ဥပဒေ ရှစ်ခု၊ ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်လျက်ရှိတဲ့ ဥပဒေ တစ်ခု၊ အသစ်ရေးဆွဲတဲ့ ဥပဒေ နှစ်ခု စတာတွေကို ဆောင်ရွက်လျက် ရှိပါတယ်ဦးခိုင်ထွန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် သံသယရှိ တရားခံများကို ဖမ်းဆီး စစ်ဆေးရာတွင် အခန်းအတွင်း သေဆုံးမှုများ နိုင်ငံနှင့်တစ်ဝန်းတွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အချို့အမှု များ နစ်နာသူ မိသားစုဝင်များက နိုင်ငံတော် သမ္မတရုံး အပါအဝင် လူ့အခွင့်အရေးကော်မရှင်နှင့် အခြားသက်ဆိုင်ရာ ဌာနများသို့  တိုင်ကြားမှု အများအပြားလည်း ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent