WLC-8 တွင် ထိုးသတ်မည့်သွေးသစ်ဝင်းလှိုင် နေရာတွင် ရန်နိုင်ထွန်းဖြင့် ထပ်မံပြောင်းလဲ

WLC-8 တွင် ထိုးသတ်မည့်သွေးသစ်ဝင်းလှိုင် နေရာတွင် ရန်နိုင်ထွန်းဖြင့် ထပ်မံပြောင်းလဲ
Photo: WLC
Photo: WLC
Published 21 April 2019

 

မေ ၅ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ချစ်သူမြိုင်ပန်းခြံတွင် ကျင်းပမည့် WLC-8 ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ထိုးသတ်မည့် သွေးသစ်ဝင်းလှိုင်နေရာတွင် ရန်နိုင်ထွန်းကို ထပ်မံပြောင်းလဲခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ကျင်းပရန်စီစဉ်ထားသည့် စိုးလင်းသည် ဧပြီ (၁၉) ရက်က မွန်ပြည်နယ်၌ ထိုးသတ်သည့်ပွဲ တွင် ဒဏ်ရာရခဲ့သောကြောင့် ဧပြီ (၂၀) ရက် တွင် သွေးသစ်ဝင်းလှိုင်နှင့် ပြောင်းလဲခဲ့သော်လည်း ၎င်းမှာဒူးဒဏ်ရာရနေပြီး ဆရာဝန်က ကစားခွင့်မပြုသောကြောင့် ယနေ့တွင် ရန်နိုင်ထွန်းနှင့် ထပ်မံပြောင်းလဲခဲ့ရခြင်းဖြစ်သည်။

"စိုးလင်းဦးနေရာမှာ စီစဉ်ထားတဲ့ သွေးသစ်ဝင်းလှိုင်က ဒူးဒဏ်ရာရှိနေပြီး ဆရာဝန်က ထိုးသတ်ခွင့်မပြုတာကြောင့် ကစားသမားထပ်မံပြောင်းလဲခဲ့ရတာဖြစ်ပါတယ်။ အဓိကတွဲဆိုင်းအဖြစ် ရန်နိုင်ထွန်းကို အစား ထိုးထားပါတယ်။ ပြိုင်ဘက်ကတော့ ဘရုလစ်ခ် ပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေတွေကို ဦးစားပေးတာကြောင့် အပြောင်းအလဲတွေ လုပ်ခဲ့ရတာ ပါ။ WLC-8 ပြိုင်ပွဲ မပျက်ပါဘူး။ ပုံမှန်အတိုင်း ကျင်းပမှာပါ"ဟု WLC ပြိုင်ပွဲကို စီစဉ်ကျင်းပနေသည့် မြန်မာလက်ခမောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

WLC-8 ပြိုင်ပွဲကို ကရင်ပြည်နယ်မှ မြန်မာ့ရိုးရာလက်ဝှေ့ဝါသနာရှင်များအားလုံး အားပေးနိုင်ရန် လက်မှတ်နူန်းထားများ အနည်းဆုံးသတ်မှတ်ထားပြီး အမြင့်ဆုံး ကျပ် (၁၀၀၀၀) ဖြစ်ကာ ကျပ် (၅၀၀၀)၊ (၃၀၀၀) အတန်း များလည်း ပါဝင်သည်။ ယင်းနူန်းထားမှာ WLC ပြိုင်ပွဲတစ်လျှောက် အနည်းဆုံးလည်း ဖြစ်သည်။

Most Read

Most Recent