အင်္ဂလန်ကို အနိုင်ယူပြီး တတိယနေရာကို ဘယ်လ်ဂျီယံတို့ ရယူ

အင်္ဂလန်ကို အနိုင်ယူပြီး တတိယနေရာကို ဘယ်လ်ဂျီယံတို့ ရယူ
Published 15 July 2018

Photo: Reuters

၂၀၁၈ ကမ္ဘာ့ဖလား တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ အင်္ဂလန်အသင်းတို့ပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါဟာ ဘယ်လ်ဂျီယံအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့ပြီး၊ အင်္ဂလန်အသင်းအတွက်ကတော့ စတုတ္ထနေရာကို ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တတိယနေရာလုပွဲအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်ဟာ ဟာဇက်၊ ဒီဘရိုင်းနား၊ လူကာကူ၊ တိုင်လေမန်းစ်တို့နဲ့ အသင်းကိုအင်အားပြည့်ပွဲထွက်စေခဲ့ပြီး၊ အင်္ဂလန်အသင်းကတော့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲများစွာပြုလုပ်ကာ ဒိုင်ယာ၊ လော့ဖ်တပ်ချိစ်၊ ဒဲလ့်ဖ်တို့နဲ့ ပွဲထွက်စေခဲ့ပါတယ်။

ဒီပွဲဟာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲမှာ ပွဲ (၁၀၀) မြောက်ပွဲစဉ် (ကမ္ဘာ့ဖလား - ၆၉ ပွဲ၊ ယူရို - ၃၁ ပွဲ)ဖြစ်ခဲ့ပြီး အရှုံးရလဒ်နဲ့ နှုတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲစကတည်းက အင်္ဂလန်အသင်းဘက်ကို ဖိကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းဟာ အဖွင့်ဂိုး စောစောစီးစီးရရှိသွားခဲ့ပြီး ပွဲချိန် (၄)မိနစ်မှာပဲ ချက်ဒ်လီရဲ့ ပေးပို့မှုကနေ မြူနီယာက ပိတ်သွင်းယူခဲ့တာပါ။ မြူနီယာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် (၁၀)ဦးမြောက်ဂိုးသွင်းသူ ဖြစ်ခဲ့ပြီး ၁၉၈၂ ပြိုင်ပွဲမှာ ပြင်သစ်၊ ၂၀၀၆ ပြိုင်ပွဲမှာ အီတလီတို့နောက်ပိုင်း ဒီမှတ်တမ်းကို ဘယ်လ်ဂျီယံတို့ပြန်လည်ရရှိခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက် အင်္ဂလန်တို့ ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ကစားပုံအားရစရာမရှိခဲ့သလို၊ ဘယ်လ်ဂျီယံအသင်းရဲ့ ကွင်းလယ်ပိုင်းကိုလည်းမယှဉ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ အင်္ဂလန်တို့ ပိုကောင်းလာခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကို ဖိကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ ဒိုင်ယာရဲ့ ကန်သွင်းချက်ကို အယ်လ်ဒါဝီရယ်လ် ဂိုးစည်းပေါ်က ရှင်းထုတ်နိုင်ခဲ့လို့သာ ဘယ်လ်ဂျီယံတို့ ချေပဂိုး မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲချိန် (၈၂)မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ ဟာဇက်က ဒုတိယဂိုးကိုသွင်းယူသွားခဲ့ပါတယ်။ ဟာဇက်အနေနဲ့ ယခုနှစ်ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းအတွက် (၅)ဂိုးပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး (၃)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယံတို့ (၂-ဝ)ဂိုးနဲ့အနိုင်ရရှိပြီး ၁၉၈၆ ကမ္ဘာ့ဖလားမှာ စတုတ္ထရရှိပြီးနောက်ပိုင်း သမိုင်းတစ်လျှောက်အမြင့်ဆုံးအောင်ပွဲအဖြစ် တတိယနေရာကို ရရှိသွားခဲ့ပါတယ်။

 

 

Most Read

Most Recent